သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂနှင့် ကမ္ဘာ့ဘဏ်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ ပြုပြင် ပြောင်းလဲ ဖွဲ့စည်းရေး ဗြိတိန်ဝန်ကြီးချုပ် နှိုးဆော်


ကုလသမဂ္ဂနဲ့ ကမ္ဘာ့ဘဏ်တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေကို ပြုပြင်ပြောင်းလဲရေးတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့နှိုးဆော်ရင်း
ဗြိတိသျှဝန်ကြီးချုပ်ဟာ သူ့ရဲ့နှစ်ရက်ကြာ
အိန္ဒိယခရီးစဉ်ကို အဆုံးသတ်လိုက်ပါပြီ။
ဗြိတိသျှခေါင်းဆောင်ရဲ့ အိန္ဒိယခရီးစဉ်ဟာ
နှစ်နိုင်ငံကြား စီးပွားကုန်သွယ်ဆက်ဆံရေးနဲ့
အပြန်အလှန် ရင်းနှီးချစ်ကြည်မှုတွေ တည်ဆောက်ဖို့ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ဆိုပါတယ်။ ဒီအကြောင်း နယူးဒေလီမြို့တော်ကနေ ဗွီအိုအေသတင်း
ထောက် Anjana Pasricha ပေးပို့ထားတဲ့သတင်းဆောင်းပါးကို ဦးကျော်ကျော်သိန်းက အစီရင်ခံထားပါတယ်။

ဒုတိယကမ္ဘာစစ်အပြီးမှာ တည်ထောင်ခဲ့တဲ့ ကမ္ဘာ့အဖွဲ့အစည်းတွေဟာ ကမ္ဘာ့လူမှု အဖွဲ့အစည်းအသစ်ရဲ့ စိုးရိမ်မှုတွေကို တုန့်ပြန်ဖို့၊ အာရှတိုက် ထွန်းတောက်လာမှုကို ထည့်သွင်းစဉ်းစားဖို့ စတင်သင့်ပြီလို့ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း
(Gordon Brown) က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်မှာ တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ဗြိတိသျှဝန်ကြီးချုပ်က အဲဒီလိုပြောခဲ့တာပါ။ ကုလသမဂ္ဂလို
အဖွဲ့အစည်းတွေအတွက် သူဖြစ်ချင်တဲ့ ပြုပြင်ပြောင်းလဲရေးပုံစံတွေကို သူက အိန္ဒိယ
နိုင်ငံရဲ့ မြို့တော်မှာ ပြောခဲ့ပါတယ်။ “ရှေ့လာမယ့် လတွေ နှစ်တွေအတွင်း ဒီအဖွဲ့
အစည်းတွေ တကယ့်အပြောင်းအလဲဖြစ်အောင် လုပ်ဆောင်ဖို့၊ ခေတ်သစ်ကမ္ဘာအတွက်
နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့အစည်းအသစ်တရပ် ဖန်တီးဖို့၊ ပတ်ဝန်းကျင်ရေးရာ
စိန်ခေါ်မှုတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မယ့် ကမ္ဘာ့ဘဏ်
အသစ်တခု ဖန်တီးဖို့၊ ပဋိပက္ခတွေရှိနေတဲ့နေရာတွေနဲ့ နိုင်ငံတကာ အကူအညီ အထောက်အပံ့တွေလိုအပ်နေတဲ့ ပြိုလဲပျက်စီးနေတဲ့နိုင်ငံတွေ ရှိတဲ့နေရာတွေမှာ ပြန်လည်တည်ဆောက်ရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မယ့် ကုလသမဂ္ဂ အဖွဲ့အစည်းအသစ်တခု ဖန်တီးဖို့တွေဖြစ်ပါတယ်။”

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနဲ့ ကာဘွန်ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းပါးတဲ့ ရင်းနှီးမြှုပ်နှံမှု
တွေကို ငွေကြေးထောက်ပံ့ဖို့တွေ ကိုင်တွယ် လုပ်ဆောင်ဖို့ရာ ဒေါ်လာဘီလီယံပေါင်း
များစွာရှိတဲ့ ရံပုံငွေတခုကို ဗြိတိသျှဝန်ကြီးချုပ်က ကမ္ဘာ့ဘဏ်ကို ထူထောင်စေချင်
ပါတယ်။ ဘဏ္ဍာငွေကြေးဆိုင်ရာ မတည်ငြိမ်မှုကို တကမ္ဘာလုံးသိအောင် စောစောစီးစီး အသိပေးနိုင်မယ့် စနစ်တခုမှာ IMF အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ကို သူက ဗဟိုချက်မဖြစ်စေချင်ပါတယ်။ အကြမ်းဖက်ဝါဒကို နေရာပေးလက်ခံထားတဲ့ ကျဆုံးနိုင်ငံ
တွေ ပြန်လည်တည်ဆောက်ရေး ကူညီဖို့ အပြည်ပြည်ဆိုင်ရာ တုန့်ပြန်လုပ်ဆောင်ရေး အင်အားစုတခုကိုလည်း သူက ဖန်တီးချင် ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတခုဖြစ်ခွင့်ရရေး အိန္ဒိယက ကြိုးစားနေတာကို ဗြိတိန်ကထောက်ခံတဲ့ အကြောင်းလည်း မစ္စတာဘရောင်းက
ထပ်လောင်း အာမခံပြောကြားခဲ့ပါတယ်။ သူ့အဆို ရာစုနှစ်နှစ်ခုအတွင်း ကမ္ဘာ့စီးပွားရေး အင်အားချိန်ခွင်လျှာမှာ အကြီးမားဆုံးရွေ့လျားပြောင်းလဲမှုဖြစ်ခဲ့တာကို အသိအမှတ်ပြု
ဖို့ရာ အရေးကြီးကြောင်း သူကဆိုပါတယ်။ တနည်းအားဖြင့်တော့ အိန္ဒိယနဲ့တရုတ်လို
အာရှ စီးပွားရေးအင်အားကြီးနိုင်ငံတွေ ထွန်းတောက် ပေါ်ထွက်လာတာကို ဆိုလိုတာပါ။

အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) က ဗြိတိန်ဝန်ကြီးချုပ်နဲ့
ဆွေးနွေးအပြီးမှာ နိုင်ငံတကာအဖွဲ့အစည်းတွေကို ပြုပြင်ပြောင်းလဲရေး မစ္စတာ
ဘရောင်းရဲ့ နှိုးဆော်ချက်ကို ပဲ့တင်ထပ်ပြောကြားခဲ့ပါတယ်။

“နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ခေတ်ပြိုင်စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့
သူတို့မှာ စွမ်းဆောင်ရည်ရှိပါတယ်ဆိုတဲ့ ယုံကြည်ကိုးစားမှုရချင်တယ်ဆိုရင် အိန္ဒိယနဲ့ တရုတ်လိုနိုင်ငံတွေကို လျစ်လျူပြုထားလို့မရပါဘူး။ ဒါနဲ့ပတ်သက်ပြီး ကျယ်ပြန့်တဲ့ သဘောတူညီမှုတခုရှိတယ်လို့ ကျနော်ယူဆပါတယ်။”

ဗြိတိန်နိုင်ငံဟာ အခုဆိုရင် သူ့အဆို တန်းတူညီမျှသူတွေရဲ့ မဟာမိတဆက်ဆံရေးလို့
ခေါ်တဲ့ ဆက်ဆံရေးမျိုး အိန္ဒိယနဲ့ မျှဝေရရှိ နေပါပြီလို့ ဗြိတိသျှဝန်ကြီးချုပ်က အလေးအနက်ပြောခဲ့ပါတယ်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်တဲ့ဈေးကွက်လို စံတန်ဘိုးတွေပေါ်မှာ သူတို့နှစ်နိုင်ငံရဲ့ တူညီတဲ့ သန္နိဋ္ဌာန်ကိုလည်း သူက ရည်ညွှန်း ပြောဆိုခဲ့ပါသေးတယ်။

မစ္စတာဘရောင်းရဲ့ ခရီးစဉ်ဟာ အိန္ဒိယနဲ့ စီးပွားဆက်ဆံရေး ပိုပြီးနီးနီးကပ်ကပ်ဖြစ်ဖို့
အတွက်လည်း အဓိကဦးတည်ထားခဲ့တာပါ။

အိန္ဒိယရဲ့စီးပွားရေးဟာ ကမ္ဘာ့အာရုံစူးစိုက်မှုကိုရရှိလောက်အောင် တိုးတက်လာနေတာ
ဖြစ်ပါတယ်။ ဒေါ်လာ သန်း ၂၀၀၀ တန်ဘိုးရှိတဲ့ စေ့စပ်ဆွေးနွေးနေဆဲ စီးပွားကုန်သွယ်
ရေးဆိုင်ရာ သဘောတူညီချက်တွေကို နှစ်နိုင်ငံကြား လာမယ့်လတွေအတွင်း လက်မှတ် ရေးထိုးနိုင်လိမ့်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ်က မျှော်လင့်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG