သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနင်္လာနေ့ကျင်းပမယ့် ပါကစ္စတန်ရွေးကောက်ပွဲ အသေခံတိုက်ခိုက်မှုကြောင့် စိုးရိမ်ကြောက်ရွံ့မှုတွေ အရိပ်ထိုးနေ


လာမယ့် တနင်္လာနေ့ဆိုရင် ပါကစ္စတန်နိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပါတော့မယ်။ ဒီရွေးကောက်ပွဲဟာ ပါကစ္စတန်ရဲ့ ဒီမိုကရေစီ ဖေါ်ဆောင်ရေး ကတိကဝတ်တွေ ဘယ်လောက် လက်တွေ့ မှန်ကန်တယ်ဆိုတာ စမ်းသပ်တဲ့ ရွေးကောက်ပွဲလည်း ဖြစ်နေပါတယ်။ ပါကစ္စတန်နိုင်ငံသား တော်တော်များများ ကတော့ ရွေးကောက်ပွဲကနေ စစ်မှန်တဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်မယ်လို့ မယုံကြည်ပါဘူး။

ဒီကြားထဲ မနေ့က မငြိမ်မသက်ဖြစ်နေတဲ့ အနောက်မြောက်ပိုင်း လူမျိုးစုတွေ နေထိုင်တဲ့ဒေသမှာ ရွေးကောက်ပွဲအတွက် လူတွေ စုဝေးနေတဲ့ကြားထဲ မနေ့က အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ အနည်းဆုံး လူ ၃၇ ယောက်သေဆုံးပြီး ၉၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ ရဝယ်လ်ပင်းဒီ မြို့နေ ဗွီအိုအေ သတင်းထောက် ရေမွန်ဒ် သီဘောဒ်ဒြောက်စ် (Raymond Thibodeaux) နဲ့ အစ္စလာမ်မာဘတ်မြို့ကနေ မာရဲယ်ဒစ်ရှ် ဘူရယ် (Meredith Buel) သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး စုစည်း တင်ပြပေးပါလိမ့်မယ်။

မနေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်တဲ့မှုမှာ အသေခံတိုက်ခိုက်တဲ့သူက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲအပြီး ထွက်ခွာသွားတဲ့ လူအုပ်ကြားထဲကို ကားကိုထိုးမောင်းပြီး ဖေါက်ခွဲ တိုက်ခိုက်ခဲ့တာလို့ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။ အာဖဂန်နစ္စတန်နဲ့ နယ်ခြား တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ ကူရာရမ် (Kurram) လူမျိုးစုဒေသက ပရာချီနာ (Parachinar) မြို့မှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။ ဒဏ်ရာရတဲ့သူတွေရဲ့ အခြေအနေက စိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါတယ်။ လူတွေ အသေအပျောက်လည်း ဒီထက်ပိုပြီး များလာမယ်လို့ မျှော်လင့်ရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို (Benazir Bhutto) လုပ်ကြံခံခဲ့ရတဲ့အတွက်လည်း တနင်္လာနေ့ ကျင်းပမယ့် ပါလီမန် ရွေးကောက်ပွဲမှာ လုံခြုံရေးနဲ့ပတ်သက်တဲ့ စိုးရိမ်ထိတ်လန့်မှုတွေ အရိပ်ထိုးနေပါတယ်။

ရွေးကောက်ပွဲ လုံခြုံရေးအတွက် အဓိက တာဝန်ရှိသူတဦးဖြစ်တဲ့ ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး ဟာမစ်ဒ် နာဝတ်ဇ် ကန်မ်က (Hamid Nawaz Khan) က အခုနောက်ဆုံး ပေါ်ပေါက်ခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုကြောင့် မဲဆန္ဒရှင်တွေအကြား ကြောက်ရွံ့မှုတွေ ပိုပြီး များလာနိုင်တယ်လို့ ပြောပါတယ်။

“ဒီလို မတော်တဆ ဖြစ်မှုတွေ၊ ဒီလို အလားတူ ဖေါက်ခွဲတိုက်ခိုက်တဲ့ မတော်တဆမှုတွေ ရှိလာမယ်။ လူတွေ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု အများအပြား ရှိလာခဲ့ရင် ဒါတွေက လူတွေအပေါ် သေချာပေါက် ရိုက်ခတ်မှုတွေ ရှိပါတယ်။ ကြောက်ရွံထိတ်လန့်နေရတဲ့ အခြေအနေကို ဖန်တီးပေးသလို ဖြစ်မယ်။ တချိန်တည်းမှာပဲ ကျနော်တို့အတွက် အခက်အခဲတွေ ရှိလာနိုင်ပါတယ်။”

ရွေးကောက်ပွဲကာလ လုံခြုံရေးအတွက် ပါကစ္စတန်နိုင်ငံတဝှမ်းမှာ စစ်သား ၈၀,၀၀၀ ကျော် တပ်ဖြန့်ထားပါတယ်။ ရဲနဲ့ အရံ လုံခြုံရေးတပ်ဖွဲ့တွေလည်း ထောင်သောင်းချီ ဖြန့်ချထားပါတယ်။

ပြည်ထဲရေးဝန်ကြီး ကန်မ်က ပါကစ္စတန်နိုင်ငံတဝှမ်း မှာ မဲရုံ ၆၄,၀၀၀ ကျော် ရှိတဲ့အတွက် မဲရုံအားလုံးကို အသေခံ ဗုံးခွဲတိုက်ခိုက်သူတွေရဲ့ အန္တရာယ်က ကင်းအောင် ကာကွယ်ဖို့ ခက်ခဲတယ်လို့ ပြောပါတယ်။

ဒီရွေးကောက်ပွဲဟာ သမ္မတ ပါဗတ်ဇ်မူရှာရတ်ဖ် ရဲ့ ရှစ်နှစ်ကြာ စစ်အုပ်ချုပ်ရေးအပြီး ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပါကစ္စတန်နိုင်ငံမှာ ဒီမိုကရေစီ ပြန်လည် တည်ထောင်ရေးအတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲတစ်ခုပါ။

ပါကစ္စတန်နိုင်ငံမှာ ဒီမိုကရေစီဖေါ်ဆောင်ရေး ကတိကဝတ်တွေ ဘယ်လောက် လက်တွေ့ မှန်ကန်တယ်ဆိုတာ စမ်းသပ်တဲ့ ရွေးကောက်ပွဲလို့လည်း အနောက်နိုင်ငံတွေက ရှုမြင်ထားကြပါတယ်။ ဒါပေမယ့်လည်း ပါကစ္စတန် ပြည်သူအများစုက ဒီရွေးကောက်ပွဲကနေ အပြောင်းအလဲတွေ ပေါ်ပေါက်လာမယ်လို့ မယုံကြည်ကြပါဘူး။ အသက် ၂၉ နှစ်အရွယ် အဝတ်အထည် ကုန်သည်တစ်ဦးဖြစ်တဲ့ ဂျမေးလ် ဘိတ်ဂ် (Jamil Baig) က ရွေးကောက်ပွဲအတွက် မရိုးမသား လုပ်တာတွေ ရှိနေတယ်လို့ ပြောပါတယ်။

“ဒေသခံ အစိုးရတွေကို မူရှာရက်ဖ်ကပဲ ရွေးချယ်ဖွဲ့စည်းပေးခဲ့တာ။ ဒီ ဒေသခံ အုပ်ချုပ်ရေးအဖွဲ့တွေက ရွေးကောက်ပွဲမှာ ဝင်ရောက်စွတ်ဖက်နေတာတွေ ရှိတယ်။ သူတို့ဘက်က အသာရအောင် မရိုးမသားတွေ အများကြီး လုပ်ထားပြီးနေပြီ။ ဒီရွေးကောက်ပွဲကို ဘယ်သူကမှ လက်ခံမှာ မဟုတ်ပါဘူး။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။”

လတ်တလော စစ်တမ်းကောက်ခံချက်တွေမှာ လက်ရှိ သမ္မတ မူရှာရက်ဖ်ကို လူတွေ သိပ်မကြိုက်ကြဘူးလို့ ဖော်ပြပေမယ့် သမ္မတ မူရှာရက်ဖ်ရဲ့ ပါတီ အနိုင်ရအောင် လုပ်နေတယ်လို့ ယုံကြည်တဲ့အကြောင်း ပြောပါတယ်။

အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ လှုပ်ရှားမှုတွေ ပိုပြီး ကြီးထွားလာနေတဲ့ အချိန်မှာ ရွေးကောက်ပွဲ ကာလ အကြမ်းမှုတွေ ရင်ဆိုင်ရမှာကို အများက စိုးရိမ်နေခဲ့ကြတာပါ။ နိုင်ငံရေး အကြမ်းဖက်မှုတွေကြောင့် လူတွေ မဲရုံတွေကို သွားရဲမှာ မဟုတ်ဘူးဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ အသက် ၃၃ နှစ်အရွယ် ဆေးဆိုင်မှာ အလုပ်လုပ်တဲ့ ရှိုက်ခ် ဆိုဟေးလ် ဆိုတဲ့သူက ဝန်ကြီးချုပ်ဟောင်း ဘနီဇာဘူတို လုပ်ကြံခံခဲ့ရတဲ့အတွက် သူ့မှာ မဲရွေးစရာ မရှိတော့ပါဘူးလို့ ပြောပါတယ်။

“ကျတော်တို့မှာ ခေါင်းဆောင် မရှိတော့ပါဘူး။ အခုရွေးရမယ်ဆိုတဲ့ နိုင်ငံရေးသမားတွေကို တခါမှ ကျနော် မမြင်ဘူး မတွေ့ဘူးပါဘူး။ ကျနော်တိုရဲ့ ခေါင်းဆောင် ဖြစ်သင့်တဲ့သူဆိုလို့လည်း တစ်ယောက်မှ မရှိတော့ပါဘူး။”

ဒီရွေးကောက်ပွဲကနေ မစ္စတာ မူရှာရက်ဖ်ရဲ့ သမ္မတရာထူးကို အစားထိုးဖို့အတွက် ရွေးချယ်ယှဉ်ပြိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အတိုက်အခံတွေက ပါလီမန်ရဲ့ သုံးပုံ နှစ်ပုံကို အများစု အနိုင်ရခဲ့မယ်ဆိုရင် သမ္မတကို ရာထူးက ဖယ်ရှားနိုင်ပါတယ်။

မဲပေးမယ့် ခရိုင် ၂၇၂ ခရိုင်မှာ မဲရုံစောင့်ကြပ်ရေး လုပ်ကိုင်နေတဲ့ ပါကစ္စတန် နိုင်ငံသားအခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေကို ကူညီဖို့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ ဥရာပအဖွဲ့ဝင်နိုင်ငံတွေက အဖွဲ့တစ်ဖွဲ့ စေလွှတ်ထားပါတယ်။ ဒါပေမယ့်လည်း ရွေးကောက်ပွဲအပြီး လက်ရှိအစိုးရနဲ့ အတိုက်အခံတွေအကြား ခိုက်ရန်တိုက်ခိုက်မှုတွေ မလွဲမသွေ ပေါ်ပေါက်လာမှာကိုတော့ ပါကစ္စတန်နိုင်ငံသားတွေ စိုးရိမ်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG