သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေအိမ်အကျယ်ချုပ်ခံရသူ NLD ဒုက္ကဌ ဦးတင်ဦး နှလုံးရောဂါအထူးကုဆရာဝန် ဆေးစစ်မှုခံယူ


နေအိမ်မှာ အကျယ်ချုပ် ချခံထားရတဲ့ အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦးကို ဒီကနေ့ ရန်ကုန်နေအိမ်မှာပဲ နှလုံးရောဂါ အထူးကု ဆရာဝန်တဦးနဲ့ ပေးတွေ့ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ဦးတင်ဦးကို နောက်ထပ် နေအိမ်အကျယ်ချုပ်ထားဖို့ မြန်မာအာဏာပိုင်တွေကနေ သက်တမ်းတနှစ် တိုးမြှင့်ထားတာပါ။ ဦးတင်ဦးရဲ့ ကျန်းမာရေး အခြေအနေ ဘယ်တွေများကြားလဲ၊ စုံစမ်းမေးမြန်းထားသလောက် ဦးသားညွှန့်ဦးက တင်ပြထားပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ ရန်ကုန်က သူ့ကို အကျယ်ချုပ် ထိန်းသိမ်းထားတဲ့ နေအိမ်ကို နှလုံးရောဂါအထူးကု ဆရာဝန် ဒေါက်တာစန်းလွင် သွားရောက်ခဲ့တယ် ဆိုတဲ့သတင်းကို ဒီဘီအေ သတင်းတရပ်မှာ ဖော်ပြပါတယ်။ ဒါပေမယ့် ဘာကြောင့်လဲ ဘာရောဂါလဲ ဆိုတာတွေ အသေးစိတ်ကိုတော့ မသိရပါဘူး။ ပြည်ပရောက်နေတဲ့ သားဖြစ်သူ ကိုသန့်စင်ဦးကိုမေးတော့ လက်ရှိ အခြေအနေကို သူ မသိရပေမယ့် - ဒီမတိုင်ခင်ကတော့ ဆေးစစ်မှုခံယူဖို့ အာဏာပိုင်တွေကို စာနဲ့ရေး တင်ထားတာ ရှိတယ်လို့တော့ ဗွီအိုအေကို ပြောပြပါတယ်။ ဦးတင်ဦးမှာ အရင်ကတော့ သေနတ်ဒဏ်ရာကနေ ရတဲ့ ခြေထောက်မှာ သွေးပြန်ကြောထုံးတဲ့ ရောဂါမျိုးတော့ ရှိထားတယ်လို့ ကိုသန့်စင်ဦးက ပြောပြပါတယ်။

“ခြေထောက် သွေးပြန်ကြောထုံးတဲ့ရောဂါတော့ ပြန်ဖြစ်နိုင်တယ်။ အဲဒါကတော့ ကျည်ဆံထိပြီး နောက်ပိုင်း ဖြစ်တဲ့ဒဏ်ရာပေါ့။ ကြာပြီပေါ့ ဟိုးအရင်ကတည်းက ရှိတဲ့ရောဂါ။ တော်တော် သတိထားပြီးတော့ ဆေးလိမ်းပေးရတယ်။ ခြေထောက်မှာ ပတ်တီးအကြပ်လိုဟာမျိုး၊ ခြေစွပ်လိုဟာမျိုးကို အမြဲတမ်း စွပ်ထားရတယ်။ အဲဒါတော့ ရှိတာပေါ့။”

သူ့ရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိလဲ၊ နောက်ဆုံးပေါ့။ -

“ကျန်းမာရေးကတော့ သူက သတိထား နေတယ်လေ။ ဘာမှတော့ သိပ်ဖြစ်တယ် မကြားဘူးပေါ့။”

ဒီ Medical Check-up လုပ်ဖို့ အရင်က တင်ထားတာရှိလား။ -

“တင်တယ်။ သူတို့က ပါးစပ်နဲ့ပြောတာ မရတော့ စာတင်ပါဆိုလို့ စာနဲ့တော့ တင်ထားတယ်။ အဲဒါ ကြာပြီ။ ဟိုးအရင်တုန်းကတော့ ပါးစပ်နဲ့ပြောရင် ရတယ်။ Medical Check-up လုပ်ချင်တယ် ဆိုလို့ရှိရင် သူတို့ စီစဉ်ပေးတယ်။ အခုကတော့ မဟုတ်ဘူး။ စာနဲ့ရေးတင်ပါဆိုလို့ စာနဲ့ရေး တင်ထားတယ်။ အဲဒါပဲ သိပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကတော့ ဦးတင်ဦးမှာ ထူးထူးထွေထွေ ရောဂါ တစုံတရာ ဖြစ်တာတော့ သူတို့ ကြားမထားဘူးလို့ ပြောပါတယ်။

“ဒီအသက်အရွယ်တော့ဗျာ၊ နှလုံးစစ်ဆေးတာတို့ ဘာတို့၊ သွေးကြောကျဉ်းတာတို့ ဘာတို့တော့ ရှိနိုင်တာပေါ့လေ။”

အခြား ဘာရောဂါ အထူးအထွေ ရှိတာမျိုး အရင်တုန်းက ကြားဖူးလဲခင်ဗျ။ -

“ကြားဖူးဘူး ခင်ဗျ။ သေနတ်ဒဏ်ရာ တစ်ခုပဲ ကြားဖူးတယ်။ ဒဏ်ရာက ကျည်ဆံက အထဲမှာ ကျန်တော့ မထုတ်မှီပေါ့ဗျာ။ နည်းနည်း အာရုံကြော ဘာညာဆိုတော့ အဲဒါလေးက တခါတခါ သူက အရေထွက်တယ်၊ နာတယ် ဒီလောက်ပဲ။”

ဦးတင်ဦးဟာ ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း ဖြစ်ပြီးကတည်းက အခုအချိန်အထိ နေအိမ်မှာ အကျယ်ချုပ်ခံထားရတာ ၄ နှစ်ရှိပါပြီ။ အသက် ၈၁ နှစ် ရှိပြီဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးတင်ဦးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမာခံ ခေါင်းဆောင်တဦးလို့ အများက ယူဆကြပါတယ်။ သူဟာ နောက်ဆုံးကြားရတဲ့ အခြေအနေအထိ ကျန်းမာရေး ဆိုးဆိုးရွားရွား ရှိတယ်ဆိုတာ မကြားရသလို - အခုလည်းပဲ ဆေးစစ်ဆေးမှု ခံယူတယ်လို့ပဲ ယူဆရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာလည်း မျက်လုံး စစ်ဆေးမှု ခံယူဖို့ အာဏာပိုင်တွေကို တင်ပြထားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည် မျက်လုံးဆရာဝန် ဒေါက်တာ ညွှန့်လွင် ခေါ် ဝေလျှံလှမောင်ဟာဆိုရင် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကပဲ ရန်ကုန် ဆေးရုံကြီး နှလုံးရောဂါဆောင်မှာ ကွယ်လွန်သွားခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော် သိသလောက် အဲဒီဆရာဝန်နဲ့ ထပ်ပြဖို့ စီစဉ်နေတယ်။ ဒါပေမယ့် ကျနော် သတင်းစာထဲမှာ တွေ့လိုက်တယ်ဗျာ။ ဗုဒ္ဓဟူးနေ့က အဲဒီဆရာဝန် ဆုံးသွားတယ်ဗျာ။ အစ်မတောင် မသိသေးဘူး ထင်တာပဲ။ သူ အမြဲတမ်း ပြနေတဲ့ ဆရာဝန်။”

နေအိမ်မှာ အကျယ်ချုပ်ခံထားရတဲ့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ဦးစလုံးဟာဆိုရင် သူတို့ ကျန်းမာရေးအတွက် ဆေးဝါးကုသမှုယူမယ် ဆေးစစ်ဆေးမှု ခံယူမယ်ဆိုရင် အာဏာပိုင်တွေကို အရင်ဆုံး တင်ပြရတယ်လို့ သိရပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ လာမယ့် မေလ ဆန္ဒခံယူပွဲ လုပ်ပြီး သူတို့ရဲ့ နိုင်ငံရေး လမ်းပြမြေပုံကို ရှေ့ဆက် အကောင်အထည် ဖော်ဖို့ လုပ်နေချိန်မှာပဲ နေအိမ် အကျယ်ချုပ် ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ အခြားနိုင်ငံရေး အကျဉ်းသား အတော်များများကိုတော့ ဆက်ပြီး အချိန်အတန်ကြာအထိ ဖမ်းဆီးထားဖွယ် ရှိတယ်လို့ လှုပ်ရှားသူတွေကတော့ ယူဆနေပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကတော့ သူတို့နှစ်ဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို အရင်ဆုံး အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG