သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မေ့လျော့ခံ ပြဿနာ မြန်မာနိုင်ငံ


အမေရိကန်နိုင်ငံမှာ မနေ့ကထုတ်ဝေတဲ့ ဝါရှင်တန်ပို့စ်သတင်းစာမှာ A Forgotten
Crisis “မေ့လျော့ခံ ပြဿနာ” ဆိုတဲ့ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံအရေးဆိုင်ရာ အယ်ဒီတာ့
အာဘော်တပုဒ် ရေးသားထားပါတယ်။ မြန်မာ့အရေး ကိုင်တွယ် ဆောင်ရွက်ဖို့ ကုလ
သမဂ္ဂက သန္နိဋ္ဌာန်ချ ကတိပေးထားပေမယ့် ကိုယ့်ကို အနိုင်ကျင့်ခွင့်၊ ရှက်ဖွယ်ဖြစ်
အောင်လုပ်ခွင့် ပြုခဲ့ပါတယ်တဲ့။ အပြည့်အစုံကို ဦးကျော်ကျော်သိန်းက တင်ပြထား
ပါတယ်။

ဒီ အယ်ဒီတာ့အာဘော်ကတော့ မြန်မာ့အရေးကို ကုလသမဂ္ဂက ကိုင်တွယ်ဆောင်ရွက်
နေတာအပေါ် အတော့်ကို ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားထားတာပါ။ နိဒါန်းမှာ
ကတည်းကိုက ပြင်းထန်တဲ့ မေးခွန်းနှစ်ခုနဲ့ စထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ
ရရှိဖို့အတွက် ငြိမ်းငြိမ်းချမ်းချမ်း ချီတက် တောင်းဆိုခဲ့ကြတဲ့ ထောင် သောင်းချီသော ရဲရင့်ပြောင်မြောက် သူတွေဘက်ကနေ ရပ်တည်ပါ့မယ်လို့ ကမ္ဘာက ကတိပေးခဲ့တာ လေးလပဲရှိသေးတယ် မဟုတ်ပါလားတဲ့၊ အဲဒီ ထောင်သောင်းချီတဲ့လူတွေကို လမ်းတွေ
ပေါ်ကနေ ရှင်းလင်း၊ အကျဉ်းထောင်တွေထဲထည့်၊ ဒါမှမဟုတ် ဘာ အမှတ်အသားမှ
မရှိဘဲ မြေမြှုပ်သင်္ဂြိုလ် စသဖြင့် လုပ်ခဲ့ပြီးတဲ့နောက် အမျိုးသားပြန်လည်သင့်မြတ်ရေး ကူညီလုပ်ဆောင်ဖို့ အဆင်သင့်ရှိတဲ့အကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက သိပ်မကြာသေးခင်ကပဲ လူသိရှင်ကြားကြေညာခဲ့တာ မဟုတ်ပါလားဆိုပြီး မေးခွန်း
နှစ်ခု ထုတ်ထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ မြန်မာ့အရေးမှာ တိုးတက်မှု နှေးကွေးနေတဲ့အပေါ် စိတ်ပျက်မိတဲ့ အကြောင်း ကန့်ကွက်သူမရှိ တညီတညွတ်တည်း ထုတ်ပြန်ခဲ့ကြတာကို ထောက်ပြပြီး တိုးတက်မှုဆိုတာကို ဆက်ဝေဖန်ထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက သူနဲ့ကုလသမဂ္ဂရဲ့ ရပ်တည်ချက်
ကို ပြခဲ့ပြီးကတည်းက ဘာတွေဖြစ်တယ် ဆိုတာကို ကြည့်ပါတဲ့။ သံဃာတော်တွေ ပိုပြီး အဖမ်းခံရတယ်၊ စက်တင်ဘာမှာ သေဆုံးခဲ့သူအရေအတွက် ခုထိ မသိရသေးဘူး၊ စစ်
အစိုးရက ဂြိုဟ်တုရုပ်သံကြည့်စလောင်းအတွက် လိုင်စင်ကြေးကို နှစ်စဉ်ပျမ်းမျှ လစာ
ဝင်ငွေရဲ့သုံးဆ ဒေါ်လာ ၈၀၀ ထိ တိုးခဲ့ တယ်၊ ဒီအတောအတွင်းမှာပဲ မစ္စတာဂမ်ဘာရီ
ဟာ မြန်မာပြည်ဝင်ခွင့်ဗီဇာလေး ရဖို့အရေး တယောက်ယောက်က သူ့အကြောင်း အကောင်းပြောပေးဖို့ မျှော်လင့်ချက်နဲ့ အာရှမြို့တော် တခုကနေ တခုကို လူးလာ
ခေါက်တုန့် သွားလာနေတယ်လို့ ခပ် ထေ့ထေ့လေး ရေးထားပါတယ်။

မြန်မာစစ်အစိုးရကိုဖိအားပေးဖို့ တရုတ်၊ အိန္ဒိယနဲ့ ဥရောပသမဂ္ဂတို့ကို သမ္မတဘုရှ်
အစိုးရက တွန်းနေတာလည်း သိပ်ကံမကောင်း ပါဘူးတဲ့။ မစ္စတာဂမ်ဘာရီ လုံခြုံရေး
ကောင်စီမှာ အစီရင်ခံတာကိုတောင် တရုတ်ကမလိုချင်၊ သူ့ရဲ့ စီးပွားကုန်သွယ်ရေး
အကျိုးစီးပွားနဲ့ အမြဲချိန်ညှိလေ့ရှိတဲ့ ဂျပန်ကလည်း မကြာခင်ကပဲ အကူအညီပြန်ပေး၊
သမ္မတ သာဘို အမ်ဘီးကီးလက်ထက်မှာ တခြား နိုင်ငံတွေရဲ့ လူ့အခွင့်အရေးကိစ္စတွေ
ကို ဦးဆောင်ဆန့်ကျင်တဲ့နိုင်ငံဖြစ်လာတဲ့ တောင်အာဖရိကက မြန်မာ့အရေး ကုလ
သမဂ္ဂရဲ့ ကိုင်တွယ်မှုကို အနှောင့်အယှက်ပြု တားဆီးဆိုပြီး နိုင်ငံတကာက လုပ်ဆောင်
မှု အခြေအနေတွေကို သုံးသပ်ထားပါသေးတယ်။

နိဂုံးချုပ်မှာတော့ လုပ်ဆောင်နိုင်ဖွယ်ရာတွေကို အဆိုပြုထားရာမှာ လက်နက်ရောင်း
ဝယ်မှုပိတ်ပင်ဖို့၊ စစ်အစိုးရအဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့မိသားစုတွေကို တိုက်ရိုက်ဦးတည်တဲ့
ဘဏ် ငွေကြေး လည်ပတ်လုပ်ဆောင်မှုတွေ ပိုပြီး တင်းတင်းကျပ်ကျပ် ပိတ်ဆို့တာတွေ
ကို ရေးထားပါတယ်။ ဒီလုပ်ဆောင်မှုတွေ အလုပ်ဖြစ်မယ် မဖြစ်ဘူးဆိုတာကတော့ မြန်မာလူရမ်းကားတသိုက်က အရှက်ရဖွယ်ဖြစ်အောင်လုပ်နေတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ ကုလသမဂ္ဂကိုလေးစားပါတယ်ဆိုတဲ့ နိုင်ငံ့ခေါင်းဆောင်တွေက နည်းနည်းလေးပဲဖြစ်ဖြစ် ကန့်ကွက်မယ် မကန့်ကွက်ဘူးဆိုတာပေါ် မူတည်နေပါတယ်
လို့ အဆုံးသတ် ရေးသားထားပါတယ်။

XS
SM
MD
LG