သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ စစ်တပ်အတွင်းမှာ ကလေးစစ်သား စုဆောင်းနေဆဲ၊ ကုလသမဂ္ဂအစီရင်ခံစာ ထုတ်ပြန်


မြန်မာနိုင်ငံအတွင်း အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို စစ်သားအဖြစ် စုဆောင်းတဲ့ တာဝန်ရှိသူတွေကို အရေးယူ အပြစ်ပေးနေတဲ့အကြောင်း မြန်မာစစ်အစိုးရက ကြေညာပေမယ့် အသက်မပြည်သေးတဲ့ ခလေးငယ်တွေ လက်နက်ကိုင် ပဋိပက္ခကြားမှာ အမှုထမ်းနေရဆဲဖြစ်တဲ့အကြောင်း လုံခြုံရေးကောင်စီကို တင်ပြတဲ့ ကုလသမဂ္ဂ အစီရင်ခံစာနဲ့ ကလေးစစ်သား အဖြစ် အမှုထမ်းခဲ့သူတွေက က ပြောဆိုပါတယ်။ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားရာ နေရာတွေကို သွားရောက်ပြီး သတင်းအချက်အလက် စုံစမ်းစစ်ဆေးနိုင်ခြင်း မရှိတာဟာ ကလေးစစ်သားအသုံးပြုမှုတိုက်ဖျက်ရေးအတွက် အဓိက အဟန့်အတားဖြစ်တယ်လို့လည်း ကုလသမဂ္ဂအရာရှိတွေက ပြောပါတယ်။ အသေးစိတ်ကို ဦးသိန်းထိုက်ဦးက တင်ပြပေးပါတယ်။

ကုလသဂ္ဂလုံခြုံရေးကောင်စီကို တင်ပြတဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ ၁၃ နိုင်ငံမှာ အသက်မပြည့်သေးတဲ့ ခလေးငယ်တွေကို လက်နက်ကိုင် ပဋိပက္ခကြားမှာ စစ်သားအဖြစ် အမှုထမ်းခိုင်းနေဆဲကဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ကလေးသူငယ်တွေ လက်နက်ကိုင် ပဋိပက္ခကြားမှာ လက်နက်ကိုင်ခိုင်းမှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးတဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စ ကွန်မာရာဆွာမိ (Ms. Coomaraswamy) က မနေ့က ကုလသဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အခုလို ပြောဆိုပါတယ်။

“မြန်မာနိုင်ငံအတွင်းမှာလည်း ကလေးစစ်သား အဖြစ် စုဆောင်းနေတာတွေ ဆက်ပြီး ရှိနေဆဲဖြစ်ပါတယ်။ မြန်မာ စစ်အစိုးရနဲ့ ဒီလို ခလေးစစ်သား အသုံးပြုတာတွေကို အရေးယူဆောင်ရွက်ဘို့ စေ့စပ်ညှိနိုင်းပြီး အစီအစဉ်တွေ ချမှတ်ထားပေမယ့် စုဆောင်းတာတွေ ဆက်ပြီး ရှိနေပါတယ်။ ဒီလို အရေးယူရေး အစီအစဉ်တွေကို ကရင် ကရင်နီ တိုင်းရင်းသားအဖွဲ့တွေနဲ့လည်း သဘောတူ ချမှတ်နိုင်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။”

ကလေးစစ်သားတွေ လက်နက်ကိုင် ပဠိပက္ခတွေကြားမှာ အသုံးမပြုရေးကို ပြီးခဲ့တဲ့လေးနှစ် ဆက်တိုက် တစိုက်မတ်မတ် ဖေါက်ဖျက်ကျုးလွန်ခဲ့တဲ့ အဖွဲ့အစည်း ၁၆ ခုရှိပါတယ်။ ဘရွန်ဒီ၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ (ဒီအာစီ)၊ မြန်မာ၊ ဆူဒန်၊ ကိုလမ်ဘီယာ၊ နီပေါ၊ ဖိလစ်ပိုင် သိရိလကာၤနဲ့ ယူဂန်ဒါ နိုင်ငံတွေက လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်ပါတယ်။

ဒီလို လုံခြုံရေးကောင်စီကို ကလေးစစ်သားတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတင်သွင်းတဲ့ တချိန်တည်းမှာ မြန်မာစစ်အစိုးရကလည်း အသက်မပြည့်သေးတဲ့သူတွေကို စစ်သားအဖြစ် စုဆောင်းနေသူတွေကို အရေးယူ အပြစ်ပေးနေတဲ့အကြောင်း ကြေညာလိုက်ပါတယ်။

မြန်မာစစ်အစိုးရ က ပြီးခဲ့တဲ့ ငါးနှစ်အတွင်း အသက်မပြည့်သေးတဲ့ ခလေးငယ်တွေကို စစ်သားအဖြစ် အမှုထမ်းခိုင်းခဲ့တဲ့အတွက် စစ်တပ်အရာရှိတချို့အပါအဝင် စစ်တပ်အမှုထမ်း ၄၃ ယောက်ကို အရေးယူ အပြစ်ပေးခဲ့တယ်လို့ ကြေညာပါတယ်။ တချိန်တည်းမှာ အသက်မပြည့်သေးတဲ့ ခလေးငယ် ၇၉၀ ကျော်ကို စစ်တပ်ကနေ မိဘတွေဆီ ပြန်ပို့ခဲ့တယ်လို့ မြန်မာစစ်အစိုးရ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှာ ကာကွယ်တားဆီးထိမ်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ စစ်ရေးချုပ် ဗိုလ်ချုပ် သူရမြင့်အောင်က ပြောဆိုသွားပါတယ်။ ဒါပေမယ့်လည်း ခလေးစစ်သား စုဆောင်းခဲ့သူတွေကို ဘယ်လို တိတိကျကျအရေးယူ တယ်ဆိုတာကိုတော့ အတိအကျ ပြောဆိုခဲ့တာ မရှိပါဘူး။

ကမ္ဘာတဝှမ်း ကလေးငယ် နှစ်သိန်းခွဲကနေ သုံးသိန်းအကြား လက်နက်ကိုင် ပဠိပက္ခကြားမှာ စစ်မှုထမ်းနေရတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာက ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ကေနန်ယူ ကရင်အမျိုးသားအစည်းအရုံးနဲ့ ကရင်နီ လူမျိုးပေါင်းစုံ တိုးတက်ရေးအဖွဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားမှာ ကလေးစစ်သားတွေ စုဆောင်းတယ်ဆိုတဲ့ သတင်းတွေ ထပ်မရပေမယ့် အတိအကျ သတင်းအချက်အလက် စုံစမ်းစစ်ဆေးလို့ မရတဲ့အကြောင်းကိုလည်း အစီရင်ခံစာက ဆိုပါတယ်။

ကေနန်ယူ ကရင်အဖွဲ့ ခွဲထွက်သွားတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီက မယ်လ ဒုက္ခသည်စခန်းက ကလေးငယ်တွေကို အတင်းအကြပ် လက်နက်ကိုင်ခိုင်းဘို့ စုဆောင်းနေတယ်ဆိုပြီး ရည်ညွှန်းတဲ့ သတင်းတွေ ထွက်ခဲ့သလို ယူဒဘလျု အက်စ်အေ ၀ လက်နက်ကိုင်အဖွဲ့။ အက်စ်အက်စ်အေ တောင်ပိုင်းနဲံ ကိုးကန့်လက်နက်ကိုင်အဖွဲ့တွေအပါအဝင် လက်နက်ကိုင်အဖွဲ့တွေကလည်း အသက်မပြည့်တဲ့ ကလေးငယ်တွေကို စစ်သားအဖြစ် စုဆောင်းနေတယ်ဆိုတဲ့ သတင်းတွေ ရတဲ့အကြောင်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စ ကွန်မာရာဆွာမိ (Ms. Coomaraswamy) က

“မြန်မာနိုင်ငံရဲ့ အဓိက ပြသနာက ကုလသမဂ္ဂအနေနဲ့ ပဠိပက္ခဖြစ်နေတဲ့ နေရာတွေကို သွားရောက်ပြီး သတင်းအချက်အလက်တွေ မှန်မမှန် တိတိကျကျ စုံစမ်းခွင့်မရှိတာပါပဲ။ အစီရင်ခံစာမှာလည် ဒီကိစ္စကို ကျမတို့ ဖေါ်ပြထားပါတယ်။ စစ်အစိုးရက ကလေးစစ်သားတွေကို အသုံးပြုတာနဲ့ပတ်သက်ပြီး တားမြစ်နိုင်ဘို့ ကော်မတီဖွဲ့တာ၊ ယူနီဆက်ဖ်နဲ့ ပူးပေါင်းပြီး အရေးယူ အပစ်ပေးနိုင်ရေး စီမံချက်တွေ ချမှတ်တာတွေ ရှိပါတယ်။ ဒါပေမယ့်လည်း မြန်မာစစ်တပ်ဟာ တပ်အင်အားကြီးတဲ့ စစ်တပ်တခုဖြစ်ပြီး စစ်တပ်ကပဲ သူ့ဘာသာ အရေးယူဆောင်ရွက်တယ်လို့ ပြောဆိုနေတာပဲ ရှိပါတယ်။ ကျမတို့အနေနဲ့ သွားရောက်ပြီး မှန်မမှန်အတည်ပြုနိုင်တာ မရှိပါဘူး။”

မကြာသေးခင် လပိုင်းအတွင်းက ရခိုင်ပြည်နယ် ဘူးသီးတောင်အခြေဆိုက် ခမရ ၅၆၄ ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ စစ်သားတစ်ယောက်ကတော့ သူဟာ အသက် ၁၄ နှစ်အရွယ်က စစ်တပ်ထဲမှာ အမှုထမ်းဘို့ ခေါ်သွားခံခဲ့ရတဲ့ အကြောင်းနဲ့ တပ်ထဲမှာ သူ့လို ဘဝတူ အသက်မပြည့်သေးတဲ့သူတွေ အများကြီးရှိသေးတဲ့အကြောင်း ဗီအိုအေကို အခုလိုပြောဆိုပါတယ်။

ဆယ့်လေးနှစ်လောက်တုန်းက စစ်တွေမှာ သင်္ကြန်ကျနေတုန်း စစ်သားတွေက ခေါ်သွားတာ၊ စုဆောင်းရေးမှာ တစ်ရက်နှစ်ရက်လောက်နေရတယ်။ နောက် သင်တန်းကျောင်းကို ပို့လိုက်တယ်။ ဗမာလေးတွေလည်း ပါတယ်၊ ပြီးတော့ ရခိုင်တွေလည်း ပါတယ်။ တပ်ထဲမှာ အငယ်ဆုံးကလေးက ဆယ့်သုံးဆယ့်လေးလောက်တွေလောက်တောင် ရှိတယ်။ အခု တပ်ထဲမှာ သင်တန်းဆင်းလာတဲ့ ကောင်လေးတွေရယ် အရင်လက်ရှိရယ်ဆိုရင် အရောက်လေးဆယ်ကျော်နီးပါးလောက်တော့ ရှိတယ်။ တပ်ထဲမှာက တစ်ရာကျော်လောက်ပဲ ရှိတယ်။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ဒီလို ကလေးစစ်သားအသုံးပြုတဲ့ နိုင်ငံတွေကို ခရီးသွားလာခွင့် ပိတ်ပင်ဘို့နဲ့ ဘဏ္ဍရေးအရ အရေးယူ အပြစ်ပေးဘို့ တိုက်တွန်းတောင်းဆိုထားပါတယ်။

မကြာသေးခင်နှစ်တွေအတွင်းကပဲ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့တွေက မြန်မာနိုင်ငံအတွင်းမှာ ကလေးစစ်သား ခွန်သောင်းလောက်အထိ ရှိနိုင်မယ်လို့ ခန့်မှန်းခဲ့ဘူးပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအတွင်းမှာလည်း အသက်မပြည့်ဘဲ လက်နက်ကိုင်နေတဲ့ ကလေးငယ် ခွန်ထောင်လောက်အထိ ရှိနိုင်မယ်လို့ ခန့်မှန်းခဲ့ဘူးပါတယ်။

ကလေးစစ်သားအသုံးပြုမှု တားဆီးရေး ညွန့်ပေါင်းအဖွဲ့ဆိုရင် မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာ လက်နက်ကိုင်ထားသူတွေရဲ့ ၂၀ ရာခိုင်နုံး စုစုပါင်း မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင် ကိုးသောင်းလောက်ဟာ အသက် ၁၈ နှစ်အောက်တွေ ဖြစ်တယ်လို့တောင် ပြောဆိုခဲ့ဘူးပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG