သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတလောင်း အမည်စာရင်းတင်သွင်းရေး အဓိကပြိုင်ပွဲတွေ ပြည်နယ် ၂၀ ကျော်မှာ အဂါၤနေ့ ကျင်းပမည်


အမေရိကန် သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းနိုင်ရေး ယှဉ်ပြိုင်နေသူတွေထဲက ကျန်နေတဲ့ ကိုယ်စားလှယ် လောင်းတွေဟာ လာမယ့် အင်္ဂါနေ့ အကြိတ်အနယ် ယှဉ်ပြိုင်မယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေပါတယ်။ ပြည်နယ်ပေါင်း နှစ်ဆယ်ကျော်မှာ သမ္မတ ရွေးချယ်ရေး အမည်စာရင်း တင်သွင်းမယ့် ပဏာမ ပြိုင်ပွဲတွေ၊ ရွေးချယ်ရေးအဖွဲ့တွေရဲ့ မဲပေးယှဉ်ပြိုင်ပွဲတွေ ကျင်းပဖို့ စီစဉ်နေပါတယ်။

ဒီနှစ်ကုန်မှာ ကျင်းပမယ့် ရစ်ပါဗလစ်ကန်နဲ့ ဒီမိုကရက် ပါတီ ညီလာခံတွေမှာ သမ္မတလောင်း အမည်စာရင်း တင်သွင်းနိုင်ဖို့အတွက် အခုလို ပဏာမ ရွေးကောက်ပွဲတွေ ကျင်းပနေကြတာပါ။ VOA သတင်းထောက် ဂျင် မယ်လုံး (Jim Malone) က နိုင်ငံရေး ကျွမ်းကျင်သူတွေက မဟာ အဂါၤနေ့ လို့ ပြောဆိုနေတဲ့ လာမယ့်အဂါၤနေ့ ရွေးကောက်ပွဲတွေအကြောင်း သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး က တင်ပြထားပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၅ ရက်နေ့ အမေရိကန်ပြည်ထောင်စု တဝှမ်းမှာ ကျင်းပမယ့် သမ္မတလောင်း အမည်စာရင်း တင်သွင်းရေး ရွေးကောက်ပွဲတွေက တကယ်တမ်း အဆုံးအဖြတ်ပေးမယ့် အရေးကြီးတဲ့ ယှဉ်ပြိုင်ပွဲတွေ ဖြစ်ပါတယ်။ ရစ်ပါဗလစ်ကန်ပါတီ အတွက်ရော ဒီမိုကရက်ပါတီ အတွက်ပါ သမ္မတလောင်း ရွေးချယ်ဖို့အတွက် အဓိကျတဲ့ ပြိုင်ပွဲတွေ ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မှာ နောက်ဆုံး ကျင်းပခဲ့တဲ့ အချေအတင် ဆွေးနွေးပွဲတွေမှာတော့ ဒီမိုကရက်ဖက်က ယှဉ်ပြိုင်ဘက်တွေ ဖြစ်တဲ့ ဘားရက်ခ် အိုဘားမား (Barack Obam) ရော၊ ဟယ်လာရီ ကလင်တန် (Hillary Clinton) တို့နှစ်ယောက်စလုံး ပိုပြီး တစ်ယောက်နဲ့ တစ်ယောက် သင့်သင့်မြတ်မြတ် ဆွေးနွေးကြတာ တွေ့ရပါတယ်။ စောစောပိုင်း တောင်ပိုင်း ကယ်ရိုလိုင်းနား ပြည်နယ်တုန်းက ဆွေးနွေးပွဲတွေမှာတော့ တစ်ယောက်နဲ့ တစ်ယောက် အကြီးအကျယ် တိုက်ခိုက်ခဲ့ကြပါတယ်။

“ဒီ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေ မလုပ်ခင်တုန်းက ကျနော်နဲ့ ဟယ်လာရီ ကလင်တန်ဟာ မိတ်ဆွေတွေပါ။ ဒီ မဲဆွယ်စည်းရုံးတာတွေ ပြီးသွားတဲ့နောက်မှာလည်း ကျနော် ဟယ်လာရီ ကလင်တန်နဲ့ မိတ်ဆွေတွေအဖြစ် ဆက်ပြီး လက်တွဲသွားမှာပါ။” - ဘားရက်ခ် အိုဘားမား။

“ဘာရက်ခ် အိုဘားမားနဲ့ ကျမတို့အကြား ကွဲလွဲချက်ဆိုတာက ကျမတို့နဲ့ ရီပါဗလစ်ကန်တွေအကြား ရှိတဲ့ ကွဲလွဲချက်တွေနဲ့ စာရင် မပြောပလောက်ပါဘူးရှင်။” - ဟယ်လာရီ ကလင်တန်။

ပြည်နယ် ၂၂ ပြည်နယ်ဟာ လာမယ့် အဂါၤနေ့ သမ္မတ ရွေးချယ်ရေး အမည်စာရင်း တင်သွင်းမယ့် ပဏာမ ပြိုင်ပွဲတွေ၊ ရွေးချယ်ရေး အဖွဲ့တွေရဲ့ မဲပေးယှဉ်ပြိုင်ပွဲတွေ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ပါတီကိုယ်စားလှယ် ၁,၆၀၀ တက်ရောက် မဲပေးရွေးချယ်မှာဖြစ်ပါတယ်။

ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်းအဖြစ် ရွေးချယ်ခံနိုင်ဖို့ အနိုင်ရဖို့ဆိုရင် ပါတီထဲက ကိုယ်စားလှယ် ၂,၀၂၅ ယောက်ရဲ့ ထောက်ခံမှု ရရမှာဖြစ်ပါတယ်။ ဒီလို ထောက်ခံမှုရမှ လာမယ့် သြဂတ်စ်လကုန် ကိုလိုရာဒိုပြည်နယ် ဒန်းဗားမှာ ကျင်းပမယ့် ပါတီညီလာခံမှာ သမ္မတလောင်းအဖြစ် ရွေးချယ် ကြေညာမှာ ဖြစ်ပါတယ်။

ရီပတ်ဗလင်ကန် ပါတီအတွက်တော့ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) ဟာ လာမယ့် မဟာ အဂါၤနေ့ သမ္မတလောင်း အမည်စာရင်း တင်သွင်းနိုင်ရေး ပြိုင်ပွဲမှာ ရှေ့က ပြေးနေပါတယ်။ သူနဲ့ ယှဉ်ပြိုင်ဘက် မစ်တ် ရော်နီ (Mitt Romney)၊ မိုက်ခ် ဟတ်ကာဘီး (Mike Huckabee) နဲ့ ရန်ပေါလ် (Ron Paul) တို့ ကို ပိုပြီး အပြတ်အသတ် နိုင်သွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မက်ခ်ကိန်းကတော့ အီရတ်မှာ အမေရိကန်တပ်ဖွဲ့တွေ တိုးချထားတဲ့ စီမံချက်ကို သူ့အနေနဲ့ ထောက်ခံတယ် ဆိုတာကိုပဲ ဆက်ပြီး အလေးအနက် ပြောဆိုပါတယ်။ ဒီလိုတပ်တွေ တိုးချတဲ့အတွက် အီရတ်နဲ့ အဲဒီဒေသက လုံခြုံရေးပိုပြီး တိုးတက်လာတယ်လို့ ပြောပါတယ်။

“အီရတ်ဟာ အယ်လ်ခိုင်းဒါး အကြမ်းဖက်သမားတွေကို တိုက်ခိုက်ဖို့အတွက် အဓိက အကျဆုံး စစ်မြေပြင်တစ်ခု ဖြစ်ပါတယ်။ ဒီမိုကရက်တွေ ပြီးခဲ့တဲ့ ၆ လလောက်က တောင်းဆိုခဲ့သလို အီရတ်ကနေ တပ်တွေ ဆုတ်ခွာမယ်လို့ ကြေညာခဲ့မယ်ဆိုရင် အရှေ့အလယ်ပိုင်း တစ်ခုလုံး တိုက်ပွဲတွေ ဖြစ်နေပါလိမ့်မယ်။ အဲဒီ ဒေသတစ်ခုလုံး လူတွေ အစုလိုက် အပြုံလိုက် သတ်ဖြစ်တာတွေနဲ့ ဝရုန်းသုံးကား ဖြစ်နေတာကိုပဲ တွေ့ရပါလိမ့်မယ်။”

လာမယ့် အဂါၤနေ့မှာ ရစ်ပတ်ဗလစ်ကန်ပါတီက သမ္မတလောင်း အမည်စာရင်း တင်သွင်းမယ့် သူတွေ ပဏာမပြိုင်ပွဲတွေ၊ ရွေးချယ်ရေးအဖွဲ့တွေရဲ့ ရွေးချယ်ပွဲ စုစုပေါင်း ၂၁ ပွဲ ယှဉ်ပြိုင်ရပါလိမ့်မယ်။ ပါတီကိုယ်စားလှယ် ၁,၀၀၀ ကျော် မဲပေးရွေးချယ်မှာ ဖြစ်ပါတယ်။ ရစ်ပတ်ဗလင်ကန် ပါတီအတွက် သမ္မလောင်းအဖြစ် ကြေညာနိုင်ဖို့ဆိုရင် ပါတီကိုယ်စားလှယ် ၁,၁၉၁ ယောက်ရဲ့ ထောက်ခံမှု ရရမှာ ဖြစ်ပါတယ်။

ရစ်ပါဗလစ်ကန်ပါတီအတွက် အနိုင်ရတဲ့ သမ္မတလောင်းက မဲပေးတဲ့ ကိုယ်စားလှယ် အားလုံးကို သူ့ကို ထောက်ခံသူတွေအဖြစ် အနိုင်ရမှာဖြစ်ပါတယ်။ ပဏာမ ရွေးချယ်ပွဲမှာ အနိုင်ရတဲ့သူက ကိုယ်စားလှယ် အကုန်လုံးကို ယူနိုင်ပါတယ်။ ဒီမိုကရက်ပါတီ အတွက်တော့ သမ္မတလောင်း အဖြစ် အမည် တင်သွင်းချင်တဲ့ သူတွေက ခွဲတမ်းအရပဲ အနိုင်ရတာဖြစ်ပါတယ်။

ဒီမိုကရက်ပါတီမှာ ဒုတိယ နေရာမှာ ရောက်တဲ့သူကလည်း ပဏာမ ပြိုင်ပွဲတွေ၊ ရွေးချယ်ရေး အဖွဲ့တွေရဲ့ မဲပေး ယှဉ်ပြိုင်ပွဲတွေမှာ သူ့ကို ထောက်ခံထားတဲ့ ကိုယ်စားလှယ် အရေအတွက်ကို ခွဲတမ်းအလိုက် သူရသလောက်ကို အခြေခံပြီး ထောက်ခံမဲအဖြစ် ရေတွက် ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG