သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တက္ကသိုလ်ရံပုံငွေတွေ မြန်မာစစ်အစိုးရနဲ့ စီးပွားရေးလုပ်တဲ့ ကုမ္ပဏီတွေဆီ မမြှုပ်နှံရေး ကနေဒါနိုင်ငံမှာ စတင်စည်းရုံး


ကနေဒါနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေက ကျောင်းရံပုံငွေတွေကို မြန်မာစစ်အစိုးရနဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေမှာ ထည့်ဝင် ရင်းနှီးမြှုပ်နှံတာတွေမလုပ်ဖို့ မြန်မာမိတ်ဆွေ ကနေဒါနိုင်ငံသားများအဖွဲ့ CFOB က စတင်စည်းရုံးနေပါတယ်။ CFOB အဖွဲ့က အမှုဆောင်ဒါရိုက်တာ ဦးတင်မောင်ထူးဟာ ကနေဒါနိုင်ငံ ကင်စတန်မြို့ Kingston မှာရှိတဲ့ ကွင်းစ် Queens တက္ကသိုလ်မှာကျင်းပတဲ့ ညီလာခံမှာ ဒီနေ့ တက်ရောက်မိန့်ခွန်း ပြောကြားမှာဖြစ်ပါတယ်။

ကနေဒါနိုင်ငံက တက္ကသိုလ်တွေမှာ စတင်လှုပ်ရှားမယ့် မြန်မာစစ်အစိုးရနဲ့ စီးပွားရေး မပတ်သက်ရေး လှုပ်ရှားမှုအကြောင်းကို ဦးသိန်းထိုက်ဦးက ဆက်သွယ်မေးမြန်းတဲ့အခါ ဦးတင်မောင်ထူးက အခုလို စရှင်းပြပါတယ်။

“အဓိကကတော့ ကနေဒါနိုင်ငံမှာ တက္ကသိုလ်တွေရှိတယ်။ တက္ကသိုလ်တွေရဲ့ ရံပုံငွေတွေကို မြန်မာပြည်မှာ စီးပွားရေးလုပ်နေတဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံထားတာတွေ့ရတယ်။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ ကနေဒါနိုင်ငံ တစ်ခုလုံးမှာ ကျောင်းရံပုံငွေတွေကို ဒီမြန်မာပြည်နဲ့ ဆက်နွယ်ပတ်သက်နေတဲ့ တက္ကသိုလ်တွေမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ဖို့ ကျနော်တို့တောင်းဆိုတဲ့ လှုပ်ရှားမှုတစ်ခုလုပ်ဘို့ ကျနော်တို့ပြင်ထားတယ်။ အဲဒီလှုပ်ရှားမှုအကြောင်းကို အခု ကွင်းတက္ကသိုလ်မှာ ကျင်းပတဲ့ ညီလာခံမှာ ကျနော်ဆွေးနွေးမှာပါခင်ဗျား။”

ကနေဒါမှာရှိတဲ့ တက္ကသိုလ်တွေကနေပြီးတော့ သူတို့ ရံပုံငွေတွေကို ဘယ်လောက်အထိ မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံနေတဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြုတ်နှံထားတယ်လို့ စုံစမ်းသိရပါသလဲခင်ဗျား။

“ကျနော်တို့ သိသလောက် တက္ကသိုလ်တော်တော်များများက ပတ်သက်နေတယ်ဆိုတာ ကျနော်တို့ သိရတယ်။ ဥပမာအားဖြင့် တိုရန်တို (Toronto) မှာရှိတဲ့ ယော့ခ် (York) တက္ကသိုလ်ဆိုရင် မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္မဏီ ၁၃ ခုမှာ ရင်းနှီးမြှုပ်နှံထား တယ်ဆိုတာ တွေ့ရပါတယ်။ အလားတူပဲ မွန်ထရီယယ်လ် (Montreal) မှာရှိတဲ့ မက်ခ်ဂီးလ် (McGill) တက္ကသိုလ်ဆိုရင်လည်း အနည်းဆုံး ကုမ္ပဏီကြီး လေး ငါးခုမှာ ရင်းနှီးမြှုပ်နှံထားတာ တွေ့ရပါတယ်။ ကနေဒါနိုင်ငံမှာ တက္ကသိုလ်ပေါင်း ၆၉ ခုရှိပါတယ်။ အဲဒီမှာ အကြီးဆုံးကျောင်းရံပုံငွေရှိတဲ့ တက္ကသိုလ်က တိုရန်တို တက္ကသိုလ်ပါ။ ဒေါ်လာ သန်းပေါင်း ၂,၀၀၀ လောက်ရှိပါတယ်။ သူတို့ကရော မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္မဏီတွေမှာ ဘယ်လောက်အထိ ရင်းနှီးမြှုပ်နှံထားတယ်ဆိုတာကို ကျောင်းသားကျောင်းသူူတွေ ပါမောက္ခတွေနဲ့ ကျနော်တို့ ဆွေးနွေးနေပါတယ်။”

ဒီ တက္ကသိုလ်တွေကနေ ရံပုံငွေတွေ ရင်းနှီးမြှုပ်နှံထားတာကို ဒီ ကုမ္ပဏီတွေကနေ ပြန်ပြီး ရုတ်သိမ်းဖို့ ဖိအားပေးပြီးဆောင်ရွက်ဖို့ ကိုတင်မောင်ထူးတို့က စီစဉ်တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းကလည်း အမေရိကန်ပြည်ထောင်စုအတွင်းမှာရှိတဲ့ တက္ကသိုလ်တွေမှာ ဒီလို ဖိအားပေးတဲ့ လှုပ်ရှားမှုတွေ ရှိခဲ့ဖူးတယ်။ အခု ဘယ်လိုပုံစံမျိုးတွေနဲ့ ကျောင်းသားတွေကို စည်းရုံးဖို့ စီစဉ်ထားသလဲ၊ ကျောင်းသားတွေဘက်ကရော ပူးပေါင်းဆောင်ရွက်ပါ့မလားခင်ဗျား။

“အခု ကျနော်တို့ ကနေဒါနိုင်ငံတစ်ခုလုံးမှာရှိတဲ့ ကျောင်းပေါင်း တစ်ဒါဇင်လောက်က ကျနော်တို့ လှုပ်ရှားမှုကို လက်တွဲဆောင်ရွက်ဖို့ အသင့်ဖြစ်နေပါပြီ။ ကျောင်းတွေမှာရှိတဲ့ ကျောင်းသားအဖွဲ့အစည်းတွေ ရှိသလိုမျိုးပဲ ဒီ ရင်းနှီးမြှုပ်နှံမှုတွေကို ကျင့်ဝတ်နဲ့ညီဖို့ လှုပ်ရှားတဲ့ ဆရာဆရာမတွေပါ ပါတဲ့ အဖွဲ့တွေလည်း ရှိတော့ ဒီအဖွဲ့တွေနဲ့ ကျောင်းအသီးသီးက ကျောင်းသား ဆရာဆရာမ အဖွဲ့အစည်းတွေပေါင်းပြီးတော့ ကျနော်တို့ စနစ်တကျနဲ့ ထိရောက်အောင် လုပ်သွားမှာပါ။ ကျန်တဲ့နိုင်ငံတွေမှာလည်း ဒီလို လုပ်နိုင်မယ်ဆိုရင် ဒီနေ့ မြန်မာစစ်အစိုးရကို အဓိကထောက်ခံနေတဲ့ တိုတယ် (Total) တို့လိုမျိုး ချက်ဗရွန် (Chevron) တို့လို ကုမ္ပဏီတွေအတွက် အခက်အခဲတွေ ရှိလာနိုင်ပါတယ်။ ကျနော်တို့ သိသလောက်ဆိုရင် ကျောင်းတော်တော်များများက သူတို့ ရံပုံငွေတွေကို တိုတယ်လ်တို့လို ချက်ဗရွန်တို့လို ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံပါတယ်။”

ကနေဒါနိုင်ငံကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင်နိုင်ရေးအတွက် ဖိအားပေးတာမျိုးတွေ၊ သူ့နိုင်ငံခြားရေး မူဝါဒအရ အရေးယူဒဏ်ခတ်တာမျိုးတွေ အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နေတဲ့ နိုင်ငံပါ၊ အခု ကိုတင်မောင်ထူးတို့ လှုပ်ရှားမယ့် အစီအစဉ်က ကနေဒါအစိုးရရဲ့ မြန်မာနိုင်ငံအပေါ်မှာ ထားတဲ့ မူအပေါ် ရိုက်ခတ်နိုင်တာမျိုး၊ ဆက်စပ်လုပ်ကိုင်နိုင်တာမျိုး အနေအထားရော ရှိပါ့မလားခင်ဗျား။

“ကနေဒါအစိုးရအနေနဲ့ကတော့ တိုက်ရိုက်ကျောင်းတွေမှာရှိတဲ့ ရံပုံငွေတွေကို တိုက်ရိုက် ဘယ်လောက်အထိ သက်ရောက်မှု ရှိနိုင်မလဲ ဆိုတာကတော့ သက်ရောက်မှုအနေအထားကို ကျနော်တို့ ပြောဖို့ ခက်ပါတယ်။ ဒါပေမယ့် အစိုးရကိုတော့ ပုံစံတစ်မျိုးနဲ့ ဖိအားပေးနိုင်တာမျိုးတော့ ဖြစ်မှာပါပဲ။ ဘာလို့လဲဆိုတော့ ကျောင်းသူကျောင်းသားတွေ တက္ကသိုလ်ကျောင်းသားတွေကနေ အခုလို မြန်မာစစ်အစိုးရနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်တဲ့အပေါ်မှာ ကျေနပ်မှုမရှိပါဘူး။ ဒီအပေါ်မှာ ကျင့်ဝတ်နဲ့ မညီဘူးဆိုပြီး ပြောလာတဲ့အပေါ်မှာ အစိုးရကိုယ်တိုင်က ထပ်ပြီးတော့ ဖိဖိစီးစီး မြန်မာပြည်မှာ စီးပွားရေး ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေကို ရုပ်သိမ်းဖို့ ပြောတာမျိုးတွေ၊ နောက် သွယ်ဝိုက်တဲ့နည်းနဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ ကနေဒါ ပင်စင် ရံပုံငွေအဖွဲ့ Canada Pension Plan (CPP) ပိုင်ငွေတွေကို ကန့်သတ်တာမျိုးတွေ ဒါမျိုးတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ တစ်ခုနဲ့ တစ်ခုကတော့ ဆက်နွယ်ပတ်သက်မှု အပြန်အလှန်သက်ရောက်မှု ရှိပါလိမ့်မယ်။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG