သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တွေ့ဆုံဆွေးနွေးရေး အရှိန်မြင့်ဖို့ အီးယူ အထူးကိုယ်စားလှယ် မြန်မာစစ်အစိုးရအားတိုက်တွန်း


မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအခြေအနေ တိုးတက်လာအောင် တွန်းအားပေးဘို့ ရည်ရွယ်ပြီး အီးယူ ဥရောပ အဖွဲ့ဝင်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ပီယာရို ဖက်ဆီနိုဟာ အာရှ နိုင်ငံတွေကို သွားရောက်နေပါတယ်။ အိန္ဒိယနိုင်ငံ နယူးဒေလီကို မသွားခင် မနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ကုလသဂ္ဂရုံးမှာ သတင်းထောက်တွေကို တွေ့ဆုံပြီး မြန်မာစစ်အစိုးရဘက်က တွေ့ဆုံဆွေးနွေး ရေးအတွက် ဆက်ပြီးဆောင်ရွက်ဘို့ လိုတဲ့အကြောင်း အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

“မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ ကိုယ်စားလှယ်အကြား ပထမတွေ့ဆုံမှုတွေဟာ သိပ်ကို အရေးကြီးတဲ့ ဆွေးနွေးမှုတွေပါ။ ဒါပေမယ့်လည်း စစ်အစိုးရဘက်က အခု ပိုပြီး အပြုသဘောဆောင်တဲ့ ခြေလှမ်းသစ်တွေနဲ့ ရှေ့ဆက်ဆောင်ရွက်ဘို့ လိုပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ အတိုက်အခံတွေနဲ့ မြန်မာနိုင်ငံအတွင်းက လူ့အဖွဲ့အစည်းအားလုံးနဲ့ စစ်မှန်တဲ့ ဆွေးနွေးပွဲတွေ လှမ်းဖွင့်ပေးဘို့ လိုအပ်ပါတယ်။ ဒီလို လမ်းဖွင့်ပေးတာကနေ မစ္စတာ ဂမ်ဘာရီအနေနဲ့လည်း မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

အာစီယံ အလှည့်ကျ သဘာပတိအဖြစ် ထိုင်းနိုင်ငံက တာဝန်ယူပြီးတဲ့အချိန်မှာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ အာစီယံရဲ့ ပါဝင်ဆောင်ရွက်မယ့် အခန်းကဏ္ဍကို ပိုပြီး မျှော်လင့်တဲ့အကြောင်းလည်း မစ္စတာပီယာရို ဖက်ဆီနိုက ပြောဆိုပါတယ်။ ထိုင်း နိုင်ငံခြားရေး ဝန်ကြီး နစ်တယာ ပစ်ဘာလ်ဆွန်ဂရမ် (Nitya Pibulsonggram)ကတော့ မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်တာကို တွေ့မြင်လိုပါတယ်လို့ ပြောဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီနိုင်ငံ တစ်ခုအဖြစ် ပြောင်းလဲတာကို ထိုင်းနဲ့ ဒေသတွင်းနိုင်ငံတွေက တွေ့မြင်လိုတဲ့အကြောင်းနဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ ဂမ်ဘာရီရဲ့ မြန်မာ့အရေးကြားဝင်ကျိုးပမ်းချက်တွေကို ထိုင်းနိုင်ငံအနေနဲ့ ထောက်ခံတဲ့အကြောင်း ပြောဆိုပါတယ်။

တရုတ်၊ ထိုင်းနဲ့ ဒေသတွင်းနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးရေးတွေ ပေါ်ပေါက် လာအောင် စစ်အစိုးရအပေါ် စီးပွားရေးအရ သြဇာလွှမ်မိုးမှုကို အသုံးချပြီး တိုက်တွန်းပေးဘို့လည်း ဥရောပ အထူးကိုယ်စားလှယ် မစ္စတာ ပီယာရို ဖက်ဆီနိုက တောင်းဆိုပါတယ်။

လာမယ့် ဂျုလိုင်လာ ငါးရက်နေ့နောက်ပိုင်းမှာ ထိုင်းနိုင်ငံအနေနဲ့ အာစီယံ အရှေ့တောင်အာရှ နိုင်ငံများ အသင်းကြီးရဲ့ သဘာပတိ တာဝန်ယူရပါတော့မယ်။ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးပြသနာတွေကို စေ့စပ် ညှိ့နိုင်းရေးမှာ အာစီယံအနေနေနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နိုင်မယ်လို့ မျှော်လင်ပါတယ်။ စကာၤပူမှာကျင်းပတဲ့ အာစီယံ ထိတ်သီးဆွေးနွေးပွဲမှာ ဒေသတွင်းနဲ့ အဖွဲဂအစည်းဝင်နိုင်ငံတွေအားလုံး လူ့အခွင့်အရေးကို လေးစားလိုက်နာဘို့ အရေးကြီးတဲ့အကြောင်း ပဋ္ဋိညာဉ် စာတမ်းကို ရေးဆွဲချမှတ်ခဲ့ကြပါတယ်။ ဒီလို ချမှတ်ခဲ့တာကို ကျနော်တို့အနေနဲ့ ဝမ်းမြောက်မိပါတယ်။ ဒီပဋ္ဋိညာဉ် စာတမ်းဟာ မြန်မာနိုင်ငံ အတွင်း အကျပ်အတည်းတွေကို ရလာဒ်ကောင်းတွေထွက်လာအောင် ဖြေရှင်းပေးနိုင်ဖို့အတွက် အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်ရုံတင်မဟုတ်ဘဲ ဒေသတွင်းမှာ မဟာဗျုဟာကျတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့အတွက် မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လာရင် ထိုင်းနိုင်ငံရဲ့ ရပ်တည်ချက်က အရေးကြီးတဲ့အကြောင်း မစ္စတာ ပီယာရို ဖက်ဆီနိုကပြောပါတယ်။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး နစ်တယာ ပစ်ဘာလ်ဆွန်ဂရမ်ကတော့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လာရင် ဥရောပအဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားနဲ့ ထိုင်းနိုင်ငံရဲ့ သဘောထား ထပ်တူထပ်မျှပါပဲလို့ ပြောဆိုပါတယ်။

ဒါပေမယ့်လည်း ထိုင်း နိုင်ငံမှာ အစိုးရသစ်ကို ရွေးချယ်ဖွဲ့စည်းထားပြီး လက်ရှိ ထိုင်းအစိုးရက နောက်ထပ် ဆယ်ရက်လောက်ဆိုရင် တာဝန်ယူမှု အဆုံးသတ်တော့မှာဖြစ်ပါတယ်။ ရေရှည်ဖြေရှင်းရတဲ့အရေးကိစ္စတွေနဲ့ပတ်သက်လို့ နောင်တာဝန်ယူမဲ့ ထိုင်းအစိုးရအပေါ်မှာ မူတည်တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG