သုံးရလွယ်ကူစေသည့် Link များ

မီးပုံမှန်မလာပေမယ့် မီးခွန်အပြင် လှိုင်သာယာမြို့နယ် အာဏာပိုင်တို့က မြို့နေလူထုထံမှ မီးကြိုးသစ် တပ်ဆင်ကြေးများ အတင်းအကြပ် ကောက်ခံ


ရန်ကုန် မြို့နယ်အတော်များများမှာ လျှပ်စစ်မီးပုံမှန် မလာပေမယ့် လျှပ်စစ်မီတာခတွေ လျှပ်စစ်မီတာ ထိန်းသိမ်းရေး စရိတ်တွေနဲ့ အခြားကုန်ကျစရိတ်တွေကို ဒေသခံတွေက စိုက်ထုတ်ပေးနေရတယ်လို့ သိရပါတယ်။ အခုဆိုရင် ရန်ကုန် ဆင်ခြေဖုံး လှိုင်သာယာ မြို့နယ်အတွင်းမှာ ခေတ်မှီအဆင့်မြင့် လျှပ်စစ်ကြိုးတွေ တပ်ဆင်ဖို့ဆိုပြီး မြို့နယ်ငြိမ်ဝပ်ပိပြားမှုရုံးအမိန့်နဲ့ တအိမ်တတ်ဆင်း ငွေကြေး ကောက်ခံမှုတွေ ရှိနေတာကြောင့် ရပ်ကွက်လူထုအနေနဲ့ မကျေမနပ်ဖြစ်နေတယ်လို့ သိရပါတယ်။

အခု နောက်ဆုံး ဗိုလ်ချုပ်မှုးကြီး သန်းရွှေကို တိုင်တန်းဖို့ လက်မှတ်ကောက်ခံစုဆောင်းနေတယ်လို့ သိရပါတယ်။ လက်ရှိ လက်မှတ် စုထားတဲ့ အိမ်ထောင် ၃၀လောက်က စပြီး မနက်ဖြန် တနင်္လာနေ့ဆိုရင် ဒီတိုင်စာတွေကို ပေးပို့မယ်လို့ ဆိုပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ အမည်မဖော်လိုတဲ့ လှိုင်သာယာနယ်ခံတဦးကို ကျနော် ဆက်သွယ်မေးမြန်းကြည့်ပါတယ်။

“ကျွန်တော်တို့ ရပ်ကွက်ကို နိုင်ငံတော်ရဲ့ စီမံချက်ဆိုပြီး မီတာခတွေ ကောက်ခံတယ်။ တအိမ်ကို ငါးသောင်းပေါ့။ ထရန်စဖော်မာကို ၀ယ်ရတယ်။ ဓာတ်တိုင်တွေ ၀ယ်ရတယ်။ အဲဒါကို မီတာ အသစ်တပ်တဲ့ သူတွေကနေပေးရတာပေါ့။ အားလုံးပေါင်း သုံးသိန်းကျော်လောက်ကျတာပေါ့။ နောက်ပြီး မီတာတွေ ထိန်းသိမ်းခဆိုပြီးတော့ တလ(၅၀)ကနေ အခု (၅၀၀) ပြန်ကောက်တယ်။ မီတာ ယူနစ်ကလည်း ဟိုတုန်းက တယူနစ်မှ (၅)ကျပ်ပဲရှိတယ်။ အခု တယူနစ်ကို (၂၅)ဆိုပြီး စကောက် တယ်။ အခုတခါ မီးကြိုးတွေကို အဆင့်မြင့် မီးကြိုးတွေ တပ်ဖို့ဆိုပြီး တအိမ်ကို (၁၀၀၀)နှုန်းနဲ့ မယက အမိန့်ဆိုပြီး ကျွန်တော်တို့ကို လိုက်ကောက်ပြန်ရော။ ကျွန်တော်တို့က တရားဝင် စာရွက်ပြပါဆိုတော့ သူတို့က မပြကြဘူး။ ဘယ်သူက ညွှန်ကြားသလဲ ဒီအမိန့်ကို။ ကျွန်တော်တို့က အခု မီတာခတွေ ဆောင်ရတယ်။ ထိန်းသိမ်းခတွေ ပေးရတယ်။ မီးကြိုးဆိုတာ နိုင်ငံတော်ကနေပြီး လုပ်ပေးရမယ့် ဟာတွေကို မလုပ်ပေးဘူး။ လူထုကိုပဲ နှိပ်စက်ပြီးတော့ အတင်း အဓမ္မကောက်ခံနေကြတာ။ ကိုယ်ထူ ကိုယ်ထ ဆိုတာက ကျွန်တော်တို့ လမ်းတို့ မိသားစုလမ်းတို့ကို လုပ်တယ်ဆိုတာက ကြားကောင်းသေး တယ်။ နိုင်ငံတော်က တရားဝင် ကျွန်တော်တို့ကို မီတာခတွေလည်း ကောက်ခံထားတယ်။ မီတာ ထိန်းသိမ်းခတွေလည်း ကောက်ခံထားပြီးတော့မှ လူထုကို ထပ်ပြီး စိတ်ဆင်းရဲ သောက ရောက်အောင်။ အခု ရန်ကုန်မြို့မှာ ကုန်ဈေးနှုန်းက တအားတက်၊ ခရီးသွား စာရိတ်တွေက တက်နေ တယ်။”

တခြားမြို့တွေမှာရော အလားတူ မီတာကြိုးဖိုးအတွက် သီးခြား ကောက်ခံတာမျိုးတွေ ရှိလားခင်ဗျ။

“အခုလောလောဆယ်တော့ လှိုင်သာယာမြို့နယ် တမြို့နယ်လုံး ကောက်ခံတယ်လို့ ကြားနေရတယ်။ အခုလောလောဆယ် ၁၄ရပ်ကွက် ဥက္ကဋ္ဌရယ်၊ ၁၃ရပ်ကွက်က ဥက္ကဋ္ဌတွေကတော့ ကောက်နေကြပြီလေ။”

မီးကရော ပုံမှန်လာရဲ့လား ခင်ဗျ။

“မီးက ပုံမှန်မလာဘူးခင်ဗျ။ မနေ့က တညလုံး မီးမှောင်နေတာ အခု မနက် (၅)နာရီမှပဲလာတယ်။ အခု နေ့ခင်း (၁၂)နာရီကျတော့ ထက်ပျက်သွားပြန်ရော တခါ။ အဲဒါ ညနေကျမှ တခါထက်လာမှာ။ အဲလို လှည့်ပေးနေတာ။းပြည်သူလူထုကလည်း ဒေါသတွေ တော်တော်ဖြစ်နေတာ။ မပေးပြန်ရင် လည်း နည်းမျိုးစုံနဲ့ တရားဝတ္တရား နှောက်ယှက်မှုနဲ့ အာဏာဖီဆန်မှုနဲ့ ပုဒ်မတွေ တပ်တပ်ပြီး ချိန်းခြောက်နေတာ။ အဲဒါကြောင့် မယကကနေ လုပ်တဲ့ဟာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကို မနက်ဖြန်ကျရင် စာတင်မှာကိုး။ ဒီကိစ္စတွေကို တိုင်တန်းမှာ။”

တိုင်ကျမယ်ဆိုတာ ရပ်ကွက်က လူတွေ စုပြီးတိုင်မှာပေါ့။

“ဟုတ်ကဲ့။ ၁၄ရပ်ကွက်မှာဆို မိသားစုတွေ အတော်များများ အခုဆိုရင် လက်မှတ်တွေ လိုက်ထိုးခိုင်းထားတာ အိမ်ချေ သုံးဆယ် ကျော်လောက်ရပြီပေါ့။ လက်မှတ်ထိုးပြီး အဲဒီကိစ္စကို တိုင်မှာပေါ့။ အခုဟာက အောက်ချေအုပ်ချုပ်ရေးပိုင်းက အစ စစ်တပ်ဆန်ဆန် အုပ်ချုပ်နေတယ်။ ပြည်သူတွေကို အမိန့် အာဏာပေးပြီး အတင်း အုပ်ချုပ်နေတယ်။”

အိမ်ထောင်သုံးဆယ်လောက်က မကျေနပ်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တိုင်းတန်းမယ်ဆိုတော့ ထူးလာမယ်လို့ ထင်လို့လားခင်ဗျ။

“ဟုတ်ကဲ့။ ကျွန်တော်တို့ ပြည်သူတွေ သိတာက အထက်ကနေ အအောက်ချေကလုပ်နေတာတွေကို မသိဘူးလို့ ထင်တာပေါ့။”

လှို်င်သာယာနယ်ခံတဦးပြောသွားတာပါ။ မြို့နေလူထုကတော့ ဒီဖြစ်ရပ်တွေဟာ အောက်ခြေမှာပဲ ဖြစ်နေပြီး အထက်က မသိတဲ့ လုပ်ရပ်တွေလို့ ယူဆကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ လှိုင်သာယာ မြို့နယ် လျှပ်စစ်ဓါတ်အားလုပ်ငန်းရုံးကို ဗွီအိုအေ ဖုံးဆက်မေးမြန်းတော့ သူတို့ဌာနအနေနဲ့ ကောက်ခံတာ မဟုတ်ပဲ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ လျှပ်စစ်မီးရရှိရေးကော်မတီကနေ မြို့နယ်နဲ့ ရပ်ကွက်လိုအပ်ချက်တွေအရ ကောက်ခံတာမျိုးဖြစ်မယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ မီးပုံလာနိုင်ရေး မီးရရှိရေးအတွက်ဆိုပြီး မြို့နယ်နဲ့ ရပ်ကွက်အလိုက် လျှပ်စစ်မီး ရရှိ ရေး ကော်မတီဆိုပြီး မြို့နယ်အာဏာပိုင်တွေ ရပ်ကွက်အာဏာပိုင်တွေနဲ့ ရပ်မိရပ်ဖတွေ ပါဝင် ဖွဲ့စည်းခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့် ဒီကော်မတီအနေနဲ့ တကယ်တမ်းကျတော့ ထရန်စဖော်မာ မီးကြိုး စတာတွေကို ၀ယ်ယူတပ်ဆင်ဖို့ နောက် အခြားမီးရရှိရေးကိစ္စတွေကို ဆောင်ရွက်ဖို့ရာ မြို့နယ် အတွင်း နေထိုင်သူတွေထံက ငွေ ကောက်ခံပြီးတော့ပဲ ဖြေရှင်းလေ့ရှိတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ ဒါပေမယ့် မီတာဖိုး လျှပ်စစ်မီတာထိမ်းသိမ်းရေးစရိတ်တွေကို လူထုအနေနဲ့ အခွန်ပေး ဆောင်ပြီးသားဖြစ်တာမို့ ဒီ ကော်မတီက လုပ်နေတာတွေဟာ သက်သက် မြို့နေလူထုအတွက် ၀န်ထုပ် ၀န်ပိုးဖြစ်စေတယ်လို့ ဒေသခံအချို့က ယူဆနေတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG