သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အစိုးရ မပြောင်းလဲလျင် အာဆီယံ ပဋိညာဉ်စာတမ်းကို သဘောတူဖို့ မဖြစ်နိုင်ကြောင်း ဖိလစ်ပိုင်သမ္မတ ထပ်ပြော


မြန်မာစစ်အစိုးရက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးဘူးဆိုရင် ဖိလစ်ပိုင် အထက်လွှတ်တော် အနေနဲ့ အာဆီယံ ပဋ္ဋိညာဉ် စာတမ်းကို သဘောတူလိုက်နာဖို့ ခက်ခဲမယ့်အကြောင်း ဖိလစ်ပိုင် သမ္မတ ဂလိုရီယာ မက်ဂါပါကယ် အာရိုယို (Gloria Macapagal Arroyo) က ထပ်မံ သတိပေး ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကတိကဝတ်ပေးထားတဲ့ အတိုင်း ဒီမိုကရေစီရေးအတွက် လုပ်ဆောင်ဖို့ ဆွတ်ဇလန်နိုင်ငံ ဒါဗို့စ်မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲမှာ ဖိလစ်ပိုင်သမ္မတ ဂလိုရီယာ မက်ဂါပါကယ် အာရိုယိုက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အသေးစိတ်ကို ဒေါ်ညိုညိုလွင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ ပဋ္ဋိညာဉ် စာတမ်းကို လက်မှတ်ရေးထိုးပြီး ဒီမိုကရေစီရေးအတွက် လုပ်ဆောင်ဖို့ ကတိပြုမယ်ဆိုရင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဖိလစ်ပိုင် သမ္မတ ဂလိုရီယာ မက်ဂါပါကယ် အာရိုယို က တိုက်တွန်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဆွတ်ဇလန်နိုင်ငံ ဒါဗို့စ်မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲမှာ အာရှ လူ့အဖွဲ့အစည်းအတွင်း အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အသင်းကြီးရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ဆွေးနွေးပြောဆိုတဲ့ အချိန်မှာ ဖိလစ်ပိုင်သမ္မတ ဂလိုရီယာ မက်ဂါပါကယ် အာရိုယို က မြန်မာနိုင်ငံအရေးကို ထည့်သွင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

“မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်လာတာကို ကျမတို့ တွေ့မြင်ရပါလိမ့်မယ်၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တာကို ကျမတို့ တွေ့မြင်ရပါလိမ့်မယ်၊ လက်ရှိ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အသင်းကြီးအနေနဲ့ ကျမတို့ ဖိလစ်ပိုင်နိုင်ငံရဲ့ ရပ်တည်ချက်ကို သိဖို့လိုပါတယ်။”

အာဆီယံ ပဋ္ဋိညာဉ်စာတမ်းကို အဖွဲ့ဝင် နိုင်ငံတွေအကြား လက်မှတ် ရေးထိုးခဲ့တာက ဒေသတွင်း အဖွဲ့အစည်းကြီးအတွက် ကြီးမားတဲ့ ခြေလှမ်း တစ်လှမ်းကို ရှေ့ဆက် တက်လှမ်းလိုက်တာ ဖြစ်ပြီး ဦးဆောင်ဦးရွက် ပြောင်းလဲမှုတွေ မရှိဘူးဆိုရင် အာဆီယံဟာလည်း စစ်မှန်တဲ့ ပြောင်းလဲမှုတွေကို ဖော်ဆောင်နိုင်မှာ မဟုတ်တဲ့အကြောင်း သမ္မတ ဂလိုရီယာ မက်ဂါပါကယ် အရိုယိုက ပြောဆိုပါတယ်။ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ပဲ ဆက်လက်ပြီး -

“မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ ပေါ်ပေါက်လာတာကို မဖြစ်မနေ တွေ့မြင်ရမယ်ဆိုတာ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားရုံတင် မဟုတ်ပါဘူး၊ တကယ်လို့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ ပေါ်မလာဘူးဆိုရင် ဖိလစ်ပိုင် အထက်လွှတ်တော်အနေနဲ့ အာဆီယံ ပဋ္ဋိညာဉ်စာတမ်းကို သဘောတူ လိုက်နာမှာ မဟုတ်ပါဘူး။ အာဆီယံအနေနဲ့ ပကတိ ထိရောက်တဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ခက်ခဲတဲ့ ရွေးချယ်မှုတွေကို ရင်ဆိုင်ရပါလိမ့်မယ်၊ ဒီအတွက် အားလုံး လက်တွဲ ဆောင်ရွက်ရပါလိမ့််မယ်။”

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းကလည်း စကာၤပူနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲအတွင်းမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ မဆောင်ရွက်နိုင်ဘူးဆိုရင် ဖိလစ်ပိုင်နိုင်ငံအနေနဲ့ အာဆီယံ ပဋ္ဋိညာဉ် စာတမ်းကို သဘောတူ လက်မှတ်ရေးထိုးဖို့ ခက်ခဲမယ့်အကြောင်း ဖိလစ်ပိုင် သမ္မတက ပြောဆိုခဲ့ပါတယ်။ အခု ဒီ ပြောဆိုချက်ကို ကမ္ဘာ့ခေါင်းဆောင်တွေကြားမှာ ထပ်ပြီး အတည်ပြု သတိပေးလိုက်တာ ဖြစ်ပါတယ်။

ဒီနေ့ ကမ္ဘာရဲ့ စီးပွားရေး စိန်ခေါ် အကဲစမ်းမှုတွေကို ရင်ဆိုင်နိုင်ဖို့၊ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေရဲ့ အင်အားကြီးထွားလာမှုတွေကို အသိအမှတ်ပြု ကြိုဆိုတဲ့ တချိန်တည်းမှာ အာဆီယံအနေနဲ့ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ ပြောင်းလဲမှုတွေ လုပ်နိုင်ဖို့ လိုတယ်လို့လည်း ဖိလစ်ပိုင် သမ္မတ ဂလိုရီယာ မက်ဂါပါကယ် အာရိုယိုက ပြောဆိုသွားပါတယ်။

ဒေသတွင်း အဖွဲ့အစည်းကြီးရဲ့ ဘုံအကျိုးစီးပွားနဲ့ မြင့်မားတဲ့ မျှော်မှန်းချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ဆိုရင် အပြောင်းအလဲတွေ မဖြစ်မနေ လုပ်ဆောင်နိုင်ဖို့ အာဆီယံ အဖွဲ့ကြီးအနေနဲ့ အပြင်းအထန် ကြိုးစားဖို့ လိုတဲ့ အကြောင်းလည်း သမ္မတ ဂလိုရီယာ မက်ဂါပါကယ် အာရိုယိုက ထည့်သွင်း ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG