သုံးရလွယ်ကူစေသည့် Link များ

မျိုးဆက်သစ်လူငယ်များ ကရင်အမျိုးသားတော်လှန်ရေး ဆက်လက်ဦးဆောင်နိုင်ရန် ကရင်လူမျိုးအဖွဲ့များ ဆွေးနွေး


ကရင်အမျိုးသားတော်လှန်ရေးအတွက် ကရင်မျိုးဆက်သစ်လူငယ်တွေဆက်ပြီး ဦးဆောင်နိုင်ရေး အစီအစဉ်တွေ ကရင်အမျိုးသားအဖွဲ့အစည်းတွေ စတင်ပြင်ဆင်သွားမယ်လို့ သိရပါတယ်။ ၆နှစ်မြောက် ကရင်အမျိုးသား စည်းလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲအတွင်း တတ်ရောက်လာတဲ့ ကရင်အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြတာပါ။ ဒီအကြောင်းကို ဦးသားညွန့်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးနဲ့အပြိုင် စခဲ့တဲ့ ကရင်အမျိုးသားတော်လှန်ရေးကို ဆက်ပြီးတော့ ဦးဆောင်နိုင်ဖို့ ကရင်မျိုးဆက်သစ်တွေအကြား အသင့်ဖြစ်နေအောင် ပြင်ဆင်ဖို့လိုမယ်လို့ ၅ရက်ကြာ ဆွေးနွေးခဲ့ကြတဲ့ ကရင်အမျိုးသားစည်းလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲအတွင်းမှာ တတ်ရောက်လာသူတွေက ဆွေးနွေးခဲ့တာပါ။ ဒီနှီးနှောဖလှယ်ပွဲနဲ့ပတ်သက်လို့ စီစဉ်သူတဦးဖြစ်တဲ့ နော် အဲကလူးနော်နေားကို ဆက်သွယ်မေးမြန်းကြည့်ပါတယ်။

“ကရင်အမျိုးသားစည်းလုံးညီညွတ်ရေး၊ ကရင်တော်လှန်ရေးအတွက် အရေးကြီးတာကြောင့် ကျမတို့ ရည်ရွယ်ချက်က ဥက္ကဌကြီးစောဘဦးကြီး မူ ၄ချက်နဲ့ပတ်သက်ပြီးတော့ ကရင်အမျိုးသားတခုလုံးကို စည်းစည်းလုံးလုံးရဲ့ အနာဂတ်အတွက် ဦးဆောင်သွားနိုင်အောင် - အဲဒါက ရည်ရွယ်ချက်တခုဖြစ်တယ်။ ပြီးတော့ ဒီကနေ ကရင်လူမျိုး မျိုးဆက်သစ်များအနေနဲ့ နိုင်ငံရေးအတွင်း ပိုမိုနိုးကြားတတ်ကြွဖို့နဲ့ တော်လှန်ရေးထဲ လက်တွေ့ပါဝင်ဆောင်ရွက်ဖို့ လူငယ်ခေါင်းဆောင်တွေ အဆက်မပြတ်ပေါ်ထွန်းလာအောင် ဆောင်ရွက်ကြိုးပမ်းကြရန် အဲဒါနဲ့ ကျမတို့ ဒီနှီးနှောဖလှယ်ပွဲကို ကျင်းပတာဖြစ်ပါတယ်။”

ခုနကပြောတယ်၊ မျိုးဆက်သစ်ကရင်လူမျိုးတွေ နောက်ပိုင်း ကရင်တော်လှန်ရေးကို ဦးဆောင်နိုင်ဖို့ဆိုတာ ပြောတော့ တကယ်တမ်းက ကရင်တော်လှန်ရေးအတွက် အားရ ကျေနပ်စရာ ကောင်းလောက်အောင် ကရင်မျိုးဆက်သစ်တွေအတော်များများ ထွက်လာပြီလို့ ပြောနိုင်သလား။

“အတော်များများတော့မရှိသေးဘူးပေါ့၊ စိတ်ရော ကိုယ်ပါ ရင်းနှီးမြုပ်နှံသူတွေ နည်းသေးပါတယ်။ ဒါပေမယ့် နောက်ပိုင်း ပိုများလာအောင် ကျမတို့ စည်းရုံးလုပ်ဆောင်သွားမှာပါ။”

အခုလို ပြောကြဆိုကြတော့ တကယ်တမ်း ကရင်င်တော်လှန်ရေးအတွက် ကရင်မျိုးဆက်သစ်တွေ ဆက်ဦးဆောင်ဖို့အတွက် ကြုံတွေ့ရတဲ့ စိန်ခေါ်ချက်တွေ အကဲစမ်းချက်တွေ အခက်အခဲတွေ ဘယ်လိုရှိသလဲ။

“အခက်အခဲဆိုတာက ကျမနားလည်သလောက်ပေါ့နော်၊ အခု ကျမတို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဒုက္ခသည်တွေထဲမှာ နိုင်ငံခြားထွက်မယ့်လူတွေလည်းရှိတယ်။ ဒုက္ခသည်တွေအနေနဲ့ ထွက်မယ့်သူတွေကို တနည်းတလမ်းနဲ့ ပညာရေးပဲဖြစ်ဖြစ် နိုင်ငံရေးပဲဖြစ်ဖြစ် ကြိုးစားဖို့ ကျမတို့အနေနဲ့က နှိုးဆော်မှာပါ။”

ကရင်မျိုးဆက်သစ်တွေအတော်များများက အခု တတိယနိုင်ငံကို ထွက်မယ် သွားကြမယ်ဆိုရင် ကရင်တော်လှန်ရေးနဲ့ကရင်ပြည်အတွက် နင်လား ငါလား လုပ်မယ့်သူတွေ ကျန်ပါ့မလားခင်ဗျ။

“အဲလိုလူတွေလည်း ကျန်တော့ကျန်မယ်။ ဒါပေမယ့် အရမ်းတော့ နည်းသွားမှာပေါ့။ အဲလိုထွက်ကြမယ်ဆိုရင် အခက်အခဲတော့များမယ် အားတော့နည်းနည်း လျော့သွားမှာပေါ့။ ဒါပေမယ့် ထွက်မယ့်သူတွေကလည်း သူတို့ရည်ရွယ်ချက်နဲ့သူတို့ဆိုတော့ ရှေ့ဆက် ပို အားရှိရင်လည်း ရှိလာမှာပေါ့။”

ကရင်လူငယ်တွေအများစုရဲ့ အယူအဆကရော ဘယ်လိုရှိသလဲ။ တတိယနိုင်ငံထွက်ဖို့ သန်ကြလား။ ကရင်ပြည်နယ်ထဲမှာပဲ တော်လှန်ရေးလုပ်ဖို့ သန်ကြသလား။

“ကျမတို့အနေနဲ့က ထွက်တော့ မထွက်စေချင်ဘူး။ ဒါပေမယ့် သူတို့က ထွက်ကြမယ်ဆိုတော့ အခွင့်အရေးကလည်း ပေါ်လာတယ်ဆိုတော့ ကျမတို့ တားတော့ မတားဘူး။ ဒါပေမယ့် အားမပေးဘူး။”

အခု ဆွေးနွေးပွဲကနေ ထူးထူးခြားခြားရလဒ်တွေ ဘာတွေများရသလဲ ဒီဆွေးနွေးပွဲကနေ ဘယ်လိုမျှော်လင့်ထားသလဲ ဆွေးနွေးပွဲက အောင်မြင်တယ်လို့ ယူဆလို့ရသလား။

“ဒီ ဆွေးနွေးပွဲက ကောင်းကောင်းမွန်မွန်အောင်မြင်ခဲ့ပါတယ်။ ရလဒ်အပေါ်မှာတော့ ကျမတို့တတွေ အတူတူ လက်တွဲပြီးတော့ အားလုံးသဘောတူတူနဲ့ လုပ်ဆောင်သွားမှာပါ။ ကျမတယောက်ရဲ့အမြင်ပေါ့နော် - အရင်တုန်းကထက်စာရင် လူငယ်တွေရော လူကြီးတွေရော အတူတကွ လုပ်ဆောင်သွားတာ ညီညီညွတ်ညွတ်တွေ့ရတာပေါ့။”

ဒါကတော့ ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးနှီးနှောပွဲကို စီစဉ်သူဖြစ်တဲ့ နော် အဲကလူး နော်နေားကို မေးခဲ့တာပါ။ ကရင်မျိုးဆက်သစ်လူငယ်တွေကရော ကရင်အမျိုးသားတော်လှန်ရေးကို ဆက်ပြီးဦးဆောင်နိုင်ဖို့ ခိုင်ခိုင်မာမာ အနေအထားရှိပြီလို့ ယူဆရပါသလား - နှီးနှောဖလှယ်ပွဲကို တတ်လာတဲ့ နိုင်ငံတကာကိုယ်စားလှယ်တဦးဖြစ်တဲ့ စောသောမတ်ကုံအောင်ကို မေးကြည့်ပါတယ်။

“မျိုးဆက်သစ်တွေထဲမှာလည်း ထက်ထက်မြက်မြက်ထူးထူးချွန်ချွန်ရှိတဲ့ လူတွေ အများကြီး ဒီအစည်းအဝေးကို ရောက်လာတာတွေ့ရပါတယ်။”

နောက်ပိုင်း ကရင်မျိုးဆက်သစ်တွေရဲ့ ကရင်တော်လှန်ရေးနဲ့ပတ်သက်လို့ အမြင် ဘယ်လို ရှိသလဲခင်ဗျ။ အဓိက လက်နက်ကိုင်လှုပ်ရှားမှုနဲ့ပတ်သက်လို့ပါ။

“လက်နက်ကိုင်လှုပ်ရှားမှုရှိတဲ့အတွက်ကြောင့် ကရင်တော်လှန်ရေးဆိုတာ ရှိနေတာပါ။ လက်နက်ကိုင်လှုပ်ရှားမှုမရှိရင် ကရင်တော်လှန်ရေးဆိုတာ ပျောက်သွားနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ ဒီမိုကရေစီအင်အားစုတွေကလည်း တချိန်က ကေအန်ယူရဲ့ လက်နက်ကိုင်နယ်မြေကို ဖြတ်လာပြီးမှာ အခုဆို နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လှုပ်ရှားနိုင်ကြတဲ့ အခြေအနေမျိုး ရှိပါတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ ကေအန်ယူရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ ဒီမိုကရေစီတော်လှန်ရေးအတွက်လည်း အထောက်အကူပြုတဲ့ တော်လှန်ရေးဆိုရင်လည်း မမှားဘူးလို့ ယုံကြည်ပါတယ်။”

ကရင်အမျိုးသားစည်းလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲကို ဇန်န၀ါရီလ ၂ဂ ရက်နေ့ကနေ ၅ရက်ကြာ ကျင်းပနေပါတယ်။ ကရင်အဖွဲ့အစည်းပေါင်း ၃၁ဖွဲ့ကနေ ကိုယ်စားလှယ် ၁၃၀ကျော် တတ်ရောက်ခဲ့ ကြပါတယ်။ ဒီပွဲမှာ ကေအန်ယူနဲ့ ဆက်နွယ်တဲ့ လူမှုအဖွဲ့အစည်း ကျောင်းသားလူငယ်အဖွဲ့ လူ့အခွင့်အရေး အဖွဲ့တွေ နိုင်ငံတကာအဖွဲ့တွေက တတ်ရောက်ပေမယ့်လို့ အခြား ကေအန်ယူကနေ ခွဲထွက်ခဲ့ကြတဲ့ ကရင်အဖွဲ့တွေတော့ တတ်ရောက်ခြင်းမရှိဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG