သုံးရလွယ်ကူစေသည့် Link များ

အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက် ပြင်ဆင်ထားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေး


ထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အယ်လ်ဒီ ထိပ်ပိုင်းခေါင်းဆောင်တွေ ရန်ကုန်မြို့မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။ ရန်ကုန်မြို့ အစိုးရ ဧည့်ဂေဟာ တခုမှာ ဒီနေ့လည်ပိုင်းက တွေ့ဆုံဆွေးနွေးမှုတွေအတွင်း မြန်မာ စစ်အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးရေးတွေ တိုးတက်မှု မရှိတာတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ဘက်က အားရကျေနပ်မှု မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့သလို ပြည်သူလူထု အနေနဲ့လည်း အဆိုးဆုံး အခြေအနေတွေအတွက် ပြင်ဆင်ထားဖို့ သတိပေးစကား ပြောဆိုလိုက်တယ်လို့လည်း သိရပါတယ်။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အန်အယ်လ်ဒီ ထိပ်တန်းခေါင်းဆောင်တွေ အကြား တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အသေးစိတ် သိနိုင်ဖို့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကို ကိုအောင်လွင်ဦး က ဆက်သွယ် မေးမြန်းထားပါတယ်။

အန်ကယ်တို့ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖြစ်တဲ့ကိစ္စ ဘာတွေများ ဆွေးနွေးဖြစ်ခဲ့ပါသလဲ။

“အဓိကပြောရရင် ဒီ Process (လုပ်ငန်းစဉ်) နဲ့ပတ်သက်ပြီးတော့ Dialogue Process (တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်) နဲ့ပတ်သက်ပြီးတော့ ရှေ့ပိုင်းမှာ ဆွေးနွေးခဲ့တဲ့ အချက်တွေထဲက ဒေါ်အောင်ဆန်းစုကြည်က အရင်ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီးတော့ စီအီးစီ အဖွဲ့ရဲ့သဘောထား ဆွေးနွေးချက်တွေကို တောင်းပါတယ်၊ အဲဒီမှာ ဆွေးနွေးကြပါတယ်။ နောက်တချက်က နောင် ဆွေးနွေးသွားမယ့် အချက်တွေကိုလည်း ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် က စီအီးစီ နဲ့ တင်ပြပြီးတော့ အဲဒီဟာကို သဘောတူညီချက် ယူပါတယ်။ ဆွေးနွေးကြပါတယ်။”

အဲဒါက ဘာအကြောင်းအရာတွေဆိုတာ အန်ကယ်တို့ ပြောလို့ရမလား။

“ပထမဆုံးပြောနိုင်တဲ့အချက်ကတော့ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြေငြာချက် ၁- ၂၀၀၇ ခုနှစ်မှာပါတဲ့ ကိစ္စတွေ လေးချက်၊ ဒေါ်အောင်ဆန်းစုကြည် ဘက်က ဆောင်ရွက်ပေးရမယ်ဆိုပြီးတော့ ဖော်ပြတဲ့ လေးချက်နဲ့ ပတ်သက်ပြီးတော့ မတုန့်ပြန်သေးဘူးဆိုတာ မဟုတ်ဘူး၊ သူတုန့်ပြန်ပြီးပြီဆိုတာ ရှင်းပြတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း သတင်းစာရှင်းလင်းပွဲမှာ မတုန့်ပြန်သေးဘူးလို့ ပြောတာကို သူကန့်ကွက် ပြောဆိုထားတယ် ဆိုတာကို ပြောပြပါတယ်၊”

နောက်တခုက ဒေါ်အောင်ဆန်းစုကြည်က အများပြည်သူကို မှာလိုက်တဲ့စကားတခု ရှိတယ်လို့လည်း ကြားပါတယ်။

“ပြည်သူလူထုကို ဒေါ်အောင်ဆန်းစုကြည် ပေးလိုက်တဲ့ message (သတင်းစကား) က ပထမတချက်က ကျနော်တို့ အကောင်းဆုံးကို မျှော်လင့်ထားသလို၊ အဆိုးဆုံး အခြေအနေကိုလည်း ကျနော်တို့ ခံနိုင်ဖို့ ပြင်ဆင်ထားရမယ်။ နောက် ပြည်သူလူထုကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွဲမှားတဲ့ မျှော်လင့်ချက်မျိုး ဘယ်တော့မှ မပေးပါဘူး၊ အရှိအရှိ အတိုင်း ပြောဆိုဆောင်ရွက် သွားမယ်လို့ အဲဒီလို သတင်းစကားပေးပါတယ်။”

နောက်တချိန်တည်းမှာ၊ မြန်မာစစ်အစိုးရဘက်ကကြတော့ သူကသူ့ရဲ့ လမ်းညွှန်မြေပုံ အတိုင်းပဲသွားဖို့လို့ ပြောထားတာတွေရှိတယ်။ အဲဒီအပေါ်မှာရော ဒေါ်အောင်ဆန်းစုကြည် က ဘယ်လို တုန့်ပြန်ချက် ရှိလဲခင်ဗျ။

“ဒေါ်အောင်ဆန်းစုကြည် က လမ်းစဉ် (၇) ရပ်ဟာ အများပါဝင်နိုင်တဲ့ အခြေအနေဖြစ်ရမယ်လို့ ပထမဆုံး တွေ့ဆုံပွဲမှာ ကတည်းက ပြောဆိုထားပါတယ်။”

နောက်တခုကလည်း မြန်မာစစ်အစိုးရရဲ့ ၀န်ကြီးနဲ့ ဆက်ဆံစကားပြောဆိုနေတဲ့ နေရာမှာ အချိန်ကာလ အကန့်အသတ် မရှိဘူးဆိုတော့ အဲဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဖက်က သိပ်ပြီးတော့ ကျေနပ်မှုမရှိဘူးဆိုတာမျိုးလည်း ကြားပါတယ်။

“ဟုတ်ကဲ့ ဒါအမှန်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အချိန်အကန့်အသတ်မရှိပဲနဲ့ ဆောင်ရွက်နေတယ်၊ အခုလက်ရှိ ဆောင်ရွက်မှုကလည်း လိုအပ်တာထက် အချိန်တွေ ပိုပြီးတော့ ကြာနေတယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် က ဒီအတိုင်း ခံယူထားပါတယ်။”

ဒီနေ့ဆွေးနွေးဖြစ်တော့ အန်ကယ်တို့ ဘယ်သူတွေပါကြပါလဲခင်ဗျ၊

“ကျနော်တို့ လက်ရှိ အပြင်မှာရှိတဲ့ စီအီးစီ (၇) ယောက်နဲ့ ကျနော်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ အားလုံး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် (၉) ယောက်ပေါ့၊ အန်ကယ်ဦးတင်ဦး တယောက်မရောက်ပါဘူး၊ ဒါနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က အန်ကယ်ဦးတင်ဦးကိုပါ ပါဝင်ဖို့ပြောဆိုထားတယ်၊ ဘာကြောင့် မရောက်လဲ ဆိုတာကိုတော့ သူ့အနေနဲ့ မသိဘူလို့ ပြောပါတယ်။”

နောက်တခုက၊ မစ္စတာဂမ်ဘာရီ၊ အီးယူ ဥရောပသမဂ္ဂကိုယ်စားလှယ် ကလည်းပေါ့နော် ဒီမြန်မာ့အရေး ကိစ္စနဲ့ ပတ်သက်ပြီး အာရှနိုင်ငံတွေမှာ အခုဆိုရောက်နေတယ်။ နောက်ပြီး မြန်မာ့အရေးကိစ္စမှာ ဒီထက်ပိုပြီး လုပ်ဖို့ဆိုပြီး အိမ်နီးချင်းနိုင်ငံတွေ အပါအ၀င် လိုက်ပြီး တိုက်တွန်း တောင်းဆိုနေတယ်၊ အဲလိုအခြေအနေမျိုးမှာ အန်ကယ်တို့နဲ့ တွေ့ဆုံခွင့်ရတာ၊ နောက် မြန်မာစစ်အစိုးရ ဆက်သွယ်ရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခွင့်ရတာတွေက ဖိအားပေးနေတဲ့ အရှိန်အဟုန် နည်းနည်းလျှော့သွားအောင် ဆိုပြီးတော့ လုပ်တယ်လို့သုံးသပ်တာတွေလည်း ရှိနေတယ်။ အန်ကယ်တို့ အမြင်ကရော ဘယ်လိုရှိသလဲခင်ဗျ။

“ကျနော့်အမြင်တော့ အဲဒီလိုသုံးသပ်တာမျိုး မလုပ်ချင်ပါဘူး၊ ကျနော်တို့ပြောနိုင်တာကတော့ စီအီးစီ အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဖို့ကိစ္စဆိုတာမျိုးက အမြဲတမ်းကို ဖြစ်နေဖို့ လိုအပ်တယ်၊ မရှိမဖြစ်လိုအပ်တဲ့ အဖွဲ့အစည်း တခုအနေနဲ့ လိုအပ်ချက်ပဲ၊ ဒါဟာ အထူးဆောင်ရွက် ပေးတယ်လို့ဆိုတဲ့ အခြေနေမျိုးနဲ့ ကျနော်တို့ မပြောချင်ဘူး၊ ဒါက အမြဲတမ်းဖြစ်နေရမယ့်ကိစ္စမျိုး၊ အဲဒီတော့ မစ္စတာဂမ်ဘာရီကိစ္စနဲ့ပတ်သက်ရင်လည်း ဒါဟာ ကုလသမဂ္ဂက ဆုံးဖြတ်ချက်အရ ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်ဖို့ စီစဉ်ဆောင်ရွက်ချက်အရ ဖြစ်နေတာ။ ဒါတွေကလည်း ဖြစ်ရမယ့် ကိစ္စတွေပဲလို့ အန်ကယ်တို့ ဒီလိုပဲပြောချင်တယ်။ အချိန် အခုနကလို ဒါတွေနဲ့ တိုက်ဆိုင်ပြီး လုပ်သလား မလုပ်သလားဆိုတာ ကာယကံရှင်တွေပဲ အတွက်ပဲထားလိုက်ပါ့မယ်”

နောက်တခုက ဒီဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေကရော ဘယ်လိုရှိတယ်လို့ အန်ကယ်တို့ သိရလဲခင်ဗျ။

“ကျနော်တို့ အမြင်တော့ ကျန်းမာရေး အခြေအနေကောင်းပါတယ်၊ စိတ်ဓာတ်လည်းကောင်းပါတယ်၊ ခန္ဓာကိုယ်လည်း ကောင်းပါတယ်။”

အပြင်မှာ ကောလဟာလတွေထွက်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နေမကောင်းဘူးဆိုတာမျိုးတွေ၊ ဟိုတလောက အဆိပ်ခတ် ခံရတယ်ဆိုတဲ့ အထိတောင် ကောလဟာလတွေ ထွက်ခဲ့တယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က သူ့ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ အန်ကယ်တို့ကို ပြောတာဆိုတာ ရှိပါလားခင်ဗျ။

“သူတခွန်း ပြောလိုက်ပါတယ်၊ အဲဒီသတင်းတွေကို သူရေဒီယိုကကြားရတယ်၊ တကယ်သာ အဲဒီလို ဖြစ်လို့ရှိရင် အန်ကယ်တို့နဲ့ ကျမဒီနေ့ဒီလို ဘယ်တွေ့နိုင်ပါ့မလဲတဲ့၊ ဒါပဲပြောလိုက်ပါတယ်။”

ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်၊ အန်ကယ်ဦးဥာဏ်ဝင်းခင်ဗျာ၊ အခုလိုရှင်းပြတာ။

ဒါကတော့ ဒီနေ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အန်အယ်လ်ဒီ ထိပ်တန်းခေါင်းဆောင်တွေ အကြား တွေ့ဆုံဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ အန်အယ်လ်ဒီ ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ပြောပြခဲ့တာပါ၊ အခုလိုပြီးခဲ့တဲ့ စက်တင်ဘာ သံဃာတော်တွေဦးဆောင်တဲ့ ဆန္ဒပြပွဲကို အာဏာပိုင်တွေက အကြမ်းဖက် နှိမ်နင်းမှုတွေ လုပ်တာကြောင့် နိုင်ငံတကာက ဖိအားတွေ ဖြစ်လာခဲ့ပြီးတဲ့နောက်တော့ မြန်မာအစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ အန်အယ်လ်ဒီ တို့နဲ့တွေ့ဆုံနိုင်ဖို့ ဆက်ဆံရေးဝန်ကြီးတဦးကို ခန့်ထားခဲ့တာပါ၊ ဒါပေမယ့်လည်း နှစ်ဘက်အကြား ဆက်ဆံရေးတွေဟာ ကြိုကြား၊ ကြိုကြားပဲရှိနေတာမို့ အားမလိုအားမရ ဖြစ်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG