သုံးရလွယ်ကူစေသည့် Link များ

ဒေါ်အောင်ဆန်းစုကြည်ကို စပိန်နိုင်ငံက လူ့အခွင့်အရေးဆု ချီးမြှင့်


စပိန်နိုင်ငံ တိုလီဒို (Toledo) ဆိုတဲ့ မြို့မှာရှိတဲ့
“Abogados de Atocha” အာဘိုးဂါဒိုဒေ
အာတိုရှာဆိုတဲ့ လူ့အခွင့်အရေးဆု ချီးမြှင့်ရေး
အဖွဲ့တခုက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်ရေး ကြိုးပမ်းမှုအတွက် ဆုချီးမြှင့်လိုက်ပြီး ဆုပေး ပွဲအခမ်းအနားကို မနေ့က ကျင်းပခဲ့ပါတယ်။ ဒီလွတ်မြောက်ရေးအတွက် ရုန်းကန်မှုကို
အသိအမှတ်ပြုတဲ့ ဆုချီးမြှင့်တာဟာ စပိန် ပြည်သူတွေအနေနဲ့ မြန်မာပြည်သူတွေ
ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကို မမေ့လျော့တဲ့အကြောင်း ပြလိုက်တာဖြစ်ပြီး မြန်မာပြည်သူတွေနဲ့အတူ သွေးစည်း
ညီညွတ်စွာ လက်တွဲနေတာကို ပြသလိုက်တာလို့ ဆုရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။ အသေးစိတ်ကို ပြင်သစ်အခြေစိုက်သတင်းထောက် ဒေါ်သင်းသီရိက အခုလို သတင်း
ပေးပို့ထားပါတယ်။

စပိန်နိုင်ငံ မက်ဒရစ်မြို့တော်တောင်ဘက် ကီလိုမီတာ ၇၀ လောက်မှာရှိတဲ့ တိုလီဒို
ဆိုတဲ့မြို့လေးမှာ ဒီဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ကြတာပါ။ ၂၀၀၈ ခုနှစ်ရဲ့ အာဘိုး
ဂါဒိုဒေ အာတိုရှာဆိုတဲ့ လူ့အခွင့်အရေးဆုကို မြန်မာနိုင်ငံမှာ နေအိမ်အကျယ်ချုပ်ဘ၀နဲ့ ချုပ်နှောင်ခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ချီးမြှင့်ပါတယ်လို့ မနေ့ကကျင်းပတဲ့ ဆုပေးပွဲအခမ်းအနားမှာ ဆုရွေးချယ်ရေး
အဖွဲ့က အခုလို ကြေညာပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ်ကစလို့ မြန်မာစစ်တပ်က အာဏာသိမ်းမှု၊ စစ်တပ်က
အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တာတွေအပြင် တပါတီအာဏာရှင်စနစ်နဲ့ နိုင်ငံရေး
ပြဿနာတွေကြားက မြန်မာနိုင်ငံအကြောင်းတွေ၊ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်ပါဝင်မှုနဲ့ ထင်ရှားတဲ့
အတိုက်အခံပါတီ အဲန်အယ်လ်ဒီကို ဖွဲ့စည်းခဲ့တာတွေ၊ အဲန်အယ်လ်ဒီအနေနဲ့ ရွေး
ကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် အာဏာကို လွှဲပြောင်းမခံရဘဲ လက်နက်ကိုင်အုပ်ချုပ်
နေတဲ့ စစ်အာဏာရှင်အကြောင်းတွေကို အခြေခံပြီး ပြောပြသွားတာပါ။

နိုင်ငံရေးအကျဉ်းသားအများအပြားကို ထောင်သွင်းအကျဉ်းချထားမှု၊ အတိုက်အခံ
တွေကို ဖိနှိပ်ချုပ်ချယ် ကန့်သတ်မှုတွေနဲ့ နောက်ဆုံး ဘာသာနဲ့ သာသနာကိုပါ
ရက်ရက်စက်စက် ဖြိုခွင်းနှိမ်နင်းခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလ အခြေအနေ
တွေကိုလည်း ဆုရွေးချယ်ရေးအဖွဲ့က ပြောဆိုခဲ့ပါတယ်။ ဒါ့ကြောင့် စပိန်နိုင်ငံနဲ့ စပိန်
ပြည်သူတွေက မြန်မာနိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ ရဲရင့်လှတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မမေ့မလျော့ရှိနေတဲ့အကြောင်း ဒီနေ့မှာ ဂုဏ်ပြုလိုက်ရ
တာပါလို့ ပြောဆိုသွားပါတယ်။ အဖွဲ့ရဲ့ဒါရိုက်တာ ဘာရီဒါ အန် လာ အမ်တြီဂါ
(Barreda en la entrega) ကတော့ ဆုရွေးချယ်ချီးမြှင့်ရတဲ့အကြောင်းကို အခုလို
ရှင်းပြပါတယ်။

“ကျနော်တို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်
အရေးအတွက် အကြမ်းမဖက်ဘဲ တိုက်ပွဲဝင်နေမှု၊ မြန်မာနိုင်ငံအတွင်းမှာ တိုးတက်တဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်လာဖို့အတွက် စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ရပ်တည်နေမှု
တွေကို ကျနော်တို့ အသိအမှတ်မပြုဘဲ မနေနိုင်ပါဘူး” လို့ ပြောသွားတာပါ။

ဒီဆုကို ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ (အဲန်စီဂျီယူဘီ) က
အဖွဲ့ဝင် ၀န်ကြီးတဦးဖြစ်တဲ့ ဦးဘိုလှတင့်က ဆုကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား
လက်ခံရယူပါတယ်။ ဒီ အာဘိုးဂါဒိုဒေ အာတိုရှာဆိုတဲ့ဆုက လူ့အခွင့်အရေးအတွက်
ရုန်းကန်လှုပ်ရှားသူတွေ ထင်ရှားသူတွေကို ရွေးချယ်ချီးမြှင့်ခဲ့တာ ၂၀၀၂ ခုနှစ်ကတည်း
ကပါ။ ဆုပေးပွဲကျင်းပတဲ့ တိုလီဒိုဆိုတဲ့ မြို့ကလေးကလည်း ရှေးဟောင်းယဉ်ကျေးမှု
အမွေအနှစ် လက်ရာဟောင်းတွေနဲ့ တည်ဆောက်ထားတဲ့မြို့ပါ။ UNESCO အဖွဲ့ကြီးက
၁၉၈၆ ခုနှစ်မှာ ဒီမြို့ကလေးကို ရှေးဟောင်းယဉ်ကျေးမှုမြို့အဖြစ် သတ်မှတ်ထားခဲ့
ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG