သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ကမ္ဘာ့အရေး ကူညီဖြေရှင်းတဲ့အတွက် ကုလအတွင်းရေးမှူးချုပ်ကို ကျေးဇူးတင်ကြောင်း သမ္မတဘုရှ်ပြောကြား


မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်မှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ အရေးကိစ္စတွေကို ဆက်ပြီး ဆောင်ရွက်ဖို့ အခိုင်အမာ သန္နိဌာန် ချထားတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုပါတယ်။ အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ မနေ့က သမ္မတဘုရှ်နဲ့ တွေ့ဆုံတဲ့အချိန် အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အခုလို ပြောဆိုတာပါ။

မြန်မာ့အရေးနဲ့ ကမ္ဘာ့အရေးကိစ္စ တော်တော်များများကို ထည့်သွင်း ဆောင်ရွက်နေတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်းလည်း အမေရိကန်သမ္မတ ဘုရှ်က ပြောဆိုခဲ့ပါတယ်။ အသေးစိတ်ကို ဒေါ်ကေသွယ်ခိုင်က တင်ပြထားပါတယ်။

အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံတဲ့အချိန် အမေရိကန် သမ္မတဘုရှ်က အခုလို ပြောပါတယ်။

“အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနဲ့ ဒီနေ့ ကျနော်တို့ ရင်ဆိုင် ကြုံတွေ့နေရတဲ့ တကယ့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း တချို့ကို မနားမနေ ကူညီ ဖြေရှင်းပေးနေတဲ့အပေါ် ကျနော့်အနေနဲ့ အထူးပဲ ကျေးဇူးတင်မိပါတယ်။ ဆူဒန်နိုင်ငံမှာ ကြုံရတဲ့ အကျပ်အတည်းတွေ မြန်မာနိုင်ငံ အရေးကိစ္စတွေ ပါဝင်ပါတယ်။ ကင်ညာနိုင်ငံအရေးကိစ္စ စေ့စပ်ညှိနှိုင်းမှုတွေ စတင်နိုင်အောင် ကုလသမဂ္ဂအနေနဲ့ ဦးဆောင် ဆောင်ရွက်တာကိုလည်း ကျနော် အလွန်ပဲ ကျေးဇူးတင်ပါတယ်။”

အမေရိကန် သမ္မတဘုရှ်ဟာ ဒီရက်ပိုင်းအတွင်း အာဖရိက နိုင်ငံတွေကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။ ဆင်းရဲနွမ်းပါးမှုတွေကို တိုက်ဖျက်ရေး၊ ကူညီရေးအတွက် အမေရိကန် ပြည်ထောင်စုနဲ့ ထပ်တူ ဆန္ဒသဘောထား ရှိပြီး ကူညီ ဆောင်ရွက်ပေးတဲ့အပေါ်မှာလည်း ကျေးဇူးတင်တဲ့အကြောင်း သမ္မတဘုရှ်က ပြောပါတယ်။

အတွင်ရေးမှူးချုပ် ဘန်ကီမွန်းက ကုလသမဂ္ဂကို ပိုပြီး ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းတစ်ခု၊ ပိုပြီးတာဝန်ယူမှုတွေ ရှိလာပြီး ထိရောက်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်အောင် သူ့အနေနဲ့ ကြိုးစား ဆောင်ရွက်နေပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ထောက်ခံပံ့ပိုးမှု တွေကြောင့် ကမ္ဘာ့အရေးကိစ္စတွေ တော်တော်များများကို အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်နိုင်နေတယ်လို့ ပြောပါတယ်။

“ဒေသဆိုင်ရာ ကိစ္စတွေ တော်တော်များများ အကောင်းဆုံးဖြစ်အောင် ကျနော် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါဖော၊ လက်ဘနွန်၊ မြန်မာနိုင်ငံနဲ့ ကင်ညာ နိုင်ငံအရေးတွေလည်း အလားတူပါပဲ။ အခုအချိန်မှာ ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာတွေ အများကြီး ရှိပါတယ်။ ဒီအရေးကိစ္စတွေကို ဆက်ပြီး ဆောင်ရွက်သွားဖို့ ကျနော် အခိုင်အမာ သန္နိဌာန် ချထားပါတယ်။”

အမေရိကန်ပြည်ထောင်စုအနေနဲ့ ကမ္ဘာပေါ်မှာ နည်းပညာနဲ့ ငွေကြေးအရ အဓိက ပိုင်ဆိုင်တဲ့ နိုင်ငံတစ်ခုဖြစ်တဲ့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ ဦးဆောင်မှုနဲ့
ပါဝင်မှုဟာ ကုလသမဂ္ဂရဲ့ လုပ်ငန်းဆောင်တာတွေ အောင်မြင်မှုအတွက် အရေးကြီးတဲ့အကြောင်းလည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG