သုံးရလွယ်ကူစေသည့် Link များ

ဂျပန်နိုင်ငံက ပေးမယ့် မဲခေါင်မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေး အထောက်အပံ့မှာ မြန်မာနိုင်ငံ မပါဝင်


ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ မဲခေါင်မြစ်ဝှမ်း ဒေသ ၅ နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီး တွေဟာ ပထမဆုံး အကြိမ် အဖြစ် တိုကျိုမြို့မှာ ဆွေးနွေး ကြတဲ့အခါ မဲခေါင်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်တွေ အတွက် ဂျပန်ကနေ အမေရိကန် ဒေါ်လာ သန်း ၂၀ ထောက်ပံ့မယ့် ဂတိတွေ ပေးခဲ့ပါတယ်။ ဒါမေယ့်လည်း မြန်မာပြည်ကိုတော့ ပေးမယ့် အထဲမှာ မပါဝင်ဘူးလို့ ဆိုပါတယ်။ ဘာဖြစ်လို့ မြန်မာပြည်ကို ချန်ထားခဲ့ရသလဲ ဆိုတာနဲ့ ဂျပန်နဲ့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး နှစ်ယောက် ဒီကနေ့ ညနေပိုင်း တိုကျိုမြို့မှာ တွေ့အခါမှာ ဘာတွေ ပြောခဲ့ကြသလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌါနက မစ္စတာ တိုးမူဟိကို တာနာကူချီ ကို ဗွီအိုအေ က ဒေါ်လှလှသန်း မေးမြန်းထားပါတယ်။

မဲခေါင်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်းတွေနဲ့ပတ်သက်လို့ ကမ္ဘောဒီယား၊ မြန်မာ၊ လော၊ ထိုင်း နဲ့ ဗီယက်နမ် နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး မာဆာဟီကို ကိုမူးရာ တို့ မနေ့က တွေ့ဆုံ ဆွေးနွေး ခဲ့ရာမှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေဖြစ်တဲ့ လောနဲ့ ဗီယက်နမ် နိုင်ငံတို့ကို ဂျပန်က အကူအညီ အမေရိကန် ဒေါ်လာ သန်း ၂၀ ပေးမယ်လို့ ထုတ်ပြန် ကြေငြာခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဘာကြောင့် အကူအညီ ပေးမယ့်စာရင်းထဲ ကနေ ချန်ထား ခဲ့ရတာလဲလို့ နိုင်ငံခြားရေးဌါန လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် တိုးမူဟိကို တာနာကူချီ ကို မေးခဲ့ပါတယ်။

“အကြောင်းအရင်း တစိတ် တပိုင်းကတော့ ဂျပန် ဓါတ်ပုံသတင်းထောက်ရဲ့ ကြေကွဲဖွယ်ရာ တစိတ်တပိုင်း ပါဘဲ၊ သူ့ရဲ့ ဗွီဒီယို ကင်မရာကိုရော၊ အထဲမှာပါတဲ့ ပစ္စည်းတွေကိုရော ပြန်မရသေးလို့ ပါဘဲ၊ ဂျပန်အစိုးရ ကရော၊ သေဆုံးသူ မစ္စတာ နာဂါးအိ ရဲ့မိသားစု ကရော အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့ပေမယ့် ပစ္စည်းတွေကို မြန်မာ အစိုးရက ပြန်မပေးသေးပါဘူး။ အဲဒါက တချက်ဖြစ်ပါတယ်။ နောက်တချက်ကတော့ နေပြည်တော် အစိုးရဲ့ ဒီမိုကရေစီ ဖေါ်ဆောင်ဖို့ နှေးကွေးနေတယ် ဆိုတဲ့အချက်ကြောင့်ပါ။ မစ္စတာ နာဂါအိ သေဆုံး အပြီးမှာတော့ ဂျပန်အစိုးက မြန်မာနိုင်ငံကို ပေးနေတဲ့ လူသားချင်း စာနာ ထောက်ထားတဲ့ အကူတွေကိုလည်း ဆိုင်းငံ့ခဲ့တယ်” လို့ မစ္စတာ တနီကူချီက ရှင်းပြခဲ့တာပါ။

ဒါပေမယ့်လည်း ဂျပန်နိုင်ငံအနေနဲ့ အခြေခံ လူတန်းစားဆီကို တိုက်ရိုက် ရောက်စေမယ့် မိခင်နှင့် ခလေး စောင့်ရှောက်ရေး အကူအညီတွေ၊ သစ်တောပြုံးတီးမှု လျော့ပါးရေး အကူအညီတွေကို ကုလသမဂ္ဂမှ တဆင့် မြန်မာနိုင်ငံကို ပေးနေဆဲ ဖြစ်တယ်လို့လည်း လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ်က ပြောပြခဲ့ပါတယ်။ ဂျပန် နိုင်ငံခြားရေး ၀န်ကြီး မာဆာဟီကို ကူမူးရာ နဲ့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းတို့ ဒီကနေ့ ညနေ နှစ်နိုင်ငံအကြား သီးခြား တွေ့ဆုံရာမှာတော့ အဓိကထား ဆွေးနွေးခဲ့တဲ့ အချက်က -

“အဓိက ကတော့ အာဆီယံ ရောင်းရင်းနိုင်ငံတွေ လိုက်ခဲ့တဲ့ လမ်းစဉ်ကို ဘယ်လို လိုက်ရမလဲ ဆိုတာကို ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံအလိုက် သူ့နည်း သူ့ဟန်နဲ့ ဒီမိုကရေစီကို ဖေါ်ဆောင် နေကြတာကို မြန်မာ စစ်အစိုးရက သဘော ပေါက်စေဖို့ အချက်ကို နိုင်ငံခြားရေးဝန်ကြီး ကူမူးရာ က မြန်မာ နိုင်ငံခြားရေး ၀န်ကြီးကို ရှင်းရှင်း လင်းလင်း အသိပေးခဲ့ပါတယ်လို့ မစ္စတာ တာနာကူချီ က ပြောသွားတာပါ။”

မြန်မာ စစ်အစိုးရအနေနဲ့ ဒီမိုကရေစီ ဖေါ်ဆောင်ရာမှာလည်း -

“ပထမဦးဆုံးအနေနဲ့ အရေးကြီးတာက နေပြည်တော် အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးမှာ အရေးပါတဲ့ ပုဂ္ဂိုလ်အားလုံးနဲ့ စစ်မှန်တဲ့ အခြေအတင် ဆွေးနွေးမှုကို စတင်ဖို့ ပါဘဲ၊ ရှင်းရှင်း လေးပါဘဲ၊ ဒါကို ဂျပန်အစိုးရက မြန်မာ အစိုးရထံကို အလေးအနက် အသိပေးခဲ့တယ်” လို့ မစ္စတာ တာနီကူချီ က ပြောသွားတာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး နောက်ထပ် အသိပေး ပြောကြားခဲ့တာ ကတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ အီဘရာဟမ် ဂမ်ဘာရီ ရဲ့ မြန်မာနိုင်ငံကို သွားရောက်ဖို့ ခရီးစဉ် အကြောင်းဘဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ကြေငြာချက်ထဲမှာတော့ မစ္စတာ ဂမ်ဘာရီ ဟာ အိန္ဒိယနဲ့ တရုတ် နိုင်ငံတို့ကို ဒီလ သွားရောက်ပြီး နောက်ပိုင်းမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိတယ်လို့ ဆိုပေမယ့် ခုဆွေးနွေးပွဲ အတွင်းမှာတော့ မစ္စတာ ဂမ်ဘာရီရဲ့ မြန်မာနိုင်ငံ ခရီးစဉ် ရက် အတိအကျဟာ မသေချာတဲ့ အနေအထားမှာ ရှိနေပြီး နောက် ၄ လ ကြာမှ ဖြစ်နိုင်ခြေ ရှိတယ်လို့ သိရတဲ့အတွက် အံ့အား သင့်စရာလို့ ဆိုရပါလိမ့်မယ်။ မစ္စတာ တာနီကူချီက -

“နေပြည်တော် အစိုးရအနေနဲ့ မစ္စတာ အီဘရာဟင် ဂမ်ဘာရီ လာမယ့် ကိစ္စကို အချိန်ဆွဲနေတယ်၊ နောက်ပြန် ဆုတ်နေတယ် ဆိုတဲ့ အရိပ် လက္ခဏာတွေကို တွေ့နေရပါတယ်။ တကယ်တော့ မစ္စတာ ဂမ်ဘာရီ ဟာ နိုင်ငံတကာရဲ့ ထောက်ခံမှုကို ရရှိထားသူဖြစ်လို့ ဒါကို နေပြည်တော် အစိုးရကလည်း လက်ခံရမှာပါ။ ဒီအချက်ကို နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကူမူရာ က ဦးဥာဏ်ဝင်း ကို ပြင်းပြင်း ထန်ထန် အသိပေးခဲ့တယ်” လို့ မစ္စတာ တာနီကူချီ က ပြောသွားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မစ္စတာ ကူမူရာ က ဦးဥာဏ်ဝင်း ကို ထပ်တလဲလဲ အသိပေးခဲ့တာနဲ့ ပတ်သက်လို့-

“ပထမဆုံးကတော့ နေပြည်တော် အစိုးရအနေနဲ့ မစ္စတာ အီဘရာဟင် ဂမ်ဘာရီ ကို အမြန်ဆုံး လာခွင့်ပြုရပါမယ်။ ဧပြီလကျမှ လာခွင့်ပြုမယ်လို့လည်း သိရပါတယ်၊ ဒါကြောင့်လည်း မစ္စတာ ဂမ်ဘာရီ ကို မြန်မာနိုင်ငံကို အစောဆုံးသွားရောက်ခွင့်ပြုရမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကူမူရာ က ဦးဥာဏ်ဝင်း ကို အလေးအနက် ပြောခဲ့ပါတယ်။ မစ္စတာ ဂမ်ဘာရီ အနေနဲ့ အရင်တခေါက်တုံးက ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ ခဲ့သလို ဒီတကြိမ်လည်း တွေ့ဆုံဖို့ ကြိုးစားမှာ ဖြစ်တယ်” လို့ မစ္စတာ တာနီကူချီ က ပြောသွားတာ ဖြစ်ပါတယ်။

ဝန်ကြီးနှစ်ဦးတို့ တွေ့ဆုံပွဲမှာ ဂျပန် သတင်းထောက် ကန်းဂျိ နာဂါးအိ စက်တင်ဘာလ အတွင်းက ရန်ကုန်မြို့ ဆန္ဒပြမှုအတွင်း သတင်းယူရင်း အသတ်ခံရမှုကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာ စစ်အစိုးရထံက တရားဝင် ဖြေရှင်းချက် မရရှိသေးဘူးလို့လည်း မစ္စတာ တာနိကူချီ က ပြောသွားပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း ဂျပန်နိုင်ငံတိုကျိုမြို့က ဆွေးနွေးပွဲတွေနဲ့ အတူ ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေရဲ့ ဆန္ဒပြပွဲတွေနဲ့လည်း ဦးဥာဏ်ဝင်း ဟာ ကြုံဆုံ နေရတာပါ၊ ဒီကနေ့လည်းပဲ ဆန္ဒပြတဲ့သူ တစ်ရာ ပတ်ဝန်းကျင် လောက်ဟာ မနက်ပိုင်းမှာ တကြိမ်၊ ညနေပိုင်းမှာ တကြိမ် ဦးဥာဏ်ဝင်း သွားတဲ့ နေရာတွေ၊ ဆွေးနွေးပွဲ လုပ်တဲ့နေရာတွေ တိုကျိုမြို့အနှံ့မှာ ဆန္ဒတွေ ပြခဲ့ကြပါတယ်။

XS
SM
MD
LG