သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာကမ်းမြှောင်နယ်ခြား အီဂျစ်တို့ ပိတ်ပစ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်သေး


လက်နက်ကိုင်ဂါဇာစစ်သွေးကြွတွေရဲ့ ဖောက်ခွဲဖျက်ဆီးပြီးတဲ့နောက် ဂါဇာကမ်းမြှောင်နဲ့နယ်စပ်ကို အီဂျစ်လုံခြုံရေး တပ်ဖွဲ့တွေက နှစ်ရက်ကြာ ပိတ်ပစ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမဲ့လည်း သူတို့ရဲ့ ကြိုးပမ်းမှုတွေ မအောင်မြင်ခဲ့တဲ့ နောက်ပိုင်း အီဂျစ် နယ်စပ်စောင့်တပ်တွေက အရှုံးပေးပြီး ဆုတ်ခွာသွားခဲ့ရပါတယ်။

ဂါဇာဒေသခံထောင်ပေါင်းများစွာ ကတော့ အခြားကုန်ပစ္စည်းတွေနဲ့ အစားအသောက်တွေကို ဝယ်ယူဖို့အတွက် အီဂျစ်နိုင်ငံထဲကို ထပ်ပြီးဖြတ်သန်းခဲ့တဲ့ အကြောင်း ကိုင်ရိုမြို့ကနေ ဗွီအိုအေ သတင်း ထောက် ချားလ်စ် လစ် မက်ခ်ဒေါ့နော့ (Challiss McDonough) က သတင်းပေးပို့ထားတာကို မနန္ဒာချမ်း က တင်ပြထားပါတယ်။

ဂါဇာကမ်းမြှောင်ကနေ အီဂျစ်နိုင်ငံထဲကို အလုံးအရင်းနဲ့ ဖြတ်သန်းလာကြတဲ့သူတွေကို တားဆီးဖို့ အထိကရုဏ်းနှိမ်နင်း ရေး ဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ အီဂျစ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတိပေးမီးကျည်တွေ လေထဲကို ပစ်လွှတ်ခဲ့သလို တယောက်ကို တယောက် လက်ချင်းချိတ်ပြီး စီတန်းထားခဲ့ကြပါတယ်။

အီဂျစ်တွေဖက်က လုံခြုံရေးတံတိုင်းကြီးရဲ့ အဓိကအပေါက်ကို ပိတ်ဆို့ဖို့ ကြိုးပမ်းခဲ့သလိုပဲ စစ်သွေးကြွအုပ်စုတွေက လည်း တခြားအပေါက်တပေါက်ကို ဖောက်ဖို့အတွက် ဘော်ဒိုဇာကားကို အသုံးပြုခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ နယ်စပ် စောင့်တပ်တွေက အဲဒီနေရာ ကနေ ပြန်ဆုတ်ခွာခဲ့ပြီး နယ်စပ်ဟာ ပွင့်လျက်အတိုင်းပဲ ဆက်ပြီး ကျန်ရစ်ခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ လုံထိန်းရဲတွေက လူအုပ်ကြီးကို နောက်ပြန်ဆုတ်သွားအောင် အတင်းကြိုးပမ်းတဲ့အနေနဲ့ အဲဒီလူအုပ်ကြီး တည့်တည့် မီးသတ်ပိုက်တွေနဲ့ ပက်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ အချိန်တော်တော်ကြာ လုံးထွေးသတ်ပုတ်မှု တွေ ဖြစ်ပွားခဲ့ပြီးတော့ တချို့ ပါလက်စတိုင်းတွေက ရဲတွေကို ကျောက်ခဲတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒီ့နောက် နယ်စပ်ကို တနေကုန် လုံးဝပိတ်ပစ်လိုက်တဲ့ အကြောင်း ရဲတွေဘက်က လော်စပီကာတွေနဲ့ ကြေငြာခဲ့ပါတယ်။ ဒါပေမဲ့လည်း မှောင်စပျိုးလာတာနဲ့ အီဂျစ်တပ်ဖွဲ့တွေဟာ စီးနင်းခံခဲ့ရပြီး ဆုတ်ခွာပေးခဲ့ရပါတော့တယ်။

ဂါဇာကမ်းမြှောင်မှာနေထိုင်သူတဦးက သူ့အဆို ကျနော်တို့အီဂျစ်ညီအကိုတော်တွေက ကျနော်တို့အပေါ် ပိုပြီး နားလည်စာနာလိမ့် မယ်လို့ လူတွေက မျှော်လင့်နေခဲ့တာပါ၊ ဒါပေမဲ့လည်း ပါလက်စတိုင်းလူထုနဲ့ အီဂျစ်လုံခြုံရေး တပ်ဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ်မှု တွေဖြစ်သွားတော့ ကျနော် ထိတ်လန့်သွားမိတယ်လို့ ပြောဆိုသွားခဲ့တာပါ။ အီဂျစ်အစိုးရဖက်က နောက်ထပ် ဘာဆက်လုပ်သွားဖို့ စီစဉ်ထားလဲဆိုတာကိုတော့ အခုထိ မသိရသေးပါဘူး။

သောကြာနေ့တုန်းကတော့ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကနေ တစုံတရာမှတ်ချက်မပေးခဲ့ပေမဲ့ ကြာသပ တေးနေ့ကတော့ နယ်စပ်ကို လုံး၀ ပိတ်ပစ်မယ်။ ပြီးတော့ သူ့အဆို အရာအားလုံး ပုံမှန်ပြန်ဖြစ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။

ဂါဇာကမ်းမြှောင်မှာ လက်ရှိအုပ်ချုပ်နေတဲ့ ဟားမတ်စ်အဖွဲ့က အရာရှိတွေကလည်း - ဖြတ်သန်းသွားလာကြတဲ့ အဲဒီ Rafah နယ်စပ် ကို သူတို့အနေနဲ့ ဆက်ပြီးဖွင့်ထားစေချင်တဲ့အကြောင်း ပြောဆိုပါတယ်။ ပြီးတော့လည်း အီဂျစ်နဲ့ အစ္စရေးလ် အာဏာပိုင်တွေကို ဆက်ပြီး ဖိအားပေးတဲ့အနေနဲ့ ပွင့်သွားတဲ့ ဒီနယ်စပ်ကို ဆက်ဖွင့်ထားနိုင်အောင် သူတို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။

ဂါဇာအခြေစိုက် စစ်သွေးကြွတွေကနေ အီဂျစ်ဘက်က နယ်စပ်လုံခြုံရေး အကာအရံ တံတိုင်းကြီးကို ဖောက်ခွဲပြီးကတည်း က ပါလက်စတိုင်း ထောင်ပေါင်းများစွာဟာ အီဂျစ်နိုင်ငံကို ဝင်ရောက် ခဲ့ကြတာပါ။ အီဂျစ်သမ္မတ ဟော့စ်နီ မူဘာရခ့် (Hosni Mubarak) ကလည်း ဒီလူတွေကို ဝင်ခွင့်ပြုဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို သူကိုယ်တိုင် အမိန့်ပေးခဲ့တယ်လို့ ဆိုခဲ့ပါ တယ်။ ဒါကြောင့်လည်း သူတို့တွေ အခုလို အစားအသောက်၊ ဆေးဝါး နဲ့ တခြားလိုအပ်မယ့် ကုန်ပစ္စည်းတွေကို ဝယ်နိုင်တာ ဖြစ်ပြီးတော့ ဂါဇာကမ်းမြှောင်က သူတို့ နေအိမ် တွေဆီကို ပြန်ကြမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

နယ်စပ်မြို့တွေဖြစ်တဲ့ Rafah နဲ့ El-Arish မှာရှိတဲ့ ဈေးဆိုင်တွေဟာ မြန်မြန်ဆန်ဆန်ပဲ ပစ္စည်းတွေ အကုန်ရှင်းကုန်ပါတယ်။ လူ တော်တော်များများကလည်း ဆွေမျိုးတွေဆီ သွားရောက်ဖို့နဲ့ အစားအသောက်ကုန်ပစ္စည်းတွေ ဝယ်ယူကြဖို့ ဦးတည်ချက်နှစ်ရပ်နဲ့ နယ်စပ်ကို ဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

တကယ်တော့ Rafah နယ်စပ်ဟာ ဂါဇာကမ်းမြှောင်ရဲ့ တခုတည်းသော အဝင် - အထွက် လမ်းလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့တပတ် က ဒီနယ်မြေမှာ အစ္စရေးလ်တွေ ပြဌာန်းထားတဲ့ ပိတ်ဆို့မှုတွေကို ဖီဆန်ခဲ့တာကြတာလည်းဖြစ်ပါတယ်။ ဒီနယ်မြေထဲကို လောင်စာဆီနဲ့ အဓိကစားကုန်တွေ သင်္ဘောနဲ့ တင်သွင်းမှုတွေကို အစ္စရေးလ်ဘက်က ပိတ်ပင်တားမြစ် ခဲ့တာပါ။ ပြီးခဲ့တဲ့ ဂျွန်လတုန်းကတည်းက ဂါဇာမှာ ဟားမတ်အဖွဲ့ အာဏာရလာပြီးကတည်းက အီဂျစ်ကို ဖြတ်သန်းသွား တဲ့ Rafah မြို့ကို ပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG