သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အစိုးရအပေါ် အမေရိကန်က ဒဏ်ခတ်အရေးယူမှု ထပ်မံ တင်းကျပ်


မြန်မာစစ်အစိုးရဟာ လူ့အခွင့်အရေး ချိုး
ဖောက်မှုတွေကို ဆက်ကျူးလွန်နေပြီး ဒီမိုကရေစီအခွင့်အရေးတွေကိုလည်း
ဆက်ပြီး ဖိနှိပ်နေဆဲရှိသေးတာကြောင့် အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ် အရေးယူမှုတွေကို ထပ်ပြီး အရှိန်မြှင့်
လိုက်ပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မနေ့ကထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာ မြန်မာစစ်အစိုးရနဲ့ အဆက်အစပ်ရှိတဲ့
အဓိက စီးပွားရေးလုပ်ငန်းတွေနဲ့ စစ်
အစိုးရအဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တချို့
ကို ဘဏ္ဍာငွေကြေးဆိုင်ရာ ဒဏ်ခတ်ပိတ်
ဆို့တဲ့စာရင်းထဲ ထပ်ပြီး ထည့်သွင်းလိုက်
တာပါ။ ဘယ်စီးပွားရေးလုပ်ငန်းတွေနဲ့ ဘယ်သူတွေပါတယ်ဆိုတာ ဦးကျော်ကျော်သိန်းက တင်ပြထားပါတယ်။

အခု ဒဏ်ခတ်အရေးယူလိုက်တဲ့ စာရင်းထဲမှာ အဓိကပါတဲ့ပုဂ္ဂိုလ်ကတော့ ထူးကုမ္ပဏီ
အုပ်စုရဲ့ဥက္ကဋ္ဌ ဦးတေဇပဲဖြစ်ပါတယ်။ ဘဏ္ဍာရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဦးတေဇ
ကို မြန်မာစစ်အစိုးရအတွက် စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူ ဖြည့်တင်းပေးနေသူနဲ့ ဘဏ္ဍာငွေကြေးဆိုင်ရာ ညာလက်ရုံးအဖြစ် ညွှန်ကြားရေးမှူး Adam J. Szubin က
ပြောထားပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ပြီးဖြစ်နေ
သရွေ့၊ ဒီမိုကရေစီအခွင့်အရေးတွေကို ဆက်ပြီး ဖိနှိပ်နေ သရွေ့ အရေးယူမှုတွေ ဆက်လုပ်သွားမယ်ဆိုတာကို သမ္မတဘုရှ်က ရှင်းရှင်းလင်းလင်း ပြောထားပြီးဖြစ်တယ်
လို့လည်း မစ္စတာအဒမ်က ဆိုပါတယ်။

အခုလို အရေးယူလုပ်ဆောင်မှုနဲ့ပတ်သက်လို့ အမေရိကန်သမ္မတအိမ်ဖြူတော်
ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်လည်း တရက်ထဲမှာပဲ ထွက်လာခဲ့ပါတယ်။ စစ်
အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အပေါင်းအဖော်တွေရဲ့ လုပ်ဆောင်မှု
တွေဟာ လွတ်လပ်မှုကိုတန်ဖိုးထားသူ အားလုံးအတွက် လက်မခံနိုင်စရာလုပ်ရပ်တွေ
အဖြစ် ဆက်ရှိနေပါသေးတယ်လို့ အဲဒီ ထုတ်ပြန်ချက်ကဆိုပါတယ်။ ကုလသမဂ္ဂလုံခြုံ
ရေးကောင်စီရဲ့ တညီတညွတ်တည်း တောင်းဆိုချက်ကို မလိုက်နာဘူး၊ ဒေါ်အောင်ဆန်း
စုကြည်ကို ဆက်ပြီး နေအိမ်အကျယ်ချုပ်ချထားတယ်၊ ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင်မ် ဂမ်ဘာရီကို မြန်မာပြည်ထပ်လာခွင့်မပြု
သေးဘူး၊ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ဆက်ပြီး လိုက်လံဖမ်းဆီးနေတယ်ဆိုပြီး ဖော်ပြ
ထားပါတယ်။ ဒါ့အပြင် သံဃာတော် အရှင်ဂမ္ဗီရနဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးအပါအဝင် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ တွေကို လျှို့ဝှက်တရားခုံရုံးတွေမှာ စစ်ဆေးစီရင်ဖို့ ပြင်ဆင်နေတယ်ဆိုတာကိုလည်း မီးမောင်းထိုး ဖော်ပြထားပါသေးတယ်။

မနေ့ကပဲလုပ်ခဲ့တဲ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာတော့ ပြောရေးဆိုခွင့်ရှိသူ
မစ္စ ဒေးနာ ပရီးနိုး (Dana Perino) က ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ရလဒ်တွေထွက်
တယ်၊ ထိရောက်ပါတယ်လို့ ပြောခဲ့ပါတယ်။

“ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ သက်ရောက်မှုရှိပါတယ်။ စစ်အစိုးရရဲ့ စီးပွားရေးလုပ်
ဆောင်မှုတွေကို ကန့်သတ်နိုင်ပြီး အထီးကျန် ဖြစ်စေပါတယ်။ သူတို့အနေနဲ့ ဖွင့်ပေး ဖို့လိုအပ်တယ်ဆိုတာ အသိအမှတ်ပြုလာစေဖို့လည်း တစိတ်တပိုင်းပါပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ သူတို့ခွင့်ပြုမယ်
လို့ပြောထားတာကို လုပ်ဆောင်ဖို့လိုပါ တယ်။

“တိုးတက်မှုတွေဟာ ရပ်တန့်နေပါတယ်၊ သူတို့လုပ်မယ်လို့ပြောထားတာတွေကို မလုပ်
ပါဘူး၊ ဒါ့ကြောင့် ဒီကနေ့မှာ သမ္မတက အခုအရေးယူမှုတွေကို ချမှတ်လိုက်တာပါ။ တခုသတိရစေချင်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကပဲ သမ္မတကတော် မစ္စစ် လော်ရာ
ဘုရှ် (Laura Bush) ဟာ လက်ရှိ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့
ပနားမားနိုင်ငံရဲ့သမ္မတ မစ္စတာ တိုရီးဂျို့စ် (Mr. Torrijos) နဲ့ နယူးယောက်မှာတွေ့တဲ့
အခါ မြန်မာနိုင်ငံအရေး ပိုပြီး ဖိအားပေးလုပ်ဆောင်ဖို့ ပြောခဲ့ပါသေးတယ်။ လုံခြုံရေး ကောင်စီဥက္ကဋ္ဌက လည်း ဒါကို လုပ်ဆောင်မယ့်အကြောင်း ပြောခဲ့ပါတယ်။”

အခုနောက်ဆုံး အရေးယူလိုက်တဲ့စာရင်းထဲမှာ မြန်မာစစ်ကောင်စီရဲ့ နံပါတ်သုံး
အဆင့်မှာရှိတယ်လို့ ပြောလို့ရတဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့သားဖြစ်သူ ဦးအောင်သက်မန်းလည်းပါပါတယ်။ သူဟာ ထူးကုမ္ပဏီအုပ်စုထဲမှာပါတဲ့ ဧရာ
ရွှေဝါကုမ္ပဏီလီမိတက်ရဲ့ ညွှန်ကြားရေးမှူးပါ။ ဦးတေဇဟာ ဦးအောင်သက်မန်းနဲ့
သူနဲ့ကြား စီးပွားရေးဆက်ဆံမှုကိုအခွင့်ကောင်းယူပြီး အစိုးရဆီကနေ မျက်နှာသာ
ပေးတဲ့ စီးပွားရေးကန်ထရိုက်တွေရအောင် လုပ်နေတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန
က ဆိုထားပါတယ်။

ဒဏ်ခတ်အရေးယူမှုစာရင်းထဲပါဝင်တဲ့ ကျန်သူတွေကတော့ ဦးတေဇနဲ့ ညီအကိုတော်
စပ်ပြီး ထူးကုမ္ပဏီအုပ်စုရဲ့ ညွှန်ကြားရေးမှူး တဦးဖြစ်သူ ဦးသီဟ၊ စင်္ကာပူအခြေစိုက်
ပါဗိုကုမ္ပဏီရဲ့ ညွှန်ကြားရေးမှူး ဦးကျော်သိန်း၊ ဗိုလ်ချုပ်ကြီးသူရရွှေမန်းရဲ့ ဇနီး
ဒေါ်ခင်လေးသက်၊ ဆောက်လုပ်ရေးဝန်ကြီး ဗိုလ်ချုပ်စောထွန်းရဲ့ဇနီး ဒေါ်မြင့်မြင့်ကို၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ရဲ့ဇနီး ဒေါ်တင်လင်းမြင့်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း
ရဲ့ဇနီး ဒေါ်မြင့်မြင့်စိုးတို့ဖြစ်ပါတယ်။

ကုမ္ပဏီတွေအနေနဲ့ဆိုရင်တော့ ထူးကုမ္ပဏီအုပ်စုထဲက ကုမ္ပဏီတွေဖြစ်တဲ့ ဧရာရွှေဝါ
ကုမ္ပဏီ၊ စစ်အစိုးရကို စစ်ရဟတ်ယာဉ်နဲ့ စစ်လေယာဉ်တွေ တင်သွင်းပေးနေတဲ့ မြန်မာအေဗီယာထုတ်ကုန်ကုမ္ပဏီနဲ့ ပါဗိုကုမ္ပဏီတို့ပါဝင်ပါတယ်။ ပုဂံလေကြောင်း
လိုင်း၊ ပါဗိုကုန်သွယ်ရေးပရိုက်ဗိတ်လီမိတက်နဲ့ ထူး သစ်တောထွက်ပစ္စည်းကုမ္ပဏီ
တို့ကတော့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက ဒဏ်ခတ်အရေးယူခံထားရပြီး
သားပါ။

အခုဒဏ်ခတ်မှုအရဆိုရင် စာရင်းထဲမှာပါဝင်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီတွေရဲ့ အမေရိကန်ပြည်ထောင်စု တရားစီရင်ပိုင်ခွင့်ထဲမှာ ရှိတဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေ ထိန်းချုပ်ခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံသားတွေအနေနဲ့ အဲဒီပုဂ္ဂိုလ်
တွေ ကုမ္ပဏီတွေနဲ့ ငွေရေး ကြေးရေး ကုန်သွယ်စီးပွားရေး ဆက်ဆံလုပ်ဆောင်မှု
တွေအားလုံး ပိတ်ပင်တားမြစ်ထားပြီး ဖောက်ဖျက်သူတွေကို ဒဏ်ငွေ ၅၀,၀၀၀ ကနေ
ထောင်ဒဏ် ၁၀ နှစ်ထိ ချမှတ် အရေးယူနိုင်ကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG