သုံးရလွယ်ကူစေသည့် Link များ

တောင်တွင်းကြီးမြို့က NLD အဖွဲ့ဝင် ၂ ဦး ပြန်လွှတ်


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို ရေးသားထားတဲ့ စာတွေကို လှုံ့ဆော် ဖြန့်ဝေတယ် ဆိုတဲ့ စွတ်စွဲချက်နဲ့ ပြီးခဲ့တဲ့ တင်္နလာနေ့တုံးက ဖမ်းဆီးခံခဲ့ရတဲ့ တောင်တွင်းကြီးမြို့က စည်းရုံးရေး ကော်မတီဝင် နှစ်ဦး ပြန်လွတ်လာပါပြီ။ အခုလိုမျိုး သူတို့ကို အာဏာပိုင်တွေက ဘာလို့ မြန်မြန် ပြန်လွှတ် ပေးလိုက်တာလဲ၊ အဖမ်း ခံထားရတုံးက သူတို့တွေ ဘာတွေ ကြုံတွေ့ခဲ့ရသလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ ထိုင်းနိုင်ငံက ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ က တင်ပြ ပေးထားပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရေးသားထားတဲ့ လှုံ့ဆော်စာတွေကို ဖြန့်ချိတယ် ဆိုတဲ့ စွတ်စွဲချက်နဲ့ မြန်မာ အာဏာပိုင်တွေက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မကွေးတိုင်း၊ တောင်တွင်းကြီး က စည်းကော်မတီဝင် နှစ်ဦးကို ဇန်န၀ါရီလ ၁၄ ရက်နေ့က ဖမ်းဆီးပြီး မန္တလေးတိုင်း၊ အမရပူရမှာရှိတဲ့ ဆယဖရုံးမှာ ခေါ်ယူ စစ်ဆေးရာကနေ ဇန်န၀ါရီလ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့မှာ ပြန်လည် လွှတ်ပေးခဲ့ပါတယ်။ ဖမ်းဆီးစဉ်က နောက်ပြန် လက်ထိပ်ခတ်ပြီး၊ အ၀တ်နဲ့ စည်းပြီး ခေါ်ဆောင်သွား ခဲ့တာကြောင့် မိသားစုဝင်တွေကြားမှာ အထိပ်တလန့် ဖြစ်ခဲ့ရပါတယ်။ ၁၄ ရက်နေ့ကနေ ဖမ်းဆီး ပြီးတဲ့နောက် ၁၆ ရက်နေ့ အထိ စစ်ဆေးခဲ့ပုံ ကိုတော့ စည်းကော်မတီဝင် တဦးဖြစ်တဲ့ ဦးစိုးက အခုလို ပြောပြပါတယ် -

“ခင်ဗျား ဒီအတိုင်း ခေါင်းမာနေမယ်ဆိုရင် တဆင့်ပြီး တဆင့် ကျနော်တို့က စစ်သွားမယ်၊ ဆိုတဲ့စကားမျိုး၊ ခင်ဗျား အခုလို ငြင်းနေတဲ့အတွက် ခင်ဗျားအိမ်က မိဘတွေကိုပါ ဖမ်းပြီးတော့ ခင်ဗျားကို စစ်သလိုပဲ အစစ် ခံရမယ်မယ်၊ အဲဒီအတွက်ကြောင့် အခုလို ဆင်းရဲ ဒုက္ခမျိုး ခံရတာကို ခင်ဗျား ခံနိုင်ရည်ရှိသလား၊ နောက်ဆုံးတော့ ကျနော့် မိဘတွေကိုလည်း ဟိုမှာဖမ်းပြီးတော့ စစ်နေပြီဆိုတဲ့ သဘောမျိုးတွေ၊ ခင်ဗျား ဒီလိုသာ ငြင်းနေမယ်ဆိုရင်တော့ ခင်ဗျား အသက် အရွယ်ကိုလည်း ကျနော်တို့ မငဲ့တော့ဘူး၊ ခင်ဗျားကို အခု ကျနော်တို့ အသက်အရွယ်နဲ့ ညှာညှာ တာတာ ငဲ့ပြီး စစ်နေတာကိုမှ ခင်ဗျားက ဒီလို ဖြစ်နေတယ်ဆိုရင်တော့ ခင်ဗျား မျက်ခွက်နဲ့ လက်သီးနဲ့ နီးလာပြီတို့၊ ကျနော့်ကို တကယ် ဆိုးဝါးတဲ့ နည်းစနစ်တွေ သူတို့သုံးဖို့ ရှိတယ်ဆိုတဲ့ အကြောင်းပေါ့လေ၊ တလျှောက်လုံးပေါ့ဗျာ၊ အမျိုးမျိုး ဖိအားပေး ငြိမ်းခြောက်မှုတွေတော့ လုပ်ခဲ့တယ်။”

စစ်ဆေးမေးမြန်းနေစဉ် ကာလအတွင်းမှာ ည မအိပ်ရတဲ့ အကြောင်း၊ ရေမသောက်ရတဲ့ အကြောင်းကိုလည်း အခုလို ပြောပြပါတယ် -

“ရေဗူးယူလာပြီးတော့ ကျနော့်ကို သောက်ချင်သလားပေါ့၊ ခင်ဗျား မသောက်နဲ့ဦး၊ ကျနော်တို့ စစ်မေးတာ ဖြေရင် ခင်ဗျားကို ရေလည်း တိုက်မယ်၊ ထမင်းလည်း ကျွှေးမယ်၊ ခင်ဗျား အိပ်ခွင့်လည်းရမယ်၊ အဲဒီတော့ ဒီဟာ မလုပ်ရင်တော့ ခင်ဗျား အိပ်ခွင့် မပေးဘူးလို့ သူတို့ တောက်လျှောက် စစ်ခဲ့တာခင်ဗျ။”

စွတ်စွဲခံရတဲ့ လှုံ့ဆော်စာဟာ မကွေးတိုင်း၊ ချောက်မြို့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် တဦး ပေးပို့ခဲ့တာ ဆိုပြီး ၀န်ခံဖို့ကိုပဲ အကျပ်ကိုင် စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။ ဒီစာရဲ့အခြေအနေကို ဘာမှ မသိရတဲ့ တောင်တွင်းကြီးမြို့က ဦးပါလေးနဲ့ ဦးစိုးတို့ နှစ်ဦးဟာ ၀န်ခံမှု မရှိတာကြောင့် အဆုံးမှာ လှုံ့ဆော်စာရဲ့ အရေးကြီးပုံကိုလည်း အာဏာပိုင်တွေ ဘက်က ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

“လှုံ့ဆော်စာဆိုတဲ့ ကိစ္စမှာလည်းလေ ဒီလှုံ့ဆော်စာ ခင်ဗျား ဘာသိလဲတဲ့၊ ကျနော် ဘာမှမသိတဲ့ အကြောင်း၊ ခင်ဗျားကလည်း အဲဒီ လှုံ့ဆော်စာမှာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ဓါတုဆေးဝါး အဆိပ်မိထားတယ် ဆိုပြီးတော့ ပြည်သူကိုပေါ့လေ မမှန်သတင်းတွေ လှုံ့ဆော်ထားတဲ့ စာတွေဆိုပြီးတော့ သူတို့ပြောတယ်ဗျ၊ အဲဒီ ဥစ္စာကလည်းလေ ကျနော်တို့ သူတို့ ပြောပြမှ ဒီစာတွေ၊ စာပါ အကြောင်းအရာတွေ ကျနော်တို့ သိရတာလေ၊ သူတို့ စွတ်စွဲသလို ကျနော်တို့ လက်ဝယ်ရရှိ၊ လှုံ့ဆော် ဖြန့်ဝေခဲ့တာ ကျနော်တို့က မရှိခဲ့တာကိုး။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေကို အခုလို ဖမ်းဆီး စစ်ဆေးမှုဟာ ဥပဒေမဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း က အခုလို ပြောပါတယ် -

“ဒါကတော့ မတရားလုပ်တာဘဲ၊ လုံးဝ တရားမျှတမှု မရှိဘူး၊ ဒီဥစ္စာတွေဟာ၊ လုပ်တဲ့လူတွေဟာ သူတို့ကိုယ်တိုင် ဥပဒေ ချိုးဖေါက်နေတာလို့ပဲ ကျနော်မြင်တယ်၊ ရာဇ၀တ်မှုတောင်မှ အဲလို လုပ်ခွင့်မရှိဘူးလေ၊ အဲဒီတော့ အန်ကယ်လ် ပြောချင်တာက အဲဒီမတရားမှုကို လုပ်တဲ့ လူတွေကိုယ်တိုင် ဥပဒေ ကျူးလွန်နေတာ၊ အဲဒါကမှ တကယ် မင်းမဲ့စရိုက်လို့ ပြောချင်တယ်။”

ဦးပါလေးနဲ့ ဦးစိုးတို့ကို စစ်ဆေး မေးမြန်းစဉ် အတောအတွင်းမှာ မကြာသေးခင်ကမှ တောင်တွင်းကြီးမြို့ကို အလည်လာခဲ့တဲ့ အမေရိကန် သံဝန်ထမ်းတဦးရဲ့ အကြောင်းတွေကိုလည်း စစ်ဆေးမေးမြန်းခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဘက်ကနေ ဘာတွေ တောင်းဆိုခဲ့သလဲ၊ သံဝန်ထမ်းဘက်က ဘာတွေ လုပ်ပေးခဲ့သလဲ စသဖြင့် စစ်ဆေး မေးမြန်းမှုတွေ လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

XS
SM
MD
LG