သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငါးနှစ်အောက် ကလေးငယ်သေဆုံးမှု အာရှတိုက်တွင် မြန်မာက ဒုတိယအများဆုံး


မြန်မာနိုင်ငံမှာ အသက်ငါးနှစ်အောက် ကလေးသေဆုံးမှုနှုန်းဟာ အာရှမှာ အာဖဂန်နစ္စတန်ပြီးရင် ဒုတိယအများ ဆုံးဖြစ်နေတယ်လို့ ဇန်နဝါရီလ ၂၁ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ ကလေးသူငယ်များရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ရဲ့ ကမ္ဘာ့ကလေးသူငယ်များ ဆိုင်ရာအစီရင်ခံစာမှာ ဖော်ပြပါတယ်။ မြန်မာ့ကလေးငယ်တွေ ခုလိုသေဆုံးကြတဲ့အထဲမှာ အများဆုံးကတော့ အသက်ရှူလမ်းကြောင်းရောဂါ၊ အဆုပ်အအေးမိရောဂါ၊ ဝမ်းလျှောရောဂါနဲ့ မီးတွင်းသေဆုံးမှုဖြစ်တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံမှာ တနှစ်တနှစ်ကို ကလေးတွေသေဆုံးတာဟာ တသိန်းနဲ့ တသိန်းခွဲကြား ရှိတဲ့အတွက် နေ့စဉ်နှုန်းနဲ့တွက်ရင်တော့ တရက်ကို ၂၇၄ ဦးနဲ့ ၄၁၁ ဦးကြားသေဆုံးနေတယ်လို့ ဆိုနိုင်တဲ့အကြောင်းအစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

အခုလိုမျိုး မြန်မာကလေးငယ်တွေအတွက် စိုးရိမ်မကင်းရောက်နေရတဲ့ အခြေ အနေနဲ့ပတ်သက်လို့ ထိုင်းအခြေစိုက် ယူနီဆက်ဖ်ရုံးရဲ့ အရှေ့တောင်အာရှဒေသရုံး လက်ထောက် ညွှန်ကြားရေးမှူး ရစ်ချတ်ဘရိုင်ဒန်ကကုသလွယ်၊ ကာကွယ်လွယ်တဲ့ ရောဂါတွေဖြစ်ပေမယ့် အခြေအနေမပေးတဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာ အသက်ငါးနှစ်အောက်ကလေးတွေ သေဆုံးမှုနှုန်းဟာ အာရှမှာ ဒုတိယအမြင့်ဆုံးဖြစ်တာတွေ့ရတယ်လို့ ပြောပါတယ်။


“မြန်မာနိုင်ငံမှာ အသက်ငါးနှစ်အောက်ကလေးတွေ သေဆုံးမှုနှုန်းဟာ ကလေး ၁,၀၀၀ မှာ ၁၀၄ ယောက်ရှိတဲ့အတွက် ဒါဟာ အာရှမှာ အာဖဂန်နစ္စတန်ပြီးရင် ဒုတိယအမြင့်ဆုံးပါပဲ။ မြန်မာနိုင်ငံမှာ ခုလို ကလေးတွေ သေဆုံးမှုနှုန်း မြင့်မားရတာကြောင့် စိုးရိမ်မကင်းဖြစ်စရာကတော့ အမှန်ပါပဲ။ အခုလို အသက်ငါးနှစ်အောက်ကလေးတွေ သေဆုံံးမှုနှုန်း မြင့်မားရတဲ့ အဓိကအကြောင်းရင်းကတော့ စီးပွားရေးအခြေအနေကြောင့်ပါပဲ။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ တဦးကျဝင်ငွေ အနိမ့်ဆုံး နိုင်ငံတွေထဲမှာ ပါဝင်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှုအခြေခံယန္တရား အဆောက်အဦရဲ့ အားနည်းချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ အကဲစမ်းမှုတွေကို ဖြေရှင်းနိုင်စွမ်းနည်းပါးလို့ပါပဲ” လို့ မစ္စတာဘရိုင်ဒန်က ပြောသွားတာပါ။ အထူးသဖြင့် သူထောက်ပြခဲ့တာကတော့ ကလေးတွေ ပညာသင်ကြားခွင့်မရတဲ့ အချက်ပါပဲ။”


“အလယ်တန်းပညာရေးကို ဆက်သင်နိုင်တဲ့ ယောကျ်ားလေးတွေဟာ ၁၀၀ မှာ ၃၈ ဦး၊ မိန်းကလေးက ၃၇ ဦးဆိုတော့ မြန်မာနိုင်ငံမှာ အလယ်တန်းပညာရေး ဆက်တက်နိုင်တဲ့ မြန်မာကလေးဟာ သုံးပုံတပုံလောက်ပဲ ရှိတဲ့သဘောပါ။ အလယ်တန်းပညာရေး မသင်နိုင်ကြရင် ကျန်းမာရေးလုပ်ငန်းတွေမှာ လိုအပ်တဲ့ သူနာပြုတို့၊ ဆရာဝန်တို့လည်း နိုင်ငံက မွေးထုတ်ပေးနိုင်တာ နည်းပါးသွားမှာမို့ နိုင်ငံ့ရဲ့ရှေ့ရေးကတော့ အတော်လေးကို စိုးရိမ်စရာပါပဲ” လို့ မစ္စတာဘရိုင်ဒန်က ပြောသွားတာဖြစ်ပါတယ်။”

လူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်မာစစ်အစိုးရဟာ နိုင်ငံရဲ့ အစိုးရအသုံးစရိတ်ဘတ်ဂျက်မှာ ကျန်းမာရေးအတွက် ၃ ရာခိုင်နှုန်းသာသုံးစွဲပြီး ကာကွယ်ရေးအသုံးစရိတ်အတွက်တော့ ၄၀ ရာခိုင်နှုန်းသုံးစွဲတယ်လို့ ထောက်ပြကြတာ ရှိပါတယ်။

ကနေဒါ နိုင်ငံ အလ်ဘာတာ တက္ကသိုလ်က ကျန်းမာရေလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဒေါက်တာ ခင်စောဝင်းကတော့

“အထူးသဖြင့် အသက်ငါးနှစ်အောက် ကလေးဆိုလို့ရှိရင် မိခင်နဲ့ အများကြီး ဆက်စပ်နေတယ်။ မိခင်ရဲ့ ရင်ခွင်အောက်မှာ နေရတဲ့အချိန်ဖြစ်တယ်။ အဲဒီတော့ ဒီကလေးတွေရဲ့ ကျန်းမာရေးဟာ မိခင်ကိုယ်တိုင်ရဲ့ ကျန်းမာရေးနဲ့လည်း ဆက်စပ်နေတယ်။ မိခင်ရဲ့ ကျန်းမာရေးမှာ မိခင်က ကျန်းမာရေးနဲ့ ပြည်စုံမှုရှိမရှိ အဟာရ ပြည့်စုံမှု ရှိမရှိဆိုတာ ပေါ်မှာလည်း အများကြီးမူတည်တယ်။ နောက်တချက် ကတော့ ကာကွယ်ဆေး ထိုးဖို့ပေါ့။ ကလေးတွေဟာ သူ့အချိန်နဲ့ သူ ကာကွယ်ဆေး ထိုးရမယ်။ ဒီလိုကာကွယ်ဆေးထိုးတဲ့ ကိစ္စကျတော့ အစိုးရနဲ့ အဓိက သက်ဆိုင်နေပါတယ်။ သူ့အချိန်နဲ့ သူ ကာကွယ်ဆေးထိုးဖို့အတွက်က ကလေးတိုင်းဟာ ဗမာပြည်တွင်းမှာ မထိုးနိုင်ကြဘူး။ ကာကွယ်ဆေး ထိုးဖို့နေရာကို မသွားနိုင်တာ၊ လမ်းစရိတ် မတက်နိုင်တာတွေရှိတယ်။ ”

ယူနီဆက်ဖ်အဖွဲ့ အရှေ့တောင်အာရှဒေသရုံး လက်ထောက် ညွှန်ကြားရေးမှူး ရစ်ချတ်ဘရိုင်ဒန်က

“နိုင်ငံတကာလူ့အဖွဲ့အစည်းအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ နိုင်ငံရေး စိုးရိမ်မကင်း ဖြစ်မှုတွေကြောင့် စီးပွါးရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သလို နိုင်ငံ့အတွက် လူသားချင်းစာနာမှု လိုအပ်ချက်တွေပေါ်မှာတော့ နိုင်ငံရေးအကြောင်းကြောင့် တခြားအထောက်အကူတွေကိုမဖြတ်တောက်ပါနဲ့။ ကလေးတွေ အသက်ထပ်မသေစေပါနဲ့” လို့ ယူနီဆက်ဖ် လက်ထောက်ညွှန်ကြားရေးမှူးက ပန်ကြားခဲ့ပါတယ်။”

ဒါ့အပြင် မြန်မာစစ်အစိုးရအနေနဲ့လည်း နိုင်ငံရဲ့ အရင်းအမြစ်တွေကို နိုင်ငံသားတွေရဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုအတွက် ပိုပြီးသုံးစွဲလျာထားဖို့ အရေးကြီးတဲ့အကြောင်းနဲ့ လူသားချင်းစာနာမှု အထောက်အကူပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း အလိုအပ်ဆုံးလူတွေထံ အရောက်ပို့နိုင်ဖို့ အခွင့်အလမ်းတွေ မြန်မာအစိုးရက ဖန်တီးပေးသင့်တယ်လို့လည်း ယူနီဆက်ဖ်တာဝန်ခံက တိုက်တွန်းသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG