သုံးရလွယ်ကူစေသည့် Link များ

တောင်ကုတ်မြို့တွင် ဆန္ဒပြသူ NLD လူငယ် ၂ဦး အဖမ်းခံရ


လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ဆန္ဒပြမှုတခုဖြစ်ပွားခဲ့ပြီး ဆန္ဒပြတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် လူငယ်နှစ်ယောက်ကို အာဏာပိုင်များက ထိန်းသိမ်းလိုက်ပါတယ်။ တဆက်တည်းမှာပဲ ဒီချုပ်အဖွဲ့ဝင် လူကြီးတွေရဲ့ နေအိမ်တွေကို လုံခြုံရေးအဖွဲ့ဝင်တွေက အကဲခတ် စောင့်ကြည့်ရုံသာမက လာရောက်သူတွေကိုပါ စစ်ဆေးမေးမြန်းမှု တွေလုပ်လာနေပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက်သတင်းထောက် ဦးမိုးဇော်က တင်ပြထားပါတယ်။

တောင်ကုတ်မြို့က ဆန္ဒပြမှုဟာ မနေ့နေ့လည်ပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး တောင်ကုတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒု ဥက္ကဌ ဦးသန်းဖေက အခုလို ပြောပါတယ်။

“မနေ့က ၂၂ရက်နေ့ပေါ့၊ ၂၂ရက်နေ့ မွန်းလွဲ ၂နာရီလောက်မှာ တောင်ကုတ်မြို့ ဈေးလမ်းပေါ်မှာပဲ လူငယ်နှစ်ယောက် ဆန္ဒပြမှုဖြစ်သွားတယ်။ သူတို့အမည်ကတော့ မောင်ဇော်နိုင်နဲ့ မောင်သန်းဌေးတို့ဖြစ်တယ်။ မနေ့က ဈေးလမ်းပေါ်မှာ လုံခြုံရေးတွေ ဒီလောက်တင်းကျပ်နေတဲ့ ကြားထဲကနော်။ သူတို့က ဒီမိုကရေစီရရှိရေး တို့အရေး။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တို့အရေး။ စားဝတ်နေရေး အဆင်ပြေရေး တို့အရေး ဒီလို ကြွေးကြော်သံတွေကို ဟစ်အော်ပြီး ဈေးလမ်းမကြီးက ရဲစခန်း။ နောက် မယက ရုံးအထိ ချီတက်ဆန္ဒပြခဲ့ကြတယ်။ မယကရုံးအနီးမှာပဲ လုံခြုံရေး လုံထိန်းတွေက သူတို့ကို ဖမ်းဆီးလိုက်တယ်။ အခုတော့ သူတို့ ရဲစခန်းထဲမှာပေါ့၊ အချုပ်ခံထားရတယ်။”

ကနေ့အထိတော့ ဖမ်းဆီးခံထားရတဲ့သူတွေနဲ့ ဆက်သွယ်ခွင့်မရသေးဘူးလို့ ဆက်ပြောပါတယ်။

ဒီလ ၁၇ရက်နေ့ကလည်း တောင်ကုတ်မြို့မှာ သံဃာတော်တွေနဲ့ ပြည်သူတွေဟာ ဆန္ဒပြဖို့ ပြင်ဆင်ခဲ့ပါသေးတယ်။ ဒါကို အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွဲဖို့ ပြင်ဆင်ခဲ့တာကြောင့် ဆန္ဒပြပွဲ မဖြစ်မြောက်ခဲ့ပါဘူး။ အဲဒီနောက်မှာတော့ တောင်ကုတ်မြို့ရဲ့ အချက်အခြာကျတဲ့နေရာတွေမှာ လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ်ချထားခဲ့ပြီး အာဏာပိုင်တွေက အဖွဲ့ချုပ်ဝင်တွေကိုလည်း မျက်ခြေမပြတ် စောင့်ကြည့် နေခဲ့ပါတယ်။

မနေ့က ဆန္ဒပြပွဲဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့ ဒီလို စောင့်ကြပ်ကြည့်နေရုံတင်မကဘူး။ လူဝင် လူထွက်တွေ ကိုပါ စစ်ဆေးလာတယ်လို့ ဦးသန်းဖေက ဆက်ပြောပါတယ်။

“ကျနော်အဖေဟာ လေဖြတ်ပြီး အိပ်ယာထဲမှာ တုံးလုံးပက်လက် လဲနေတာ ဆယ်ရက်ကျော်သွားပြီ၊ သတင်းမေးဖို့ လာတဲ့သူတွေကတော့ ကျနော့ အိမ်ကို အ၀င်အထွက် အမြဲတမ်းပဲ ရှိကြပါတယ်၊ ဒီနေ့ မနက် ကိုးနာရီလောက်မှာ ကျနော်တို့ မြို့နယ် အဲန်အယ်လ်ဒီစည်းက လူငယ်ခေါင်းဆောင် ကိုသန်းလှိုင်နဲ့ လူငယ်လေးယောက်ဟာ ကျနော့်ဆီကို ရောက်လာကြတယ်။ သတင်းမေးဖို့ပေါ့၊ အဲဒီအချိန်မှာ ကျနော်ကို လုံခြုံရေးချထားတဲ့ လုံခြုံရေးတယောက်က ရဲစခန်းကို ဖုန်းဆက်တယ်။ အဲဒီအချိန်မှာ မြို့နယ်မှူးဦးဆောင်တဲ့ လုံခြုံရေး ၄၀လောက်ဟာ ကျနော့်ဆီ လာတဲ့ ကလေးတွေကို ဖမ်းမယ့်အလား၊ ဆီးမယ့်အလား ခြိမ်းခြောက်ပြီးပြောဆို အဲလို အမျိုးမျိုးလုပ်လာကတယ်။ သူတို့ရဲ့နေရပ်၊ မိဘအမည် မေးကြတယ်။ လူစုခွဲတယ်။ လူစုခွဲတဲ့အခါ မင်းတို့ နှစ်ယောက်စီသွားကြ၊ သုံးယောက်မသွားနဲ့၊ နောက်ဆုံးမှာ အသက်အရွယ် ၇၀ကျော် လူကြီး သုံးယောက်လောက်ရှိတယ်။ အဲဒီလူကြီးသုံးယောက်ကိုလည်း မဖွယ်မရာတွေ စကားပြော၊ သူ့ အမိအဖတွေ နံမည်ကို မေး ။ အလုပ်အကိုင်။ နေရပ်တွေကို မေးပြီး အမျိုးမျိုးစစ်ဆေးခဲ့တယ်။ ကျနော့်ဆီလာတဲ့ ကလေးတွေက ရိုးရိုးတန်းတန်းသတင်းမေးဖို့ လာကြတာပါ။ ကျနော့်အဖေ နေမကောင်းလို့ သတင်းမေးဖို့ လာတာတောင်မှ မလာနိုင်တဲ့ ဘ၀ ဖြစ်နေရတယ်။”

တောင်ကုတ်မြို့ဟာ စက်တင်ဘာအရေးအခင်းကာလမှာလည်း တက်တက်ကြွကြွပါဝင်ခဲ့တဲ့ မြို့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်အကုန်မှာ နိုင်ငံရေး အခြေအနေတွေ မပြောင်းလဲဘူးဆိုရင် ဆန္ဒပြပွဲတွေ ထပ်မံပြုလုပ်မယ်လို့ သတိပေးထားပြီး ပြီးခဲ့တဲ့အပတ်အတွင်းကလည်း ဆန္ဒထုတ်ဖော်တဲ့ လက်ကမ်းစာတွေကို တောင်ကုတ်မြို့ပြင်လမ်းတွေမှာ ဖြန့်ကြဲချထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG