သုံးရလွယ်ကူစေသည့် Link များ

လက်ရှိ ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်မှုအခြေအနေနှင့် ပတ်သက်၍ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ခေါင်းဆောင်များ ဆွေးနွေး


နိုင်ငံရေး၊ စီးပွားရေးနဲ့ အစိုးရအဖွဲ့ ကဏ္ဍ
အသီးသီးက ခေါင်းဆောင်တွေ ပါဝင်တက်
ရောက်တဲ့ နှစ်စဉ်ကျင်းပနေကျ ကမ္ဘာ့စီးပွား
ရေးဖိုရမ်ကို ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့မှာ
စတင် ဖွင့်လှစ်လိုက်ပါပြီ။ စီးပွားရေး ဆုတ်
ဆိုင်းမှုနဲ့ ကမ္ဘာ့အိမ်ယာဈေးကွက် တဟုန်ထိုး
ကျဆင်း နေတာတွေနဲ့ပတ်သက်ပြီး ဖိုရမ်
တက်ရောက်လာသူတွေ အဆက်မပြတ် ပြောဆိုနေကြတဲ့အကြောင်း ဒါးဗို့စ်မြို့ကနေ ဗွီအိုအေသတင်းထောက် Barry Wood
ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို
ဦးကျော်ကျော်သိန်းက တင်ပြထားပါတယ်။

စီးပွားရေးနဲ့ပတ်သက်တဲ့ အမြင်သဘောထားတွေ၊ ငွေကြေးဈေးကွက် ခန့်မှန်းရခက် မတည်မငြိမ်ဖြစ်နေတာတွေနဲ့ပတ်သက်ပြီး ဒီနှစ်အစည်းအဝေးရဲ့ ပူးတွဲသဘာပတိတွေ
က အစည်းအဝေးအဖွင့် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ကြပါတယ်။ တကမ္ဘာလုံး
မှာ စီးပွားရေး ဆုတ်ယုတ်ကျဆင်းတော့မလားဆိုတဲ့ ကြောက်ရွံ့ စိုးရိမ်မှုတွေ ဖြစ်နေ
စရာ မလိုပါဘူးလို့ ချက်ဗ်ရွန် ရေနံကုမ္ပဏီရဲ့ အကြီးအကဲ David O'Reilly က ပြောပါ
တယ်။

“အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးက သူ့ဖာသာ ကုစားသွားပါလိမ့်မယ်။ လူတွေ နားလည်တာထက်တောင်မှ ပိုပြီးမြန်မြန် ကောင်းသွားနိုင်ပါသေးတယ်။ အမေရိကန်
စီးပွားရေးဟာ အတော့်ကိုကြီးမားပြီး တောင့်တင်းခိုင်မာတဲ့ စီးပွားရေးပါ။ အမေရိကန်ရဲ့ စီးပွားရေးဟာ အတိတ်မှာတုန်းက ကမ္ဘာတခုလုံးကို သက်ရောက်ခဲ့သလောက် သက်
ရောက်မှုရှိမှာ မဟုတ်ဘူးဆိုတဲ့အမြင်ကို ကျနော်လည်း သဘောတူပါတယ်။”

လက်ရှိ ဖရိုဖရဲဖြစ်နေတာပေါ်မှာ သတင်းမီဒီယာတွေက အလွန်အကျွံ ပြောဆိုရေးသား
နေကြတာလို့ O'Reilly ကဆိုပါတယ်။

KV Kamath ကတော့ အိန္ဒိယက ICICI ဘဏ်ရဲ့ အကြီးအကဲပါ။ အမေရိကန်ပြည်
ထောင်စုမှာ လွန်ခဲ့တဲ့သီတင်းနှစ်ပတ်က စဖြစ် ခဲ့တဲ့ ဈေးကွက်ကျဆင်းမှုဟာ အိန္ဒိယ
ပေါ်မှာ သက်ရောက်မှုနည်းနည်းပဲရှိတယ်လို့ သူကပြောပါတယ်။

“အခုချိန်ထိတော့ အတိုင်းအတာတခုအထိ၊ အနည်းဆုံး အိန္ဒိယက အခြေအနေနဲ့ဆိုရင် သိသာထင်ရှားတဲ့ သက်ရောက်မှုတခုခု ကျနော်တို့ မတွေ့ရသေးပါဘူး။ ဒါပေမယ့် ပြော
ဖို့တော့ စောပါသေးတယ်ဗျာ။”

ဒီနှစ်အစည်းအဝေးရဲ့ ပူးတွဲသဘာပတိက နယူးယောက်အခြေစိုက် JP Morgan Chase ဘဏ်ရဲ့ဥက္ကဋ္ဌ အမေရိကန်ဘဏ် လုပ်ငန်းရှင် James Dimon ပါ။

“ကမ္ဘာ့စီးပွားရေးမှာ လွန်ခဲ့တဲ့နှစ် ၁၀၀ အတွင်း ငါးနှစ်တကြိမ် ငွေကြေးအကျပ်အတည်း
တွေ ကျနော်တို့တွေ့ခဲ့ရပါတယ်။ အဲဒီ အကျပ်အတည်းတွေအားလုံးဟာ မတူကွဲပြားတဲ့
သဘောသဘာဝနဲ့ အကြောင်းရင်းမြစ်တွေကနေ ဖြစ်ခဲ့တာပါ။ အကျပ်အတည်း အားလုံး
ကိုလည်း ဖြေရှင်းခဲ့ပြီးသားပါ။”

စီးပွားရေး အလျင်အမြန်တိုးတက်လာနေကြတဲ့ တရုတ်နဲ့ အိန္ဒိယတို့ဟာ အမေရိကန်
ဈေးကွက်ဆီ ကုန်ပစ္စည်းတွေတင်ပို့တဲ့ပေါ် မှာ လုံးလုံးလျားလျား တည်မီနေတာမဟုတ်
တဲ့အတွက် ဒီနှစ်မှာ တကမ္ဘာလုံး စီးပွားရေးဆုတ်ဆိုင်းမယ်ဆိုတာဟာ တွေးဖို့တောင် မလိုတဲ့ကိစ္စပါလို့ ၀ါရှင်တန်အခြေစိုက် စီးပွားရေးသုတေသနအဖွဲ့တခုရဲ့အကြီးအကဲ
Fred Bergsten ကပြောပါတယ်။

ဒီနှစ်အစည်းအဝေးဟာ အရှိန်အဟုန်ကောင်းနေတဲ့ အရှေ့နဲ့ တောင်အာရှနိုင်ငံတွေကို ကမ္ဘာ့စီးပွားရေးထဲ ချိတ်ဆက်ပေါင်းစပ်ဖို့ နည်းလမ်းတွေ အာရုံထားဆွေးနွေးဖို့ သူ
မျှော်လင့်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲကဆိုပါတယ်။

“အခုနှစ် ဒါးဗို့စ်ဆွေးနွေးပွဲဟာ တရုတ်နဲ့အိန္ဒိယတို့ရဲ့ အခန်းကဏ္ဍနဲ့ တခြား ထွန်းတောက်ထွက်ပေါ်လာတဲ့ နိုင်ငံတွေရဲ့ အခန်း ကဏ္ဍတွေကို အထူးဗဟိုပြုပြီး ဆွေးနွေးကြမယ့်ပုံသဏ္ဌာန်ရှိပါတယ်။”

ကမ္ဘာ့အင်အားချိန်ခွင်လျှာဟာ အရှေ့နဲ့ တောင်အာရှတို့ဆီ ပြောင်းလဲရွေ့လျားနေပြီလို့
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲက ပြောဆိုခဲ့ကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG