သုံးရလွယ်ကူစေသည့် Link များ

အစ္စရေးရဲ့ အိမ်ရာသစ်ဆောက်လုပ်ရေး စီမံချက်နဲ့ပတ်သက်လို့ အမေရိကန်ဘက်က ဖြေရှင်းချက်တောင်းဆိုမည်


ဂျေရုဆလင်မြို့အရှေ့ဘက် ပတ်ပတ်လည်မှာ အစ္စရေးတွေအတွက် အိမ်ရာအသစ် တထောင့်တရာလောက် အစ္စရေးဘက်က ဆောက်လုပ်မယ်လို့ မနေ့က ကြေညာခဲ့တာ
နဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု
အနေနဲ့ အစ္စရေးရဲ့ ဖြေရှင်းချက်ကို တောင်း
ဆိုနေပါတယ်။ ဒီလို အိမ်သစ်တွေဆောက်
တာဟာ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကို
ထိခိုက်အောင် ရန်စလိုက်သလို ဖြစ်နိုင်တယ်
လို့ အမေရိကန်နိုင်ငံခြာရေးဝန်ကြီးဌာနက
ပြောပါတယ်။ ဗွီအိုအေသတင်းထောက်
David Gollust နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး
က တင်ပြပေးထားပါတယ်။

အစ္စရေးရဲ့ ကြေညာချက်ကို အမေရိကန်အရာရှိတွေက လုံးလုံးလျားလျား ဝေဖန်
ပြစ်တင်သလောက် တုံ့ပြန်ပြောဆိုလိုက်တာပါ။ ဒါပေမယ့်လည်း အမေရိကန်
ပြည်ထောင်စုက ဦးဆောင် ကမကထလုပ်နေတဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းချက်တွေကို ထိခိုက်နိုင်ချေရှိမရှိ ဆိုတာကိုတော့ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပါဘူး။ အမေရိကန် ပြည်ထောင်စုဘက်က စိုးရိမ်မှုတွေကို အစ္စရေးနဲ့ အဆင့်မြင့်အစိုးရအရာရှိတွေ အချင်းချင်းတွေ့ဆုံတဲ့အခါ ထည့်သွင်းဆွေးနွေးမယ်လို့ ပြောပါတယ်။

ဂျေရုဆလင်မြို့တော်အရှေ့ပိုင်း မြောက်ဘက်ကျတဲ့ ပစ်ဂတ်တ် ဇီးဗ် (Pisgat Zeev)
ဒေသမှာ အိမ်ခြေအသစ် ၇၅၀ ဆောက်လုပ်ဖို့ စပြီးဆောက်လုပ်ရေး စတင်မယ့် သဘောတူစာချုပ်တွေ လက်မှတ်ရေးထိုး စလုပ်နေပြီဆိုပြီး အစ္စရေး အိမ်ရာ
ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဘက်သလီယမ် (Bethlehem)
ဘာသာရေးမြို့ကို အပေါ်စီးကကြည့်နိုင်တဲ့ အငြင်းပွားနေတဲ့နေရာ ဂျူးအိမ်ရာ ဆောက် လုပ်ရေးအကွက်မှာလည်း နောက်ထပ် အိမ်ရာ ၃၇၀ ဆောက်လုပ်မယ်လို့ ပြောပါ
တယ်။

ဟာဟိုမာ (Har Homa) ဒေသမှာ စောစောပိုင်းက အိမ်ရာတွေ တိုးချဲ့ဆောက်လုပ်ရေး
ကိစ္စတွေ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်ပြည်ထောင်စုက ကမကထ
လုပ်ပြီး အမေရိကန်ပြည်ထောင်စု မေရီလမ်းပြည်နယ် အန်နာပုလစ်စ် (Annapolis)
မြို့မှာ ငြိမ်းချမ်းရေးညီလာခံကျင်းပပြီး အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေး
ပွဲအပြီး ရက်ပိုင်းအကြာမှာ ရပ်ဆိုင်းသွားခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ
ရှောင် မက်ကောမက်ခ် (Sean McCormack) က အမေရိကန်ပြည်ထောင်စုအနေနဲ့
အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖြေရှင်းချက်ရော အစ္စရေးဝန်ကြီးချုပ် အေဟွတ်ဒ်
အိုလ်မတ် (Ahud Olmert) ရုံးရဲ့ ဖြေရှင်းချက်ရော တောင်းဆိုမယ်လို့ပြောပါတယ်။

မနေ့က အစ္စရေးဘက်က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မျိုးဟာ အစ္စရေးနဲ့ ပါလက်
စတိုင်းအကြား ငြိမ်းချမ်းရေး သဘောတူညီချက်တွေရဖို့ နောက်ဆုံးအဆင့် ကြိုးပမ်း
နေတဲ့ အနေအထားတွေကို အနှောင့်အယှက်ဖြစ်အောင် ရန်စလိုက်သလို ဖြစ်သွားနိုင်
တယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း အစ္စရေးအနေနဲ့ မစ္စတာအိုလ်မတ်နဲ့ ပါလက်
စတိုင်းသမ္မတ မာမွတ်ဒ် အာဘတ်စ် (Mahmoud Abbas) တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်း
စဉ်အပေါ် ကတိက၀တ်ပြုထားချက်တွေကိုတော့ သံသယမရှိ ယုံကြည်ပါတယ်လို့
ပြောပါတယ်။

“အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်ဖက်စလုံးက သဘောတူညီချက်တွေရဖို့ဆိုတာ သူတို့ရဲ့ အကျိုးစီးပွားအတွက် ဖြစ်တယ်ဆိုတာကို သိကြပါတယ်။ ကျနော်တို့ဘက်ကတော့ သူတို့ကိုကူညီနိုင်ဖို့အတွက် ဘာပဲလုပ်ရလုပ်ရ လုပ်မှာပါပဲ။ ဒီလိုသဘောတူညီချက်
တွေရဖို့ နိုင်ငံတကာက ပံ့ပိုးထောက်ခံလာအောင်လည်း ကျနော်တို့ ဘာပဲလုပ်ရလုပ်ရ လုပ်သွားမှာပါ။ နှစ်ဖက်စလုံးက သဘောတူညီချက်တွေ ချမှတ်နိုင်ဖို့ နက်နက်ရှိုင်းရှိုင်း
ညီတူညီမျှ ကတိက၀တ် ပြုထားတယ်ဆိုတာကို ကျနော်တို့ သံသယမရှိပါဘူး”

ရှောင်မက်ကောမက်ခ်က သူ့အနေနဲ့ အသေးစိတ် ထုတ်ဖော်ပြောဖို့ ငြင်းဆိုပေမယ့်
အစ္စရေးနိုင်ငံခြားရေးဝန်ကြီး တက်ဇပီ လက်ဗနီ (Tzipi Livni) နဲ့ ပါလက်စတိုင်း စေ့စပ်
ရေးမှူးနဲ့ ၀န်ကြီးချုပ်ဟောင်း အာမက်ဒ် ကူးရီယာ(Ahmed Quriea) တို့အကြား
ဒီသီတင်းပတ် ဆွေးနွေးပွဲတွေကနေ တိုးတက်မှုတွေ ရရှိလာခဲ့တဲ့ အစ္စရေးအရာရှိတွေ
နဲ့ အမေရိကန် သံအရာရှိတွေကြား သဘောတူညီမှုတွေရနေပြီလို့တော့ ပြောပါတယ်။

အစ္စရေးအရာရှိတွေကတော့ နောက်ပိုင်းမှာ မူဝါဒရေးရာ အဆုံးသတ် သဘောတူညီ
ချက်ကို ချမှတ်နိုင်ဖို့ဆိုတာက ပိုပြီး ကျိုးကြောင်းစီလျော်တဲ့ မျှော်လင့်ချက်တခုဖြစ်
တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း အမေရိကန်ပြည်ထောင်စု မေရီလမ်း
ပြည်နယ် အမ်နာပုလစ်မြို့မှာ ဆွေးနွေးခဲ့တဲ့အချိန် အစ္စရေးရော ပါလက်စတိုင်းဘက်
က ဒီနှစ်မကုန်ခင် သဘောတူညီချက်တွေ အပြီးသတ်ချမှတ်နိုင်ဖို့ ကြိုးစားရေးကို
သဘောတူခဲ့ကြပါတယ်။

ပါလက်စတိုင်းဝန်ကြီးချုပ် ဆာလမ် ဖာရက်ဒ် (Salaam Fayyad) လည်း အမေရိကန်
အစိုးရ ထိပ်တန်းအရာရှိတွေနဲ့ တနင်္လာနေ့ ၀ါရှင်တန်မြို့တော်မှာ ဆွေးနွေးဖို့ရှိပါတယ်။
သမ္မတဘုရှ် ခေတ္တပါဝင်မယ့် အမျိုးသားလုံခြုံရေးအကြံပေး စတီဗင် ဟက်ဒ်လီ
(Stephen Hadley) နဲ့ အိမ်ဖြူတော်မှာဆွေးနွေးဖို့ အစီအစဉ်လည်း ပါဝင်ပါတယ်။

အစ္စရေးဘက်က ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းခြေဒေသမှာ အခြေချရေး လှုပ်ရှားမှု
တွေကို ရပ်ဆိုင်းထားပါမယ်၊ နယ်ခြားဖြတ်လမ်းတွေကို ပိတ်ပင်မှုတွေ လျှော့ချပေးပါ
မယ်ဆိုတဲ့ ကတိက၀တ်တွေကို ပေးထားတဲ့အတိုင်း မထိန်းဘူးဆိုပြီး ပါလက်စတိုင်း
ဝန်ကြီးချုပ် ဆာလမ် ဖာရက်ဒ်က မူဝါဒရေးရာ ဆွေးနွေးတဲ့မိန့်ခွန်းမှာ ပြောဆိုပါတယ်။ ဂါဇာကမ်းမြောင်ဒေသ ပါလက်စတိုင်း ဟားမတ်စ်စစ်သွေးကြွတွေရဲ့ လှုပ်ရှားမှုတွေလိုပဲ အစ္စရေးကိုလည်း အပြစ်ဖို့ရမယ်လို့ ထည့်သွင်းပြောဆိုသွားပါတယ်။

ပါလက်စတိုင်းဝန်ကြီးချုပ် ဆာလမ် ဖာရက်ဒ်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
ကွန်ဒိုလီဇာရိုက်စ် (Condoleezza Rice) နဲ့လည်း တွေ့ဆုံပါတယ်။ ကွန်ဒိုလီဇာရိုက်စ်ဟာ လာမယ့်မတ်လစောစောပိုင်းမှာ အရှေ့အလယ်ပိုင်းဒေသကို နောက်တကြိမ်သွားရောက်
ဖို့ စီစဉ်ထားတယ်လို့လည်း သူ့ရဲ့ ကိုယ်ရေးအရာရှိတွေက ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG