သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံရေး အလားအလာ အကောင်းထက် အဆိုးသာ ဖြစ်နိုင်ဟု ညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ် သုံးသပ်


ဒေါ်အောင်ဆန်းစုကြည်က အကောင်းဆုံးကိုတော့ မျှော်လင့်ပါ။ ဒါပေမဲ့ အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားပါလို့ မြန်မာပြည်သူတွေကို မှာကြားလိုက်တာနဲ့ ပတ်သက်ပြီး ဘယ်လိုများ နားလည်ရပါ့မလဲ။ NCGUBလို့ ခေါ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်း အစိုးရ ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်းကတော့ အဆိုးဘက်ကိုသာ ပိုပြီး ဖြစ်နိုင်မယ်လို့ ဗွီအိုအေကို ပြောကြား လိုက်ပါတယ်။

“အတိအကျတော့ ပြောလို့မရဘူးပေါ့နော်။ သို့သော်လည်းပဲ ဖြစ်ပျက်နေတဲ့ အစဉ်ကို ကြည့်ရင်တော့ အဓိပ္ပါယ်ကောက်ရလွယ်ပါတယ်။ လွယ်တယ်ဆိုတာက နအဖကနေပြီးတော့ အချိန်ဆွဲတဲ့ ပုံသဏ္ဍန် တွေ၊ မစ္စတာ ဂမ်ဘာရီ မလာခင်မှာ လုပ်ပြနေတဲ့ ပုံသဏ္ဍန်တွေ၊ နောက်ဆုံးပိတ် ဒေါ်အောင်ဆန်းစုကြည် နဲ့ အဖွဲ့နဲ့ တွေ့တာတောင်မှ ဦးတင်ဦး မပါဘူး။ ဒီလိုလုပ်ရပ်မျိုးတွေက မရိုးသားတဲ့ လုပ်ရပ်မျိုးတွေလို့ပဲ ကျွန်တော်တို့ မြင်တယ်။ အချိန်ဆွဲတဲ့ လုပ်ရပ်မျိုးတွေ၊ ချွေးသိပ်ထားတဲ့ လုပ်ရပ်မျိုးတွေကို ကျွန်တော်တို့ မြင်တယ်။ နောက်ပြီးတော့ အခုတမျိုး၊ ဟိုလိုတမျိုး၊ ဒီလိုတမျိုးပြော။ အဲဒါမျိုးတွေကို ကြည့်ခြင်းအားဖြင့် မျှော်လင့်ချက်တော့ ထားပေါ့နော်။ သို့သော် လည်းပဲ ဒီလုပ်ရပ်တွေကို ကြည့်ခြင်းအားဖြင့် ဆိုးတဲ့အပိုင်းကိုပဲသွားနိုင်တယ်။ အဲဒီအတွက်ကိုပဲ ပြင်ဆင်ထားပေါ့။”

အဆိုးဆုံးဆိုတာကရော ဘယ်လောက်အထိ ဖြစ်လာနိုင်ပါသလဲခင်ဗျ။

“အဆိုးဆုံးကတော့ သူတို့ပြောနေတဲ့ Roadmap (၇)ချက်ကို ဘယ်သူမှမခေါ်၊ ဘယ်သူနဲ့မှ မဆွေးနွေးဘဲနဲ့ ဒီပုံစံကြီးအတိုင်း ဆက်လုပ်တယ်ဆိုရင် ဒါဟာ အဆိုးဆုံးပဲပေါ့။ ကျွန်တော်တို့ အဖြေရှာဖို့ နည်းလမ်းပိတ်သွားပြီပေ့ါ။ တိုင်းပြည်လဲပဲ ဒီထက်ပိုပြီးတော့ ဆိုးဖို့ပဲရှိတော့တာပေါ့။ ဒီလိုပဲ ဆိုးနိုင်တာဘာလဲဆိုတော့ အချိန်ဆွဲတာပဲ။ နောက် ဥပဒေရေးဆွဲရေး ပထမအဆင့်တောင်မှ ဒီလောက်ကြာနေရင် (၉၃)မှာစတယ်၊ အခုမှပြီးတယ်၊ နောက်ထပ်လည်း (၇)ချက်ဆိုတော့ ဆက်ပြီး တော့ အချိန်ဆွဲရင်လည်း ဒီလိုပဲ ဆိုးမှာပဲ။ တိုင်းပြည်က မြုပ်သထက် မြုပ်တော့မယ်။ ဒီအချက် နှစ်ချက်စလုံးက ကျွန်တော်တော့ အဆိုးဆုံးလို့ မြင်တယ်လေ။”

နောက်တခုက သမိုင်းကို ပြန်ကောက်ရင် မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းစဉ်တုန်းက ဗိုလ်ချုပ် အောင်ဆန်းဟာ ဘိလပ်ကို သွားပြီး လွတ်လပ်ရေး စကားပြောဖို့ အသွားမှာလည်း ဒီစကားကို မှာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအခါတုန်းကတော့ အဆိုးဆုံးဖြစ်မလာဘဲနဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေး ခေါင်းဆောင်တွေဟာ ဗြိတိသျှအစိုးရနဲ့ အပေးအယူတည့်ပြီးတော့ လွတ်လပ်ရေး ရလာခဲ့တယ်ပေါ့။ အကောင်းဘက်ကို ရောက်ရှိခဲ့ပါတယ်ဆရာ။ အခုရော အဲဒီလိုမျိုး အကောင်းဘက် ကိုရော ရောက်သွားနိုင်မလား။

“အဲဒါကတော့ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ Time-bound ဆိုတာ အရေးကြီး ပါတယ်။ အချိန်အကန့်အသတ်နဲ့ လုပ်တဲ့အလုပ်ပေါ့။ အခုပဲကြည့် နှစ်ပေါင်းများစွာ ကြာလာပြီ။ ဂတိကဝတ်တွေကိုလည်း ဆက်တိုက်ပဲ ပျက်ကွပ်နေတယ်။ နောက်ပြီးတော့ တကယ့်ကို ရိုးသားတဲ့ မူလက္ခဏာတွေလည်း မပြဘူး။ နောက်ပြီးတော့ စတင်စကားပြောဖို့လည်းပဲ အခြေခံနဲ့ အတိအကျ စကားပြောဖို့လည်း ပျက်ကွက်နေရင်တော့ ဘယ်လိုမှ အကောင်းဘက်ကို လှည့်မှာမဟုတ်ဘူး။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG