သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှခရီးစဉ် မစခင် မစ္စတာဂမ်ဘာရီ ဥရောပအဆင့်မြင့် ကိုယ်စားလှယ်တွေနဲ့ မြန်မာ့အရေး ဆွေးနွေး


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေး မစ္စတာ အီဘရာဟင် ဂမ်ဘာရီ (Ibrahim Gambari) ဟာ ဥရောပ အဖွဲ့ဝင် နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးနေပါတယ်။ အသေးစိတ်ကို မညိုညိုလွင်က အစီရင်ခံထားပါတယ်။

မစ္စတာ ဂမ်ဘာရီဟာ ဘယ်လ်ဂျီယံနိုင်ငံ ဘရတ်ဆဲလ်မြို့ကို မနေ့က ရောက်ရှိပြီး အီးယူ ဥရောပ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အဆင့်မြင့် ကိုယ်စားလှယ် ဟားဗီးယား ဆိုလားနား (Javier Solana) နဲ့ ပြင်ပ ဆက်ဆံရေးရာ ကော်မရှင်နာ မင်းကြီး ဘာနီတာ ဖာရာရို
ဝဲလ်ဒါ (Benita Ferrero-Walder) တို့ကို တွေ့ဆုံ ဆွေးနွေးပါတယ်။

မနေ့က ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မယ်ရီ အိုကာဘေး (Marie Okabe) က - မစ္စတာ ဂမ်ဘာရီအနေနဲ့ အီးယူ အဆင့်မြင့် ကိုယ်စားလှယ်တွေနဲ့ အီးယူ အလှည့်ကျ သဘာပတိတွေကို ဘရတ်ဆဲလ်မြို့မှာ မနေ့က တွေ့ဆုံ ဆွေးနွေးတဲ့အကြောင်း ပြောပြသွားပါတယ်။

မစ္စတာ ဂမ်ဘာရီဟာ လာမယ့် ဇန္နဝါရီလ ၂၉ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို သွားရောက်ပြီး အိန္ဒိယ အာဏာပိုင်တွေနဲ့ တွေ့ဆုံမယ်လို့လည်း ပြောပါတယ်။

ဒီတွေ့ဆုံမှုတွေဟာ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ပေါ်ပေါက်လာဖို့ အတွင်းရေးမှူးချုပ်ရဲ့ ကြားဝင် ဆောင်ရွက်မှုတွေ အပေါ် အထောက်အကူ ပြုရေးအတွက် သက်ဆိုင်ရာ စိတ်ပါဝင်စားတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ အဆင့်မြင့် ကိုယ်စားလှယ်တွေအကြား ညှိနှိုင်းဆွေးနွေးတဲ့ ဆွေးနွေးပွဲတွေ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။

မစ္စတာဂမ်ဘာရီဟာ ဖေဖော်ဝါရီလမှာ တရုတ်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအရေး ကြားဝင်ဆောင်ရွက်နေတဲ့ မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်သွားနိုင်ရေးအတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း က စစ်အစိုးရကို တောင်းဆိုနေပါတယ်။ စစ်အစိုးရဖက်က လာမယ့် ဧပြီလလောက်မှ ခရီးစဉ် ဖြစ်နိုင်တယ်လို့ ပြောဆိုနေတဲ့အတွက် ဝေဖန်ကန့်ကွက်မှုတွေလည်း ရှိနေပါတယ်။

ကြာသပတေးနေ့က ဆွစ်ဇာလန်နိုင်ငံ ဒါဗိုစ်မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲမှာ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး မစ္စတာဂမ်ဘာရီကို မြန်မာနိုင်ငံ အမြန်ဆုံး ပြန်လာခွင့်ပေးဖို့နဲ့ ကုလသမဂ္ဂနဲ့ အပြည့်အ၀ ပူေးပါင်း ဆောင်ရွက်ဖို့ စစ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။

မစ္စတာဂမ်ဘာရီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သံဃာနဲ့ လူထု ဆန္ဒပြပွဲတွေအပြီး မြန်မာနိုင်ငံကို နှစ်ကြိမ် သွားရောက်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ တတိယအကြိမ် ပြန်သွားဖို့အတွက် ကြိုးစားနေသလို ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အာရှနိုင်ငံတွေ တော်တော်များကိုလည်း သွားရောက်ပြီး ဒေသတွင်း ခေါင်းဆောင်တွေနဲ့ မြန်မာ့ဒီမိုကရေစီရေးအတွက် ဆွေးနွေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG