သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖရိကငါးနိုင်ငံခရီးစဉ် ဒုတိယခရီးတထောက်အဖြစ် သမ္မတဘုရှ် တန်ဇန်းနီးယားရောက်


အမေရိကန် သမ္မတဘုရှ်ဟာ အာဖရိက ငါးနိုင်ငံခရီးစဉ်ရဲ့ ဒုတိယခရီး တထောက်အဖြစ် တန်ဇန်းနီးယားနိုင်ငံကို ရောက်နေပါပြီ။ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ဗွီအိုအေရဲ့ အိမ်ဖြူတော် သတင်းထောက် Scott Stearns က ဘယ်လို သတင်းပေးပို့ထားတယ်ဆိုတာ ဦးကျော်ကျော်သိန်းက အစီရင်ခံထားပါတယ်။

သမ္မတဘုရှ်ကို Dar es Salaam လေဆိပ်မှာ တန်ဇန်းနီးယား ရိုးရာဂီတ အကတွေနဲ့အတူ တန်ဇန်းနီးယားသမ္မတ ဂျကားယား ကီကွက်တေး (Jakaya Kikwete) က ခရီးဦးကြိုဆိုခဲ့ပါတယ်။

သမ္မတ ကီကွက်တေးဟာ အာဖရိကသမဂ္ဂရဲ့ ဥက္ကဋ္ဌသစ်ဖြစ်ပါတယ်။ ဒါ့ကြောင့် သူနဲ့ သမ္မတဘုရှ်တို့ Dar es Salaam က နိုင်ငံတော် ဧည့်ဂေဟာမှာ တနင်္ဂနွေနေ့က တွေ့ဆုံပွဲဟာ တန်ဇန်းနီးယားနိုင်ငံနဲ့ ပတ်သက်တဲ့ ကိစ္စချည်းသက်သက်ထက် ပိုမှာကတော့ အသေအချာပါပဲ။

ခေါင်းဆောင်နှစ်ဦးတို့ဟာ ချာ့ဒ်နိုင်ငံက သူပုန်ထမှု၊ ဇင်ဘာဘွေမှာ စီးပွားရေး ဆက်ပြီး ကျဆင်းနေမှုနဲ့ ဒီဇင်ဘာ သမ္မတရွေး ကောက်ပွဲတွေအပြီး နိုင်ငံရေး ပဋိပက္ခဖြစ်နေတဲ့ ကင်ညာနိုင်ငံကိစ္စတွေ ဆွေးနွေးဖို့ မျှော်လင့်ရတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။

ကင်ညာနိုင်ငံမှာ အာဏာခွဲဝေရေး သဘောတူညီချက် တရပ်ရဖို့နဲ့ လူမျိုးစုတွေကြား အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ သမ္မတရဲ့ လိုလားချက်ကို ဖိအားပေး ပြောဆိုရေး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ်ဟာ ကင်ညာကို တနင်္လာနေ့ သွားဖို့ရှိပါတယ်။ ကင်ညာက အကြမ်းဖက်မှုတွေကြောင့် လူ ၁,၀၀၀ ကျော် သေဆုံးခဲ့ရပြီးပြီ ဖြစ်ပြီး လူပေါင်း ၃၀၀,၀၀၀ ကျော်ဟာလည်း အိုးပစ်အိမ်ပစ် ထွက်ပြေးနေကြရပါတယ်။

ဒီခရီးစဉ်အတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး ကြိုးပမ်းချက်တွေ၊ အိပ်ချ်အိုင်ဗီ/အေအိုင်ဒီအက်စ်နဲ့ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးကိစ္စတွေကို အများဆုံး အာရုံစိုက်ဖို့ မစ္စတာဘုရှ်က မျှော်လင့်ထားပေမယ့် ဆူဒန်နိုင်ငံက စစ်ဒဏ်သင့်နေတဲ့ ဒါးဖောဒေသကိစ္စ၊ ဆိုမာလီယာကိစ္စနဲ့ DRC လို့ခေါ်တဲ့ ကွန်ဂိုသမ္မတနိုင်ငံကိစ္စတွေ အပါအဝင် ပဋိပက္ခတွေကနေ ရှောင်လွှဲလို့တော့ မရပါဘူး။

Jeenifer Cooke ဟာ ဝါရှင်တန်ဒီစီ အခြေစိုက် မူဝါဒရေးရာ သုတေသနပြု ပုဂ္ဂလိကအဖွဲ့ တခုဖြစ်တဲ့ CSIS ခေါ် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာနက တွဲဖက်ညွှန်ကြားရေးမှူးပါ။

“ဒီခရီးစဉ်ဟာ အတန်အသင့် အပြုသဘောဆောင်တဲ့ ခရီးစဉ်ဖြစ်လိမ့်မယ်လို့ ကျမထင်ပါတယ်။ ဒါကလည်း မျှော်လင့်တာပါလေ။ ဒါပေမယ့် ဒီ အာဖရိကတိုက်မှာ ပြဿနာ အများကြီး ဖြစ်နေပြီးတော့ အဲဒါတွေက သေချာပေါက် ပြောဆိုရမယ့်ကိစ္စတွေ ဖြစ်လာမှာပါ။ အဲဒီပြဿနာတွေထဲမှာ ဆိုမာလီယာကိစ္စက တခုအပါအဝင်ပေါ့။ ကင်ညာပြဿနာ၊ ကွန်ဂို သမ္မတနိုင်ငံက ပြဿနာ၊ ဒါးဖောက ပြဿနာနဲ့ ဇင်ဘာဘွေက ပြဿနာတွေလည်း ပါပါတယ်။ ဇင်ဘာဘွေ ကိစ္စမှာဆိုရင် ပြဿနာဖြစ်နေတဲ့ အဖွဲ့အစည်းတွေကြားမှာ ရိုးသားတည်ကြည်တဲ့ စေ့စပ်ညှိနှိုင်းရေးမှူးလိုမျိုး လုပ်ဆောင်ဖို့ တောင်အာဖရိကသမ္မတ သာဘို အမ်ဘီးကီးကို သမ္မတဘုရှ်က တိုက်တွန်းထားပါတယ်။ အဲဒီကိစ္စမှာ တိုးတက်မှု များများစားစား ကျမတို့ မတွေ့ရသေးပါဘူး။ အခုခရီးစဉ်မှာ ဒီကိစ္စက သမ္မတ ဘုရှ်အတွက် စိတ်အနှောက်အယှက်ဖြစ်စရာ ကိစ္စတခု ပြန်ဖြစ်လာနိုင်ပါတယ်။”

ဇင်ဘာဘွေ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ တောင်အာဖရိကသမ္မတ သာဘိုအမ်ဘီးကီး များများစားစား မစွမ်းဆောင်နိုင်တဲ့အပေါ် သူ စိတ်ပျက်မိတယ်လို့ သမ္မတဘုရှ်က ပြောပါတယ်။

အာဖရိကတိုက်က ပဋိပက္ခတွေကို ဖြေရှင်းရေးဟာ သူ့ခရီးစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် သေချာပေါက် ပါပေမယ့် စာတတ်မြောက်ရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကိစ္စတွေမှာ တိုးတက်ဖို့ကိုလည်း မေ့မထားသင့်ဘူးလို့ တန်ဇန်းနီးယားကို မရောက်ခင် ဘီနင်းမှာရှိတုန်း သမ္မတ ဘုရှ်က ပြောခဲ့ပါတယ်။

“ဒီနေရာဟာ နိုင်ငံအများအပြားနဲ့ နေရာကြီးတခုဖြစ်ပြီးတော့ အရာရာတိုင်း ပြည့်စုံကောင်းမွန်မှု ရှိမှာမဟုတ်ဘူး ဆိုတာကတော့ မေးခွန်းထုတ်စရာ မရှိပါဘူး။ တဘက်ကကြည့်မယ်ဆိုရင်လည်း အကြီးအကျယ် အောင်မြင်မှုရတာတွေ အများကြီးပါ။ အဲဒီ အောင်မြင်မှုတွေထဲမှာ ပါဝင်ခွင့်ရတာကို အမေရိကန်ပြည်ထောင်စုက ကျေနပ်
ဝမ်းမြောက်လှပါတယ်။”

တန်ဇန်းနီးယားနိုင်ငံမှာရှိနေချိန် အမေရိကန်ပြည်ထောင်စုက ရံပုံငွေထောက်ပံ့ထားတဲ့ အေအိုင်ဒီအက်စ် ဆေးကုသခန်းနဲ့ ၁၉၉၈ ခုနှစ်က အမေရိကန်သံရုံး ဗုံးဖောက်ခွဲခံရမှုမှာ သေဆုံးသွားခဲ့ရတဲ့ တန်ဇန်းနီးယား နိုင်ငံသား ၁၁ ယောက်တို့ရဲ့ ကျန်ရစ်သူ မိသားစုတွေဆီ သမ္မတဘုရှ် သွားရောက်ဖို့ စီစဉ်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG