သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရဖက်က ကလေးစစ်သား အသုံးပြုမှု ပိုများလာကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ဝေဖန်


မြန်မာနိုင်ငံမှာ ကလေးစစ်သားအသုံးပြုတယ်ဆိုတဲ့ သတင်းမီဒီယာတွေရဲ့ ပြောဆိုချက်တွေဟာ မဟုတ်မမှန်ပဲ အစိုးရအာဏာပိုင်တွေအနေနဲ့ ကလေးစစ်သား စုဆောင်အသုံးပြုထားတာတွေကို တရားဝင် ဥပဒေနဲ့ တားမြစ်ထားတယ်၊ ကလေးစစ်သားစုဆောင်းအသုံးပြုတဲ့ တာဝန်ရှိသူတွေကို အရေးယူတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒီကနေ မြန်မာသတင်းစာထဲမှာ ဖော်ပြပါတယ်။ ဒါပေမယ့် ဒီကနေ့မှာပဲ အင်္ဂလန်အခြေစိုက် Burma Campaign UK အဖွဲ့ကနေ မြန်မာစစ်အစိုးရအနေနဲ့ တိုင်းရင်းသားဒေသတွေကို စစ်ဆင်တိုက်ခိုက်တဲ့နေရာမှာ ကလေးစစ်သားတွေကို ယခင်ကထက် ပိုပြီး အသုံးပြုလာတယ်လို့ ပြောပါတယ်။ မြန်မာစစ်တပ်က ကလေးစစ်သားတွေအသုံးပြုတာတွေ မလုပ်တော့ဘူးလို့ ပြောနေတဲ့ကြားကပဲ - ရှေ့တန်းစစ်မြေပြင်တွေမှာ ကလေးစစ်သားတွေ ပိုများလာတယ်လို့ဆိုတော့ ဘယ်လိုအထောက်အထားတွေနဲ့ ပြောနိုင်ပါသလဲလို့ မေးမြန်းတော့ Burma Campaign UK ဒါရိုက်တာ Mark Farmaner က အခုလို ပြောပါတယ်။

“ကျနော် ပြီးခဲ့တဲ့အပတ်တုန်းက ကရင်ပြည်နယ်ထဲမှာရှိပါတယ်။ လူအတော်များများနဲ့ ကျနော် တွေ့ခဲ့ပါတယ်။ အရပ်သားတွေရော ကေအန်အယ်အေ ကရင်စစ်သားတွေကိုပါ တွေ့ဆုံမေးမြန်းတာတွေလုပ်ခဲ့ပါတယ်။ တိုက်ပွဲတွေဖြစ်ကြတဲ့အခါမှာ နအဖ စစ်တပ်ဖက်က ကလေးစစ်သားအသုံးပြုတာတွေ ပိုများလာတယ်လို့ သူတို့ ပြောကြပါတယ်။ ဒီတော့ စစ်အစိုးရအနေနဲ့က လမ်းပေါ်က ကလေးတွေကို အတင်းစုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်တွေကို စေလွှတ်ပြီး အတွေ့အကြုံရှိတဲ့ ကေအန်အယ်အေ စစ်သားတွေနဲ့ တိုက်ခိုက်ခိုင်းနေတာပါ။ ဒီကလေးစစ်သားအတော်များများကို စစ်သင်တန်းလုံလုံလောက်လောက် ပေးမထားတာကြောင့် သူတို့လေးတွေက စစ်ဘယ်လိုတိုက်ရမလဲဆိုတာတောင် မသိပါဘူးတဲ့။ ဒီတော့ ရှေ့တန်းတွေမှာ စစ်အစိုးရဖက်က ကလေးစစ်သားတွေ ပိုအသုံးများလာတာကို ကျနော်တို့ မျက်မြင်အထောက်အထားတွေနဲ့ သိထားရတာပါ။”

မြန်မာအစိုးရဖက်ကတော့ ကလေးစစ်သားအသုံးပြုတယ်ဆိုတဲ့ စွတ်စွဲချက်တွေ နောက်သတင်းမီဒီယာက ဖော်ပြတာတွေကို မဟုတ်ပါဘူးလို့ ငြင်းပယ်နေပါတယ်။ သူတို့ဖက်က အရေးယူကိုင်တွယ်တာတွေလည်း ရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါဆိုရင်ရော ဘာပြောမလဲခင်ဗျ။

“အခုဆိုရင် စစ်တပ်က ကလေးစစ်သားတွေအတော်များများ ပိုစုလာပါတယ်။ နအဖ တပ်ထဲမှာ လည်း တပ်ပြေးတွေ ပိုများလာပါတယ်။ Human Rights Watch လူ့အခွင့်အရေး စောင့်ကြပ်မှုအဖွဲ့ဆိုရင်လည်း မြန်မာနိုင်ငံတွင်း ကလေးစစ်သား အသုံးပြုတာနဲ့ ပတ်သက်လို့ မကြာခင်ကပဲ နောက်ထပ် အစီရင်ခံစာတခု ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ကလေးစစ်သားတွေအသုံးပြုတာကို အချက်အလက်အထောက်အထားရထားချိန်မှာပဲ စစ်အစိုးရဖက်ကလည်း တဖက်က အကြီးအကျယ်ကို လိမ်လည်နေပါတယ်။ သူတို့ ကလေး စစ်သားအသုံးပြုတာတွေ မလုပ်တော့ပါဘူး ပိတ်ပင်ထားပါတယ်ဆိုပြီး ကုလသမဂ္ဂကို လိမ်ညာပြောနေပါတယ်။ ”

မြန်မာစစ်အစိုးရဖက်ကတော့ သူတို့အနေနဲ့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ ပူးပေါင်း ဆောင်ရွက် ပါတယ်လို့ ပြောနေပါတယ်။ ဒါကိုရော ဘယ်လိုမြင်သလဲခင်ဗျ။

“ဒါကလည်း လိမ်ညာနေတာပါ။ အိုင်အယ်အိုကိစ္စမှာလည်း အလားတူလို လိမ်နေတာပဲလေ။ သူတို့ ကုလသမဂ္ဂနဲ့ပူးပေါင်းဆောင်ရွက်နေတယ်ပြောပါတယ်။ ဒါမှ ဟုတ်မှမဟုတ်တာ။ မနေ့ကလည်း ဒီလိုပဲ သူတို့ကုလသမဂ္ဂနဲ့လက်တွဲဆောင်ရွက်နေပါတယ်ပြောပါတယ်။ တကယ်တမ်းက ကုလသမဂ္ဂနဲ့ တွဲပြီး ဒီအတွက် လုပ်ငန်းဆောင်ရွက်မယ့် တိကျတဲ့လုပ်ငန်းစဉ်မျိုး အဖွဲ့မျိုး ရှိတာမှ မဟုတ်တာ။ ကျနော်တို့ သိထားသမျှကတော့ဒါအားလုံးက အလိမ်တွေချည်းပါ။ အခုဆိုရင် ပဋိပက္ခဖြစ်နေတဲ့နေရာ ရှေ့တန်းစစ်မြေပြင်ကို ကရင်လူထုကို တိုက်ဖို့ ကလေးစစ်သားတွေ ပိုအသုံးပြုလာပါတယ်။ အဓိကအချက်ကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူ ကိုင်တွယ်လာမှာကို သူတို့ အဓိက စိုးရိမ်တာပါ။ နိုင်ငံတကာဥပဒေအရ မဖြစ်မနေလုပ်ရမယ့် ဆုံးဖြတ်ချက်မျိုး ထွက်လာမှာကို စိုးရိမ်တာပါ။”

အခုလာမယ့် ဖေဖဝါရီလထဲမှာပဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ကမ္ဘာပေါ်က ကလေးစစ်သား အသုံးပြုတွေနဲ့ပတ်သက်လို့ ဆွေးနွေးကြဖို့ရှိပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးမယ်လို့ ယူဆရပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကလေးစစ်သား အသုံးပြုမှု အဆိုးဆုံးနိုင်ငံ တနိုင်ငံအနေနဲ့ နို်င်ငံတကာရဲ့ ဝေဖန်အပြစ်တင်မှုတွေခံရသလို၊ ဒါနဲ့ပတ်သက်လို့ အထောက်အထားတွေ အစီရင်ခံစာတွေလည်း မကြာခဏ ထွက်လာလေ့ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG