သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဝန်ကြီးချုပ်ရဲ့ တရုပ်ပြည်နဲ့ အိန္ဒိယခရီးစဉ်၊ မြန်မာပြည်အရေး ထည့်သွင်းဆွေးနွေးမည်


ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် (Gordon Brown) ဂေါ်ဒင် ဘရောင်းဟာ အခု တရုပ်ပြည်ကို ရောက်ရှိနေပြီး တရုတ်ပြည်က စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ဗြိတိန်နဲ့ ကုန်သွယ်စီးပွားလုပ်ဖို့ စည်းရုံးနေပါတယ်။

ဘေဂျင်းမြိုကနေ Daniel Schearf သတင်း ပေးပို့ထားတာတွေနဲ့ မစ္စတာ ဘရောင်းရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်နဲ့ပတ်သက်လို့ အိန္ဒိယနိုင်ငံထုတ် သတင်းစာတွေက ရေးသားချက်တွေကို စုစည်းပြီး ဦးကျော်ဇောညွန့် က တင်ပြထားပါတယ်။

ဗြိတိလျှဝန်ကြီးချုပ် ဂေါ်ဒင် ဘရောင်းဟာ သူ့ရဲ့ တရုတ်ပြည် ပထမဆုံး ခရီးစဉ်မှာ ကမ္ဘာ့စီးပွားရေး အမြန်ဆုံး နှုန်းထားနဲ့ တက်နေတဲ့ တရုတ်ပြည်က ရင်းနှီးမြှုပ်နှံသူတွေကို ဗြိတိန်နိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်း ပြောဆိုလိုက်ပါတယ်။ မစ္စတာ ဘရောင်းဟာ တရုတ် ဝန်ကြီးချုပ် ဝမ်ကျားဘောင် (Wen Jiabao) နဲ့ တရုတ် သမ္မတ ဟူဂျင်းတောင် (Hu Jintao) တို့ကို သောကြာနေ့က တွေ့ဆုံခဲ့ပါတယ်။ တရုတ်ပြည်ရဲ့ တိုးတက်မှုကို အန္တရာယ် ပြုမယ်လို့ သူ့အနေနဲ့ မမြင်တဲ့အကြောင်း အခွင့်အလမ်း တစ်ခုအနေနဲ့သာ တွေ့မြင်လိုတဲ့အကြောင်း ပြောဆိုသွားပါတယ်။

တရုတ်ပြည်က စီးပွားရေးလုပ်ငန်းတွေကို ကမ္ဘာမှာ ရင်းနှီးမြှုပ်နှံဖို့ ပြုလုပ်နေတဲ့အချိန်မှာ ဗြိတိန်နိုင်ငံကို ရွေးချယ်မယ့်နေရာတွေထဲက ပထမဆုံးနေရာ အဖြစ် သတ်မှတ်စေချင်ပါတယ်။ နောက်ပြီး နှစ်ဖက် စီးပွားရေး လုပ်ဖော်ကိုင်ဘက် အဆင့်သစ်တစ်ခု ဖြစ်လာတဲ့အခါမှာလည်း တရုတ်ကုမ္ပဏီတွေက ဗြိတိန်မှာ ရင်းနှီးမြှုပ်နှံမှု အဆင့်ကိုမြှင့်တင်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပမာဏလည်း ကြီးထွားလာစေလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ် ဆိုပြီး မစ္စတာ ဘရောင်းက ပြောသွားတာပါ။

ဒါ့အပြင် ဗြိတိန်နဲ့ တရုတ်နိုင်ငံတို့ဟာ အမေရိကန်ဒေါ်လာ သန်း ၈၀၀ တန်ဖိုး ရှိတဲ့ အကျိုးတူ သဘောတူစာချုပ်တွေကို လက်မှတ်ရေးထိုးကြပါတယ်။ ယမန်နှစ်က နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ပမာဏ အမေရိကန်ဒေါ်လာ ဘီလျံ ၄၀ ရှိခဲ့ရာက ၂၀၁၀ ခုနှစ်ကြရင် ဘီလျံ ဒေါ်လာ ၆၀ အထိ တက်လာအောင် လုပ်ဆောင်မယ်လို့ နှစ်ဖက် သဘောတူညီခဲ့ကြပါတယ်။ နောက်ပြီး ပီကင်းမြို့မှာ လန်ဒန် စတော့ခ် အလဲအလှယ် ဈေးကွက်ကြီးရဲ့ ရုံးခွဲတစ်ခု ဖွင့်လှစ်ရေးကိုလည်း ဝန်ကြီးချုပ် ဘရောင်းက ကမကထလုပ် ဆောင်ရွက်ပေးခဲ့ပါတယ်။ သက္ကရာဇ် ၂၀၁၀ ခုနှစ်ကြရင် ပီကင်းမှာရှိတဲ့ လန်ဒန်စတော့ခ် ဈေးကွက်မှာ မှတ်ပုံတင်ထားတဲ့ တရုတ်ကုမ္ပဏီတွေ နှစ်ဆ တိုးလာမှာ ဖြစ်ပြီး တရုတ်ကုမ္ပဏီသစ် တစ်ရာကျော်ဟာလည်း ဗြိတိန်မှာ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်လို့ ဝန်ကြီးချုပ် ဘရောင်းက ပြောပါတယ်။

တရုတ်ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးဆိုင်ရာ လွတ်လပ်ခွင့်တွေကို တိုးတက်အောင် ဆောင်ရွက်ပါမယ်လို့ ပေးထားတဲ့ ကတိကို သူတို့ လိုက်နာဖို့ မစ္စတာ ဘရောင်းက တရုတ်ခေါင်းဆောင်တွေကို ဖိအားပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ သတင်းလွတ်လပ်ခွင့် အဖွဲ့တွေက မစ္စတာ ဘရောင်းကို အစောပိုင်းကတည်းက တိုက်တွန်းခဲ့ပါတယ်။ နှစ်နိုင်ငံအကြား ဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာ ကုန်သွယ်ရေးဟာ ထိပ်ဆုံးက ဖြစ်နေတယ်ဆိုတာဟာ ထင်ရှားပေမယ့်လည်း မစ္စတာ ဘရောင်းနဲ့ မစ္စတာ ဝမ်ကျားဘောင်တို့ဟာ တရုတ်ပြည်အတွင်းက လူ့အခွင့်အရေးကိစ္စ၊ ဆူဒန်နိုင်ငံ ဒါဖိုးဒေသအရေး ပြဿနာနဲ့ မြန်မာနိုင်ငံအရေးတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး မြန်မာစစ်အစိုးရရဲ့ ဒီမိုကရေစီရေး ဆောင်ရွက်ချက်တွေဟာ သိသာထင်ရှားမှု မရှိဘူးဆိုပြီး အိန္ဒိယမှာရှိတဲ့ ဗြိတိသျှ မဟာမင်းကြီး ဆာရစ်ချတ် စတက်ဂ် (Sir Richard Stagg) က သောကြာနေ့က အခိုင်အမာ ပြောဆိုပြီး ဝန်ကြီးချုပ် ဘရောင်း အိန္ဒိယကို မကြာခင် ရောက်တဲ့အခါမှာလည်း ဒီကိစ္စကို ဆွေးနွေးလိမ့်မယ်လို့ ရည်ညွန်း ပြောဆိုပါတယ်။ ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ ဆုပေး ဒဏ်ပေးမူ ဝါဒမျိုး ချမှတ်ဖို့ သူ့အနေနဲ့ လိုလားတဲ့အကြောင်းလည်း ပြောဆိုပါတယ်။

တနင်္ဂနွေနေ့မှာ စတင်မယ့် ဗြိတိသျှ ဝန်ကြီးချုပ် ဘရောင်းရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံအရေးကို အိန္ဒိယ ဝန်ကြီးချုပ် မတ်မိုဟန်ဆင်း (Manmohan Singh) နဲ့ တွေ့ဆုံချိန်မှာ ဆွေးနွေးမှာဖြစ်ပါတယ်။ မြန်မာစစ်အစိုးရရဲ့ ဒီမိုကရေစီရေး ရှေ့ဖက်လှမ်းဖို့ နှေးကွေးနေတာနဲ့ ပတ်သက်လို့လည်း ဗြိတိန်နိုင်ငံအနေနဲ့ စိုးရိမ်မကင်းဖြစ်မိတဲ့အကြောင်း ဆွေးနွေးမှာ ဖြစ်တယ်လို့ မဟာမင်းကြီး ဆာရစ်ချတ် စတက်ဂ် က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ တည်ငြိမ်မှုမရှိဘူးလို့ သူတို့ ယုံကြည်ထားတဲ့အကြောင်း၊ ဒါပေမယ့်လည်း ဒီလိုအနေအထားဟာ အချိန် အကန့်အသတ် မရှိတော့ ဖြစ်နေမှာမဟုတ်တဲ့အကြောင်း၊ မြန်မာစစ်အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေကို လေးလေးနက်နက် ဆောင်ရွက်ဖို့ လိုအပ်နေပြီဖြစ်တဲ့အကြောင်း မဟာမင်းကြီး ဆာရစ်ချတ် စတက်ဂ်က ထောက်ပြ ပြောဆိုတာကို သီဟင်ဒူစတန် (The Hindustan Times) တိုင်းမ်စ် သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG