သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းကျခံ သတင်းစာ ဆရာကြီး ဦးဝင်းတင် ရန်ကုန် ပြည်သူ့ဆေးရုံတွင် ခွဲစိပ်ကုသရန် ရောက်ရှိနေ


အင်းစိန်အကျဉ်းထောင်မှာ နှစ်ရှည်အကျဉ်းချခံထားရတဲ့သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ မနေ့ကပဲ အူကျတဲ့ရောဂါနဲ့ ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ခွဲစိပ်ကုသဖို့ ရောက်လာခဲ့တယ်လို့ ဆေးရုံကြီးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက တဆင့်သိရပါတယ်။ အကျဉ်းသားတွေကိုပဲသီးသန့်ထားတဲ့ ဆေးရုံကြီးရဲ့ မြေအောက်ခန်းမှာ ဦးဝင်းတင်ကို ထားတယ်လို့ ဆိုပါတယ်။ အသေးစိတ် အခြေအနေတွေကို သိရအောင်လို့ ရန်ကုန် ဆေးရုံကြီးကို ဆက်သွယ်နေတာ ဘာမှ မသိရသေး ပါဘူး။ ဒါပေမယ့် ဦးဝင်တင်ရဲ့ မိတ်ဆွေတဦးဖြစ်တဲ့ ဦးမောင်မောင်ခင်ကတော့ သူသိရသမျှ ဦးဝင်းတင်ရဲ့ နောက်ဆုံး ကျန်းမာရေး အခြေအနေတွေကို ဗွီအိုအေကို ရှင်းပြထားပါတယ်။

“တရားဝင်တော့ ကျွန်တော်တို့ကို သက်ဆိုင်ရာက အကြောင်းကြားတာ မဟုတ်ဘူးဗျ။ ကျွန်တော်တို့က သူများက ပြောလို့ ဆေးရုံကြီး ရောက်နေပြီဆိုလို့ သွားပြီး စုံစမ်းရတာ။ စုံစမ်းတော့ တွေ့ပါတယ်။ ဆေးရုံကြီးရဲ့ Guard Ward မှာသူ့ကိုတွေ့ပါတယ်။ မနေ့ကရောက်တယ်တဲ့ ဆယ့်တစ်နာရီ လောက်။ လိုအပ်တာတွေ သူ့ကိုစစ်ဆေးတယ်တဲ့။ ဒီနေ့လည်းစစ်တယ်။ မနက်ဖန်လည်း စစ်ဆေးဦးမယ်တဲ့။ ဒါပေမယ့် အတိအကျ ဘာလုပ်မယ် ဆိုတာတော့ မသိသေးဘူးတဲ့။ အကြောင်းကတော့ Hannyar ကိုခွဲဖို့မခွဲဖို့ပေါ့၊ လိုအပ်တာတွေကို စစ်ဆေးနေပါတယ်တဲ့။ ကျန်းမာရေးက မဆိုးပါဘူးတဲ့။”

အခုတကြိမ်နဲ့ပါဆိုရင် ဦးဝင်းတင် အကျဉ်းချ ခံထားရတုံး ခွဲစိပ်ခံရတာ နှစ်ကြိမ်ရှိမှာ ဖြစ်ပါတယ်။ အကျဉ်းသား ဘဝမှာပဲ ဆေးရုံတက်ရတာ လေးကြိမ် ရှိသွားပါပြီ။ ၁၈နှစ်ကျော် အကျဉ်းချခံထားရတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ အခု အသက်၇၈နှစ် ရှိနေပါပြီ။ ဦးဝင်းတင် လွတ်မြောက်ရေး အတွက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ တွေကရော၊ သတင်းမီဒီယာ အဖွဲ့အစည်းတွေကရော၊ ဒီမိုကရေစီ အင်အားစုတွေကရော အမြဲလိုလို တောင်းဆိုနေကြတာပါ။ ဒါပေမယ့်လည်း မြန်မာ စစ်အစိုးရကတော့ အခုအချိန်ထိ ဦးဝင်းတင်ကို ပြန်လွှတ်ပေးမယ့် အရိပ်အရောင်တွေ လုံးဝပြသတာ မတွေ့သေးပါဘူး။ ကုလသမဂ္ဂရဲ့မြန်မာပြည်ဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ် ပါမောက္ခ ပေါ်လိုဆာဂျီယို ပီညဲရိုး ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကမြန်မာပြည်ကိုရောက်လာခဲ့တုံးကလည်း အင်းစိန် ထောင်ထဲမှာ ဦးဝင်းတင်နဲ့တွေ့ဆုံခဲ့ပါသေးတယ်။ ဦးဝင်းတင်လိုမျိုးအသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေးအရလည်းစိုးရိမ်ရတဲ့ပုဂ္ဂိုလ်မျိုးတွေကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း ဒေါက်တာ ပီညဲရိုးက မြန်မာစစ်အစိုးရကို တောင်းဆိုခဲ့တာ အကြိမ်ကြိမ်ရှိနေပါပြီ။ ဒါပေမယ့် ပြန်လွှတ်ပေးမယ့် အရိပ်အရောင်တွေ မတွေ့သေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG