သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထိန်းသိမ်းခံ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် အမျိုးသမီးများကို ရာဇဝတ်သားလို ဆက်ဆံ


မြန်မာစစ်အစိုးရရဲ့ ဖမ်းဆီးခြင်းကို ခံနေရတဲ့ ၈၈မျိုးဆက်အမျိုးသမီး နိုင်ငံရေး အကျဉ်းသားတွေဟာ ဆေးဝါးကုသခွင့်မရဘဲ ရာဇဝတ်သားတွေလို ဆက်ဆံခံနေရတယ်လို့ သိရပါတယ်။ ဒီအကြောင်းကို ၈၈မျိုးဆက် ကျောင်းသူ မနီလာသိန်းကို ဒေါ်အေးအေးမာက ဆက်သွယ်မေးမြန်းတဲ့အခါ အခုလို ပြောပါတယ်။

“အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းကျနေရတဲ့ ၈၈မျိုးဆက်ကျောင်းသူတွေဖြစ်တဲ့ မမီးမီး၊ မနိုနို၊ မသက်သက်အောင်၊ ဗကသကျောင်းသူတစ်ဦးဖြစ်တဲ့ မဟန်နီတို့ဟာ ကျန်းမာရေးချို့တဲ့နေကြပါတယ်။ မမီးမီးဆိုလို့ရှိရင် လေးဖက်နာ ရောဂါနဲ့ အေအက်စ်အို (၄၈၀)မှတ်ထိရှိတယ်။ မမီးမီးဟာ နှလုံးရောဂါ ဝေဒနာကိုလည်း ခံစားနေရတယ်။ လေးဖက်နာ ရောဂါကိုလည်း ခံစားနေရတယ်။ ဒီအပေါ်မှာ ဘာကုသမှုမှ မရှိဘူးလို့ ကျမ သိရပါတယ်။ အဲဒီအတွက် အထဲမှာ နေနေရတဲ့သူတွေဟာ အခုဆိုလို့ရှိရင် အထဲက ဆရာဝန်တွေရဲ့ ကြည့်ရှုမှု၊ ကုသမှုတွေမရဘဲ ကျန်းမာရေးတွေဟာ ချို့တဲ့နေကြတယ်လို့ ကျမတို့သိရပါတယ်။”

ဒါ့အပြင် အကျဉ်းသူတစ်ဦးကိုလည်း ထောင်ထဲမှာ ပစ္စည်းတချို့ ယူဆောင်လာခဲ့သလားဆိုတဲ့ သံသယနဲ့ အာဏာပိုင်တွေက ပြစ်ဒဏ်ပေးခဲ့ပါတယ်။

“အင်းစိန်အကျဉ်းထောင်မှာ ရုံးထုတ်ပြီးတော့ ပြန်လာတဲ့ တင်မာချိုကိုလည်း အကျဉ်းသား ဥပဒေနဲ့ မညီညွတ်ဘဲနဲ့ ညှင်းပန်းနှိပ်စက်တဲ့သဘောဖြစ်နေတာဟာ ဘာလဲဆိုရင်၊ ရုံးထုတ်ပြီး ပြန်လာတဲ့အခါမှာ အပြစ်မရှိဘဲနဲ့ ထိုင်ထ လုပ်ခိုင်းပါတယ်။ အမျိုးသမီးတစ်ယောက်ကို အခုလို အပြစ်မရှိဘဲနဲ့ ထိုင်ထလုပ်ခိုင်းတာ အမျိုးသမီး အခွင့်အရေးတွေ၊ အကျဉ်းသားအခွင့်အရေးတွေကို ချိုးဖောက်ခြင်းတွေကို ခံစားနေရပါတယ်။”

အလားတူပဲ လူ့အခွင့်အရေး ဆုရှင် မစုစုနွေးကိုလည်း အင်းစိန်တရားရုံးမှာ ရုံးထုတ်ချိန်မှာ သူမကို ရာဇဝတ်သားတွေလို လက်ထိပ်ခတ်မှုတွေ လုပ်ခဲ့တာကြောင့် ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

“အင်းစိန်မှာ ရုံးထုတ်တုန်းက မစုစုနွေးကို လက်ထိပ်ခတ်တယ်လို့ ကျမတို့ သိရပါတယ်။ သူ့ကို လက်ထိပ်ခတ်တဲ့အခါမှာ သူနဲ့ အချေအတင် စကားပြောဆိုတာတွေ ဖြစ်သွားတယ်လို့ ကျမတို့သိရပါတယ်။ သူ့ကို လက်ထိပ်ခတ်တဲ့အခါမှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်သွားပြီး၊ အော်ဟစ်တာတွေ ဖြစ်ကုန်တယ်လို့ ကျမတို့သိရပါတယ်။”

လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးတွေ ချိုးဖောက်နေခြင်းဖြစ်တာကြောင့် ဒါတွေဟာ အာဏာပိုင်တွေ အနေနဲ့ မလုပ်သင့်တဲ့ အကြောင်းကိုလည်း မနီလာသိန်းက ပြောပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG