သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနေးရှင်းဂျာနယ် အယ်ဒီတာနဲ့ မန်နေဂျာတို့ကို အာဏာပိုင်များ ဖမ်းဆီး


ရန်ကုန်မြို့က မြန်မာနေးရှင်း အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီတာ ကိုသက်ဇင် နဲ့ မန်နေဂျာ
ဦးစိန်ဝင်းမောင်တို့ကို မနေ့ ညနေပိုင်းမှာ စစ်အာဏာပိုင်တွေက ဖမ်းဆီးသွားပါတယ်။ ဒီအကြောင်း စုံစမ်းသိရှိထားတဲ့ ဗွီအိုအေ မြန်မာပိုင်းဌာန သတင်းထောက် မသင်းသီရိကို ဗွီအိုအေ ဝိုင်းတော်သား ဦးကျော်အောင်လွင်က မေးမြန်းထားပါတယ်။

မသင်းသီရိရေ - မနေ့တုန်းကပဲ ရန်ကုန်က မြန်မာနေရှင်း သတင်းဂျာနယ် အယ်ဒီတာနဲ့ မန်နေဂျာ နှစ်ယောက်ကို အာဏာပိုင်တွေကနေပြီးတော့ ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်း မသင်းသီရိ စုံစမ်းထားတယ်လို့ ကြားပါတယ်။ သူတို့ကို ဘာကြောင့် ဖမ်းရတာလဲ။ ဘယ်လို ဖမ်းဆီးခံခဲ့ရလဲ ရှင်းပြပါခင်ဗျား -

“ဟုတ်ကဲ့ ကိုကျော်အောင်လွင်ရေ၊ မနေ့က ညနေပိုင်း ၅ နာရီခွဲလောက်မှာ ဒီ ရန်ကုန်မှာရှိတဲ့ မြန်မာနေးရှင်း ဂျာနယ်တိုက်ကို သင်္ကန်းကျွန်း ရဲစခန်းက ရဲတွေရယ်၊ နောက် ထောက်လှမ်းရေး တွေရယ် အားလုံးပေါင်း စုစုပေါင်း ၇ ယောက် ၈ ယောက်လောက် ရှိမယ်။ ဒီဂျာနယ်တိုက်ကို လာပြီးတော့ သူတို့ ရှာဖွေမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလိုလုပ်တာဟာ သူတို့ ည ၉ နာရီအထိပေါ့လေ။ ဒီ မဂ္ဂဇင်းတိုက်ကို ရှာဖွေပြီးတော့ ၉ နာရီလောက်မှာ မြန်မာနေးရှင်း ဂျာနယ်တိုက်က မန်နေဂျာ ဦးစိန်ဝင်းမောင်ရယ်၊ နောက်တခါ အယ်ဒီတာ ကိုသက်ဇင်ရယ်ကို သူတို့က စစ်ဆေးစရာပေါ့နော်။ ရှိတယ်ဆိုပြီးတော့ သူတို့က ဖမ်းဆီးခေါ်ဆောင်သွားတာပါရှင်။”

ဟုတ်ကဲ့။ ဒီသတင်းတွေကို ဘယ်လို သိရတာလဲခင်ဗျ။ -

“ကျမ ဒီသတင်းတွေကို မြန်မာနေးရှင်း ဂျာနယ်ရဲ့ မိသားစု အသိုင်းအဝိုင်းပေါ့နော်၊ သူတိုနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကပဲ ကျမ သိရတာပါရှင့်။”

သူတို့ကို ဘာကြောင့် ဖမ်းသွားတယ်လို့ သိရလဲခင်ဗျ။ -

“သူတို့ကိုဖမ်းတော့ ဒီ ၅ နာရီခွဲလောက်မှာ ရဲတွေ ထောက်လှမ်းရေးတွေက လာတယ်။ မဂ္ဂဇင်းတိုက် တစ်ခုလုံးကို သူတို့ ရှာဖွေမှုတွေ လုပ်တယ်။ အဲဒီမှာ သူတို့တွေ့သွားတာက ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ ပင်ညဲရိုးရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အစီရင်ခံစာတစ်ခုရယ်၊ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ရွှေဝါရောင်မှတ်တမ်းတွေနဲ့ပတ်သက်ပြီး ထုတ်ထားတဲ့ အခွေပေါ့နော်၊ ဗွီဒီယိုမှတ်တမ်းခွေတစ်ခွေရယ်၊ သူတို့ အဲဒါကို တွေ့ရှိသွားတယ်။ သူတို့ အဲဒါကိုလည်း သိမ်းသွားတယ်။ မြန်မာနေရှင်းဂျာနယ်က အယ်ဒီတာ ကိုသက်ဇင်ရဲ့ မိုဘိုင်းဖုန်းတွေကိုလည်း သူတို့ သိမ်းဆည်းသွားတယ်လို့ သိရပါတယ်ရှင့်။”

ဟုတ်ကဲ့၊ အယ်ဒီတာ ကိုသက်ဇင်နဲ့ မန်နေဂျာ ဦးစိန်ဝင်းမောင်တို့ရဲ့ နောက်ဆုံး အခြေအနေတွေ ဘာတွေ ကြားရလဲ။ -

“အခုနောက်ဆုံးတော့ သူတို့နှစ်ယောက်စလုံးကို သင်္ကန်းကျွန်း ရဲစခန်းမှာပဲ ရှိနေသေးတယ်လို့ သူတို့နဲ့ နီးစပ်တဲ့သူတွေကနေတဆင့် သိရပါသေးတယ်။ သူတို့ကို ဘယ်အချိန်မှာ ပြန်လွှတ်မယ်၊ မိသားစုနဲ့ ဘယ်လို တွေ့ရမယ်၊ ဘာတွေကို စစ်ဆေးမှုလုပ်နေတယ် ဆိုတာကိုတော့ ကျမတို့ စုံစမ်းလို့ မသိရသေးပါဘူး။”

ဟုတ်ကဲ့။ ဆိုတော့ မြန်မာနေးရှင်းဂျာနယ်ကရော ပုံမှန်အခြေအနေ ရှိရဲ့လား။ အပိတ်ခံထားရတာမျိုးတွေ ရှိလား။ -

“မြန်မာနေးရှင်း ဂျာနယ်က အပတ်စဉ် ထုတ်ဝေနေတဲ့ ဂျာနယ်ပါ။ သူတို့ ရှေ့အပတ်ထဲမှာ ထုတ်မယ်ဆိုတော့ ပုံနှိပ်တိုက်ကတော့ ပုံမှန်ပါပဲ။ လက်ရှိ ရှိနေတဲ့ တိုက်မှာရှိတဲ့ သတင်းသမားတွေ၊ သတင်းနဲ့ပတ်သက်တဲ့ အလုပ်လုပ်သူတွေအားလုံးကတော့ ပုံမှန် အလုပ်လုပ်နေပါတယ်။ မြန်မာနေးရှင်း ဂျာနယ်ကလည်း ပုံမှန်ထွက်ရမယ့်ရက်မှာ ထွက်မှာပါ။ သူတို့ ဒီ မန်နေဂျာ
ဦးစိန်ဝင်းမောင်နဲ့ အယ်ဒီတာ ကိုသက်ဇင် ကလွဲရင် ကျန်တဲ့သူအားလုံးက သူတို့ ဒီ မဂ္ဂဇင်းတိုက် အတွက် လုပ်စရာရှိတဲ့အလုပ်တွေကို ဆက်လက်လုပ်နေဆဲပါရှင့်။”

တခြား ထူးခြားချက်တွေရော ဘာတွေ ရှိသေးလဲခင်ဗျာ။ -

“အခု မြန်မာနိုင်ငံမှာဆိုရင် သတင်းနဲ့စာနယ်ဇင်းသမားတွေရဲ့ အခြေအနေပေါ့နော်၊ သူတို့အပေါ်မှာ အရေးယူတဲ့အခြေအနေတွေ၊ ဖမ်းဆီးတဲ့ အခြေအနေတွေက တော်တော်ကလေး စိုးရိမ်စရာ အနေအထားမှာ တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့လတွေက ကဗျာဆရာ ကိုစောဝေဟာ ကဗျာရေးသားမှုကြောင့် အဖမ်းခံခဲ့ရတယ်။ နောက်တစ်ခါ အင်တာနက် ဘလော့ဂါသမား ကိုနေဘုန်းလတ် ဟာဆိုရင်လည်း အဖမ်းခံရတယ်။ အခုဆိုရင် သူတို့ နှစ်ယောက်စလုံးဟာ အင်းစိန်ထောင်မှာ ရောက်နေပြီ။ နောက်တစ်ခါ မြန်မာတိုင်းမ် ဂျာနယ်ဟာ ဆောင်းပါးတစ်ခုနဲ့ ပတ်သက်ပြီးတော့ပေါ့နော် သူတို့ ထုတ်ဝေမှုကို ရက်ပိုင်း ပိတ်ခံရတာမျိုးတွေ ရှိတယ်။ နောက်ဆုံး အခြေအနေအရ ဆိုရင်လည်း မနေ့က မြန်မာနေရှင်း ဂျာနယ်က အခုလိုမျို မန်နေဂျာနဲ့ အယ်ဒီတာတွေ အဖမ်းခံရတယ် ဆိုတော့ ဒီလို အခြေအနေတွေ အားလုံးကို ကြည့်မယ်ဆိုရင် တော်တော်ကလေး ဆိုးဆိုးရွားရွား ဖိနှိပ်ခံရတဲ့ ချုပ်ချယ်မှု အဆင့်တွေမှာ တွေ့ရပါတယ်။ ဆိုတော့ ဒီလို တွေ့ရတဲ့ အဆင့်တွေအပေါ်မှာ မြန်မာသတင်းသမဂ္ဂက အလွန် စိုးရိမ်မကင်း ဖြစ်သလို သူတို့အနေနဲ့လည်းပေါ့နော်။ ဒီလို အခြေအနေမျိုးတွေကို ကမ္ဘာက အမြန်ဆုံး သိအောင်လို့ သတင်းတွေကို အမြန်ဆုံး ထုတ်ပြီးတော့ ဖိအားပေးမှုတွေ မြန်မြန် ရအောင် ကြိုးစားနေပါတယ်လို့ မြန်မာသတင်းသမဂ္ဂ ဥက္ကဌ ဦးမောင်မောင်မြင့်က အခုလို ပြောပြပါတယ်။”

“ဒီ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးပြီးကတည်းကကိုက သတင်းသမားတွေအပေါ်ကို စစ်အစိုးရက ပိုပြီးတော့ မျက်ခြေမပျက် စောင့်ကြည့်လာတယ်။ နောက်ပြီးတော့ သူတို့ ဒုက္ခပေးနိုင်တဲ့ အနေအထား ရောက်လို့ရှိရင် အချိန်မဆိုင်းဘဲနဲ့ ဒုက္ခပေးတဲ့ အနေအထားမျိုး ရှိပါတယ်။ ဆိုတော့ ဒီအနေအထားအတိုင်းသာ ဆက်သွားမယ်ဆိုလို့ရှိရင်တော့ ဒီ ပြည်တွင်း မြန်မာသတင်းလောကရဲ့ အနေအထားက တော်တော်လေး စိုးရိမ်ရတယ်။ အဲဒီလို သတင်းမျိုးကို ကျနော်တို့ ရရခြင်းပဲ ဒီသတင်းတွေကို နိုင်ငံတကာ သိအောင်လို့ ကျနော်တို့ အရင်ဦးဆုံး ထုတ်ပြန်လေ့ရှိပါတယ်။ အဲဒီလို ထုတ်ပြန်ရတဲ့အကြောင်းရင်းက ကျနော်တို့ နိုင်ငံတကာအနေနဲ့က မြန်မာနိုင်ငံနဲ့ပတ်သက်လို့ရှိရင် စစ်အစိုးရကို ကျနော်တို့ နည်းမျိုးစုံနဲ့ ဖိအားပေးနိုင်တဲ့ အနေအထား ရှိတယ်။ အဲဒီ ဖိအားရဲ့ အတိုင်းအတာနဲ့ အဲဒီဖိအားရဲ့ ထိရောက်မှု ကန့်သတ်ချက်တော့ ရှိတယ်။ ဒါကိုတော့ ကျနော်တို့ သဘောပေါက်ပါတယ်။ သို့သော်လည်း ဒီသတင်းမြုှပ်နေမယ် ဆိုလို့ရှိရင် ဒီလူတွေ ဒီထောင်ထဲမှာ ရှိနေတယ်ဆိုတာကို ဘယ်သူမှ မသိဘူး။ သတင်းပေါ်လာမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ ဒီ ထိုက်သင့်တဲ့အလုပ်တွေ လုပ်မယ်။ ထိုက်သင့်တဲ့ ဖိအားတွေ ပေးမယ်။ ဒီနည်းအားဖြင့် လွတ်သွားတဲ့ သတင်းစာသမားတွေ၊ နောက်ပြီးတော့ စာပေသမားတွေလည်း အများကြီး ရှိခဲ့တဲ့အတွက်ကြောင့် ကျနော်တို့ ဒါကိုပဲ ဇောင်းပေးပြီးတော့ လုပ်နေပါတယ်။”

“အခုပြောပြသွားတဲ့သူကတော့ မြန်မာ့သတင်းသမဂ္ဂရဲ့ ဥက္ကဌ ဦးမောင်မောင်မြင့် ဖြစ်ပါတယ်။ အခုလိုမျိုး သတင်းနဲ့ စာနယ်ဇင်းသမားတွေ အဖမ်းခံနေရတယ်။ ပိတ်ပင်ခံရတယ်။ အဲဒီလို အခြေအနေမျိုးတွေကြောင့် မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ သတင်းနဲ့စာနယ်ဇင်းသမားတွေ အတွင်းမှာလည်း သူတို့ရဲ့ လုံခြုံရေးအတွက် အတော်လေး စိုးရိမ်ပူပန်မှုတွေ ရှိနေတယ် ဆိုတာကို သိရပါတယ်ရှင့်။”

ဟုတ်ကဲ့။ မသင်းသီရိ အခုလို ရှင်းပြတာ ကျေးဇူးတင်ပါတယ်ခင်ဗျ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG