သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း PPP ပါတီမှ ၆ ပါတီ ညွန့်ပေါင်းအစိုးရ ဖွဲ့မည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာ


ထိုင်းနိုင်ငံ၊ ကန်ချနဘူရီက ဆည်တစ်ခုထဲမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေလို့ ယူဆရတဲ့ အလောင်း ၇ လောင်းတွေ့ရတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီအကြောင်းကို ထိုင်းနိုင်ငံ အခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ဒေါ်အေးအေးမာက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ထိုင်းနိုင်ငံ အနောက်ပိုင်း၊ ကန်ချနပူရီ ခရိုင်ထဲက ထိုင်းဘုရင်အမေရဲ့ နာမည်နဲ့တည်ထားတဲ့ ဆီနတ်ကလင်း ဆည်ကြီးထဲမှာ တရားမဝင် ခိုးဝင်လာသူတွေလို့ ယူဆရတဲ့ အလောင်း ၇ လောင်းကို တွေ့ရှိခဲ့ရကြောင်း ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။ ဆီနတ်ကလင်းဆည်ဟာ ကွေးမြစ်ပေါ်မှာ တည်ထားတာဖြစ်ပြီး နေ့စဉ် မြန်မာနိုင်ငံကနေ ခိုးဝင်လာတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေဟာ လှေငယ်လေးတွေနဲ့ ထိုင်းနိုင်ငံထဲကို နေ့စဉ် ဝင်ရောက်လျက် ရှိနေပါတယ်။ တွေ့ရှိရတဲ့ အလောင်းတွေဟာ နယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူကနေ တဆင့်လာတာလို့ ယူဆရပြီး သူတို့ လာလေ့ရှိတဲ့ လမ်းကြောင်းကိုတော့ နယ်မြေခံတစ်ဦးက အခုလို ပြောပြပါတယ်။

“ဘုရားသုံးဆူကနေ ကုန်းကြောင်း သွားရတယ်၊ အဲဒီနေရာကို လမ်းလျှောက် သွားလည်းရတယ်၊ ဖြတ်ပြီး လမ်းလျှောက်မယ်ဆိုရင် နှစ်ရက်လောက်ဆို ရောက်ပြီ၊ တောကနေ ဖြတ်သွားရင်ပေါ့လေ၊ အဲဒါဆို ရောက်ပြီ။ အဲဒီကို ရောက်ပြီဆိုရင် ကွေးမြစ်၊ ကျနော်တို့ ဒန်းဘက်ကျတော့ သူက မြစ်အဆင့် မဟုတ်တော့ဘူး။ သူက ပင်လယ်လို ဖြစ်သွားပြီ။ အကျယ်ကြီး ဖြစ်သွားပြီ။ အဲဒီကျတော့ ဇက်နဲ့ ကူးမလား၊ လှေနဲ့ ကူးမလားပေါ့၊ ထိုင်းတွေ အားလုံးကတော့ ဇက်နဲ့ပဲ ကူးကြတယ်။ စိတ်ချရတယ်လေ၊ ဇက်က မမှောက်ဘူး၊ အခုက သူတို့က လှေကလေးနဲ့ ကူးတော့ အဲဒီလိုဖြစ်တာနေမှာပါ။ အလောင်းက ယောက်က်ျားလေးက ၂ လောင်း၊ မိန်းမ ၃ လောင်းနဲ့ ခလေး ၂ လောင်း၊ အားလုံး ၇ လောင်း။ လာတဲ့လူက အများကြီး၊ တပြည်လုံးနီးပါးလောက်က ဒီ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နယ်က လူတွေအကုန်လုံးက ဒီဘက်ကို လာတာကိုး၊ ဒီပြင်လမ်းကလည်း သွားနေကြတယ်၊ အဲဒီဘက်က ဂိတ်သိပ်မရှိဘူး၊ ဒါပေမယ့် အဲဒီချောင်းကို ဖြတ်နိုင်ပြီဆိုရင် ကန်ဘူရီမြို့ထိက ဂိတ် မရှိတော့ဘူး။ အဲဒီကနေ ကန်ချနဘူရီကို လာလို့ရတယ်။ အဲဒီဘက်မှာ ဂိတ်မရှိဘူး၊ ကျနော်တို့ ဝင်းကနေ သွားမယ်ဆိုရင်တော့ လမ်းမှာ ဂိတ်များတယ်။”

ထိုင်းနိုင်ငံဘက်ခြမ်းကို လာကြတဲ့ မြန်မာနိုင်ငံသားတွေဟာ ဇက်နဲ့ ဖြတ်ရမယ်ဆိုရင် ၁ နာရီခန့် ကြာပြီး စစ်ဆေးရေး ဂိတ်တွေ မဖြတ်ရတဲ့ နေရာအထိ လှေမောင်းမယ်ဆိုရင်တော့ ၂ နာရီခန့် ကြာတတ်တယ်လို့ ဆိုပါတယ်။ ပင်လယ်ပြင်ကြီးလို ဖြစ်နေတဲ့ ကွေးမြစ်ထဲမှာဆိုရင် လေကြမ်းတဲ့အခါ လှေငယ်တွေနဲ့ မထိမ်းနိုင်တဲ့ အနေအထားတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ အခု ဝင်ရောက် လာသူတွေဟာလည်း မြန်မာနိုင်ငံဘက်ကနေ ခိုးဝင်လာသူတွေလို့ ယူဆရပြီး ထိုင်းတွေကတော့ အဲဒီလမ်းကနေ ဖြတ်သွားလေ့ မရှိဘူးဆိုပြီး ဒေသခံတွေက ပြောပါတယ်။ ကန်ချနဘူရီ ခရိုင်က ရဲဗိုလ်ချုပ်ကြီး မစ္စတာရီဝန် ကလည်း ဘန်ကောက်ပို့စ်သတင်းစာမှာ တရားမဝင် ဝင်ရောက် လာသူတွေ ဆိုပြီးတော့ ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG