သုံးရလွယ်ကူစေသည့် Link များ

ဒေါ်စုနဲ့ အဲန်အယ်လ်ဒီကို ပံ့ပိုးကြဖို့ ထိန်းသိမ်းခံ ၀ါရင့် သတင်းစာ ဆရာကြီး ဦးဝင်းတင် တိုက်တွန်း


ဆေးရုံတင်ခံထားရတဲ့ ၀ါရင့် သတင်းစာ ဆရာကြီး တစ်ဦးလည်းဖြစ်၊ နိုင်ငံရေး အကျဉ်းသားလည်းဖြစ်တဲ့ ဦးဝင်းတင်က လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို သတိပေးတဲ့ သတင်းစကား ပြောကြား လိုက်တယ်လို့ ရင်းနှီးတဲ့ သူ့ရဲ့ မိတ်ဆွေ ဦးမောင်မောင်ခင် က ပြောပါတယ်။

ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ဒေါ်သင်းသီရိက ဦးမောင်မောင်ခင်ကို ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

ဦးဝင်းတင်ဟာ အင်းစိန်ထောင်ကနေပြီးတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၂ ရက်နေ့က ရန်ကုန်ဆေးရုံကြီးကို အူကျရောဂါ ခွဲစိပ်ဖို့ ရောက်လာခဲ့ပြီးတော့ ၂၅ ရက်နေ့က ဆရာကြီးကို ခွဲစိပ်ကုသမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အခုဆိုရင် ခွဲစိပ်ကုသခဲ့တာ တစ်ပတ်ပြည့်ပြီမို့ ဆရာကြီးရဲ့ ကျန်းမာရေး အခြေအနေကို သိရအောင် နေ့စဉ် တွေ့ခွင့်ရနေတဲ့ ဆရာ့မိတ်ဆွေ ဦးမောင်မောင်ခင်ကို ပထမဦးဆုံး ဆရာ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး စမေးကြည့်တော့ ဦးမောင်မောင်ခင်က အခုလို ဖြေပါတယ်။

“နေ့ခင်းပိုင်းက ဆရာဝန်တွေဘာတွေ လာကြည့်ပါတယ်။ အနာတွေဘာတွေလည်း ကြည့်ပါတယ်။ အနာတွေဘာတွေလည်း အခြေအနေ ကောင်းပါတယ်။ အခုဆိုရင် အနာက ကျက်သလောက် နီးပါးရှိပြီ။ နည်းနည်းတော့ နာတာတော့ ကျန်သေးတာပေါ့လေ။ တစ်ရက်နှစ်ရက် ဆိုလို့ရှိရင် သူက ရေတွေဘာတွေတောင် ချိုးလို့ရမယ့် အခြေအနေမှာ ရှိပါတယ်။ ဆေးတိုက်ပါတယ်။ တစ်ပတ်ကို နှစ်ခါလောက် လာပြီးတော့ အနာကို လာကြည့်တယ်။ Dressing လုပ်တယ်။ အခုတော့ Dressing တောင် မလုပ်ရတော့ပါဘူး။ အဲ - ချုပ်ရိုးကတော့ သူက ချုပ်ရိုးဖြေရတဲ့ဟာ မဟုတ်ဘူးတဲ့။ ချုပ်ရိုးပျောက် ချုပ်ထားတာတဲ့။ အနာကျက်ရင် ပြီးရောတဲ့။ အခု သုံးလေးရက် ရှိပြီ။ လမ်းလျှောက်နေပါတယ်။”

ဆရာ ဦးဝင်းတင်ကို ဘယ်နေ့မှာ ဒီ အကျဉ်းထောင်ထဲကို ပြန်ပို့မယ်လို့ ပြောဆိုတာမျိုး ရှိပါသလားလို့ မေးကြည့်ပါတယ်။

“မရှိပါဘူး ခင်ဗျာ။ အဲဒါကတော့ သူတို့နဲ့ အောက်က ဆရာဝန်တွေနဲ့ သိပ်ဆိုင်မယ် မထင်ပါဘူး။ ပါမောက္ခတို့လို အာဏာပိုင်တို့လို လူတွေက စီစဉ်မှာပေါ့လေ။ ပြန်ပို့ဖို့ မပို့ဖို့ ဆိုတာကို။”

ဆက်ပြီးတော့ ဦးမောင်မောင်ခင်ကပဲ ဆရာကြီးကို မိသားစုဝင်တွေကလွဲရင် ဘယ်သူမှ တွေ့ခွင့်မရဘူးလို့ သိရပါတယ်။ ဒါပေမယ့် ဆရာကြီးကို နေ့စဉ် အစားအသောက်တွေ ပေးပို့ခွင့် ရသလို တရားဝင် ခွင့်ပြုမိန့်ရထားတဲ့ စာအုပ်တွေ ဖတ်ခွင့်ရတယ်လို့ ဆက်ပြောပြပါတယ်။

ပြီးခဲ့တဲ့ရက်တွေအတွင်းက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အဲန်အယ်လ်ဒီ ထိပ်တန်းခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ပုံတွေ၊ ဒေါ်အောင်ဆန်းစုကြည် ကတဆင့် တိုးတက်မှုတွေ မရှိတဲ့ ဆွေးနွေးမှုတွေအကြောင်းနဲ့ မြန်မာလူထုကို အကောင်းဆုံး မျှော်လင့်ထားသလို အဆိုးဆုံးတွေ အတွက်လည်း ပြင်ဆင်ထားဖို့ ဆိုတဲ့စကားကို ဒေါ်အောင်ဆန်းစုကြည်က ဆိုလေတော့ အဲဒီအပေါ်မှာ ဆရာ ဦးဝင်းတင်ကများ တစုံတရာ မှတ်ချက်ပေး ပြောဆိုတာမျိုး သိခဲ့ရပါသလားလို့ ကျမ မေးကြည့်ပါတယ်။ အဲဒီအပေါ်မှာ ဆရာကြီး ဦးဝင်းတင်ရဲ့ အမှာစကား တစ်ခုကိုတော့ ဦးမောင်မောင်ခင်က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“သူက အဲဒီလို ဒေါ်စု ပြောတာက ကောင်းပါတယ်တဲ့။ ဒါပေမယ့် သူ့အနေနဲ့ကတော့ ထင်မြင်ချက် ဘာမှ မပေးလိုပါဘူးတဲ့။ သူ မူလ ရပ်တည်တဲ့အတိုင်းပဲ ရပ်တည်မယ်တဲ့။ အဲဒါက ဘာလဲဆိုတော့ ရံ သုံးရံ ပေါ့နော်။ အခုဟာက အရေးကြီးဆုံးကတော့ နှစ်ရံပေါ့နော်။ ရံ သုံးရံ ဆိုတာ ဒေါ်စုရဲ့ ခေါင်းဆောင်မှုကို ၀န်းရံမယ်တဲ့။ အားလုံး ပါတီဝင်တွေလည်း ၀န်းရံဖို့ သူ မေတ္တာ ရပ်ခံတယ်တဲ့။ နောက် အဲန်အယ်လ်ဒီ အလံကိုလည်း ၀န်းရံမယ်တဲ့။ ကျန်တဲ့သူတွေကိုလည်း ၀န်းရံဖို့ သူ မေတ္တာ ရပ်ခံတယ်တဲ့။ သူ့ သဘောထား အနေနဲ့တော့ သီးသန့် မူတည်ပြီးတော့ မပြောတော့ပါဘူးတဲ့။”

ဆရာ ဦးဝင်းတင်ရဲ့ မိတ်ဆွေ ဦးမောင်မောင်ခင် ပြောပြခဲ့တာပါ။ ဆရာ ဦးဝင်းတင် အခုလို ဆေးရုံတက် ကုသနေချိန်အတွင်းမှာတော့ ဆေးရုံကို ဘယ် အာဏာပိုင် အဖွဲ့အစည်းကမှ လာရောက် တွေ့ဆုံခြင်း မရှိဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG