သုံးရလွယ်ကူစေသည့် Link များ

စက်တင်ဘာလှုပ်ရှားသူများ ကြီးလေးတဲ့ စွဲချက်များ တင်ခံနေရ


ပြီးခဲ့တဲ့စက်တင်ဘာ သံဃာတော်တွေဦးဆောင်တဲ့ ဆန္ဒပြမှုတွေနောက်ပိုင်းမှာ ထိန်းသိမ်းခံခဲ့ရတဲ့ လူငယ်အချို့ဟာ အခုဆိုလို့ရှိရင် ကြီးလေးတဲ့ပြစ်ဒဏ်တွေ ကျခံရမယ့်အခြေအနေတွေနဲ့ ရင်ဆိုင်ရမယ်လို့သိရပါတယ်၊ အင်းစိန်ထောင်မှာ ထိမ်းသိမ်းခံနေရပြီးတော့ စောစောပိုင်းက စွဲချက်တင်ထားတဲ့စွဲချက်တွေကို အာဏာပိုင်တွေဘက်က မကြာသေးခင်ကမှ ပြောင်းလဲစွဲဆို လိုက်လို့ ဒီလိုမျိုးအခြေအနေထိဆိုက်ရောက်လာတာပါ၊ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာ မိသားစုတွေနဲ့ ဒီအမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေကို ဒေါ်အေးအေးမာက မေးမြန်းထားပါတယ်။

“ စက်တင်ဘာလှုပ်ရှားမှုကြီးအပြီးမှာ ထိမ်းသိမ်းခံခဲ့ရတဲ့ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် သင်္ချာပထမနှစ်ကျောင်းသား ကိုရဲမြတ်ဟိန်းနဲ့ စီးပွားရေးတက္ကသိုလ်ကျောင်းသား ကိုစည်သူမောင်၊ စီးပွားရေးတက္ကသိုလ်ကျောင်းသား ကိုရဲမင်းဦးတို့ (၃)ဦးကို ပုဒ်မ (၅၀၅) ခ- ကနေ ပုဒ်မ (၁၂၄) က- နိုင်ငံတော်အား အကြည်ညိုပျက်စေမှုနဲ့ အင်းစိန်အနောက်ပိုင်းခရိုင်တရားရုံးမှာ တရားစွဲဆို ခဲ့ကြောင်း မိသားစုက ပြောပါတယ်၊ ဒီပုဒ်မဟာ သေဒဏ်အထိပြောင်းနိုင်တဲ့အတွက် ပုဒ်မကိုပြောင်းပြီး တရားစွဲဆိုလိုက်တဲ့အပေါ် ကိုရဲမြတ်ဟိန်းရဲ့ဖခင်ဖြစ်သူက စိုးရိမ်ပူပန်မိကြောင်းအခုလိုပြောပါတယ်၊

“ လက်ရှိအစိုးရကို မုန်းထားပြီး အကြည်ညိုပျက်အောင် ပြုလို့ကတော့ တသက်တကျွှန်း၊ အနိမ့်ဆုံးကတော့ ငွေဒဏ်နဲ့ ထောင်ဒဏ်(၃)နှစ်လို့ပြောတယ်တယ်ပေါ့လေ၊ အဲဒီတော့ ကျနော်တို့သားက မိဘပြည်သူတွေအတွက် စားဝတ်နေရေးကျပ်တည်းတာကို သူတို့ ကလောင်စာဆီဈေးချပေးပါ၊ ကုန်ဈေးနှုန်းချပေးပါ၊ ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပေးပါ၊ တွေ့ဆုံဆွေးနွေးရေးလုပ်ပေးပါဆိုတာက ဆရာတော်တွေက၊ သံဃာတော်တွေက လုပ်တာလည်း မဟုတ်ဘူးလေ၊ အဲဒီအပေါ်မှာ သူတို့အနေနဲ့ ကျောင်းသားတွေအနေနဲ့ မိဘတွေရဲ့ကိုယ်စားဝိုင်းဝန်းပြီးတော့ သံဃာတော်တွေနောက်က လိုက်သွားရတဲ့ကိစ္စက နိုင်ငံတော်ကို အကြည်ညိုပျက်အောင် လုပ်တာမဟုတ်ပါဘူး၊ အဲဒါကျောန့်သားလိုပေါ့ဗျာ၊ (၁၇)နှစ်ကျော်ကျော်လေးရှိသေးတဲ့ ကျောင်းသားလူငယ်တယောက်ကို ဒီလို ပုဒ်မ(၁၂၄) က- ဆိုပြီးတော့ ဒီလိုတသက်တကျွှန်း အထိ ထောင်ဒဏ် ပေးနိုင်တဲ့ ဥပဒေပုဒ်မကြီးတပ်လိုက်တဲ့အခါကျတော့ောတ်တော်စိတ်မကောင်းဘူး ခင်ဗျ၊”

စစ်အစိုးရရဲ့ပြန်ကြားရေးဝန်ကြီးပြောခဲ့သလို ဆိုရင် သူ့ရဲ့သား(၁၇)နှစ် အရွယ်ဖြစ်သူ သားဖြစ်သူဟာ ဒီလိုကြီးလေးတဲ့ပြစ်ဒဏ်ကို မခံစားသင့်ပဲ ပြန်လည်လွှတ်ပေးသင့်တယ်လို့ အခုလိုပြောသွားပါတယ်၊

“ မစ္စတာဂမ်ဘာရီနဲ့တွေ့ဆုံတဲ့နေရာမှာ အဖွဲ့ခေါင်းဆောင်အနေနဲ့ဆောင်ရွက်သွားတဲ့ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောသွားတာရှိပါတယ်၊ ဟုတ်လား၊ သူတို့အခုကျန်တဲ့သူတွေလွှတ်ပြီးပါပြီ၊ အကြမ်းဖက်တဲ့သူတွေ၊ အဖျက်သမားတွေသာ ဒါတွေ သူတို့အခုနက စီစစ်ပါတယ်၊ အကြမ်းဖက်သမားတွေမဟုတ်ရင်၊ အဖျက်သမားတွေမဟုတ်ရင် သူတို့ပြန်လွှတ်ပါ့မယ်လို့ မစ္စတာဂမ်ဘာရီကိုပြောလိုက်တာ ကျနော်မှတ်မိတယ်ခင်ဗျ၊ အခုတော့ ဒီကျောင်းသားအရွယ်ခလေးလေးတွေဟာ ဒီသံဃာတော်တွေနဲ့ လိုက်ပါသွားတင်နဲ့ ဗိုလ်မှူးချုပ်ကျော်ဆန်းပြောသွားသလို ခလေးတွေက အဖျက်သမားတွေ၊ အကြမ်းဖက်သမားတွေများဖြစ်သွားလားခင်ဗျ။ ခလေးတွေက ဘာမှလည်း အကြမ်းဖက်တာမရှိခဲ့ဘူး၊ ခလေးတွေက ဘာမှလည်း အဇျက်လုပ်ငန်းလုပ်တာမရှိဘဲနဲ့ဆိုရင် ဗိုလ်မှူးချုပ်ကျော်ဆန်းပြောသွားခဲ့တဲ့စကားအရဆိုရင် ဒီခလေးတွေကို ပြန်လွှတ်ပေးသင့်တယ်လို့ ကျနော်မိဘတဦးအနေနဲ့ ယုံကြည်ပါတယ်ဗျာ၊”

ဒီလိုပုဒ်မပြောင်းခြင်းဟာ ဥပဒေအရ မဖြစ်သင့်တဲ့လုပ်ရပ်လို့လည်း ကိုရဲမြတ်ဟိန်းရဲ့ရှေ့နေကြီး ဦးခင်မောင်ရှိန်က အခုလိုပြောသွားပါတယ်၊

“ ဥပဒေအရကတော့ ဒါတွေက မဖြစ်သင့်ဘူးပေါ့နော၊ လုပ်သင့်တာ မလုပ်သင့်တာဆိုတာတော့ သူတို့အပိုင်းလေ၊ ဒီလိုပုံစံမျိုး၊ ဘာလို့ဆိုတော့ စကတည်းက၊ ဖမ်းဆီးစဉ်ကတည်းက ဥပဒေနဲ့အညီပုဒ်မတပ်ပေါ့၊ အဲဒါကို တပ်ခဲ့တယ်၊ ပုဒ်မ (၁၄၃)တို့၊ (၁၄၇)တို့တပ်ခဲ့တယ်၊ ဒါက လူအုပ်စုနဲ့ဆုပူတာတွေကို ပုဒ်မ(၁၄၄)ထုတ်ပြီးတဲ့အချိန်မှာ ထပ်ပြီးတော့ရုန်းရင်းဆန်ကန့်ဖြစ်အောင်လုပ်တယ်ဆိုပြီးတော့ (၁၄၅)တို့နဲ့ တရားစွဲခဲ့တယ်၊ ဒါတွေနဲ့သူတို့ ပြန်ပြောင်းတယ်၊ အဲဒီကနေအခုဟာဆိုလို့ရှိရင် ကိုရဲနိုင်တို့အဖွဲ့ဆိုရင်(၃)ကြိမ်မြောက်ဖြစ်နေပြီ၊ ”

စစ်အစိုးရအနေနဲ့ ဖမ်းဆီးပြီးတော့ တရားစွဲဆိုတဲ့အခါမှာ ပုဒ်မအမျိုးမျိုးတပ်ပြီး တရားစွဲဆိုလေ့ရှိပါတယ်၊ ဒီနေ့မှာဘဲ အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြတာကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအုန်းသန်းကိုလည်း ပုဒ်မ(၅၀၅) ခ- ကနေ အြန်လည်ရုပ်သိမ်းလိုက်ပြီး ဘယ်လိုပုဒ်မနဲ့ ထပ်ပြီး တရားစွဲမလဲဆိုတာမသိရသေးတဲ့အကြောင်း နိုင်ငံရေးလှုပ်ရှားသူတွေကပြောပါတယ်ရှင်၊

ဒါကတော့ ဗွီအိုအေ မြန်မာပိုင်းထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ခဲ့တာပါ၊ အခုလိုမျိုး စွဲချက်တွေနဲ့ရင်ဆိုင်နေရတဲ့ လူငယ်တွေဟာ တက္ကသိုလ် ကျောင်းသား လူငယ်တွေ ဖြစ်တဲ့အပြင် မကြာသေးခင်က စာမေးပွဲတွေပြန်လည်ဖြေဆိုဖို့ ရှိနေတဲ့အတွက် မိဘတွေဘက်ကတော့ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီကို တောင်းခံခဲ့ပေမယ့် ဘာမှ တုန့်ပြန်ချက်မရဘူးလို့လည်း သိရပါတယ်ခင်ဗျ၊

ဆက်စပ်သတင်းများ ...

XS
SM
MD
LG