သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဆိုဗို လွတ်လပ်ရေး ကြေညာ၊ ဆားဘီးယားနဲ့ ရုရှား ကန့်ကွက်


ကိုဆိုဗိုနိုင်ငံဟာ ဆားဘီးယား လက်အောက်က လွတ်လပ်ရေး ကြေညာပြီးတဲ့နောက် အောင်ပွဲခံ ပျော်ရွှင်နေကြပါတယ်။ ဒါပေမယ့် ဆားဘီးယားနဲ့ ရုရှားတို့က ချက်ချင်းပဲ ကန့်ကွက်လိုက်ကြပြီး တရားမဝင်ဘူးလို့ ဆိုကြပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ ရောမမြို့ကနေ Sabina Castelfranco ပေးပို့ထားတဲ့ သတင်းကို ဦးဇံသာက တင်ပြထားပါတယ်။

ဖရစ်စတီးနားမြို့ လမ်းမပေါ်မှာ ကခုန်မြူးထူးနေသူတွေ၊ မိုးပေါ်ကို ထောင်ပစ်နေတဲ့ သေနတ်သံတွေ အနီရောင်နဲ့ အနက်ရောင် အယ်လ်ဘေးနီးယား အလံတွေကို ဝှေ့ရမ်းနေကြတဲ့ မြင်ကွင်းတွေဟာ ကမ္ဘာပေါ်မှာ နောက်ဆုံး မွေးဖွားထွန်းသစ်လာတဲ့ ကိုဆိုဗိုနိုင်ငံသစ်ရဲ့ ပျှော်ရွှင်မှု ပြယုဂ်တွေပဲ ဖြစ်ပါတယ်။

လွတ်လပ်ရေး ကြေညာချက်ကို ကိုဆိုဗို ပါလီမန်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်တယ်ဆိုရင်ပဲ လက်ခုပ်လက်ဝါးသံတွေ ဟိန်းထွက်လာပြီး ပါလီမန် ဥက္ကဌ ရာကု(ပ်) ခရက်စ်နီကီ (Jakup Krasniqi) က လွတ်လပ်သော၊ ဒီမိုကရေစီ ထွန်းကားသော၊ အချုပ်အချာ ပိုင်ဆိုင်သော ကိုဆိုဗိုနိုင်ငံဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

ဒီကြေညာချက်ကို ပါလီမန်ဥက္ကဌ ခရက်စ်နီကီ၊ ဝန်ကြီးချုပ် ဟက်ရှင်းမ် တာစီ (Hashim Thaci) နဲ့ သမ္မတ ဖက်မီယာ ဆက်ဒီဥ (Fatmir Sejdiu) တို့က လက်မှတ်ရေးထိုးထားကြတာပါ။

“ဒီကနေ့ ဒီအချိန်ကစပြီး ကိုဆိုဗို နိုင်ငံဟာ အမှီအခို ကင်းမဲ့သော လွတ်လပ်သော နိုင်ငံအဖြစ်သို့ ဂုဏ်ယူဝံ့ကြွားစွာ ရောက်ရှိသွားပါပြီ၊” - လို့ ကိုဆိုဗို ဝန်ကြီးချုပ် ဟက်ရှင်းမ် တာစီ က အယ်လ်ဘေးနီးယား ဘာသာစကားနဲ့ ကြေညာသွားပါတယ်။

ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ခြိမ်းခြောက်မှု၊ ခွဲခြားဆက်ဆံမှု၊ မမျှတသော ဆက်ဆံမှုတွေအတွက်မှ နေရာမရှိတော့ပါဘူး။ ကျနော်တို့ရဲ့ နိုင်ငံတော် အဆောက်အဦတွေနဲ့ လူ့အဖွဲ့အစည်းဟာ ခွဲခြားမှု အကျင့်စရိုက်တွေ အားလုံးကို တိုက်ဖျက်သွားမှာပါ။ ကိုဆိုဗိုနိုင်ငံမှာ သည်းခံခွင့်လွတ်မှု ရှိတယ်။ အပြန်အလှန် နားလည်မှု ရှိတယ်။ စည်းလုံးညီညွတ်မှုနဲ့ တိုးတက်မှု ရှိမှာ ဖြစ်ပါတယ်လို့လည်း မစ္စတာ တာစီက ဆက်လက် ပြောကြားသွားပါသေးတယ်။

ဒါပေမယ့် ဆားဘီးယား သမ္မတ ဘောရစ် တာဒစ် (Boris Tadic) ကတော့ ချက်ချင်းပဲ ကိုဆိုဗို လွတ်လပ်ရေး ကြေညာချက်ဟာ တစ်ဖက်သက်ဖြစ်ပြီး တရားမဝင်ဘူးလို့ ကြေညာပါတယ်။ ရုရှားနိုင်ငံကလည်း အလားတူ ကန့်ကွက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးပေါ်
စည်းဝေးပွဲတစ်ရပ် ခေါ်ယူဖို့ တောင်းဆိုလိုက်ပါတယ်။ ဆားဘီးယား သမ္မတ က ကိုဆိုဗို လွတ်လပ်ရေး ကြေညာချက် ပြန်လည် ရုတ်သိမ်းသွားအောင် လုပ်နိုင်သမျှ စွမ်းအားတွေကို အသုံးချသွားမယ်လို့ ဆိုပါတယ်။ အင်အားသုံးပြီး ပြန်လည် သိမ်းပိုက်ရေးတော့ မပါဝင်ဘူးလို့ ဆိုပါတယ်။

ဆားဘီးယား နိုင်ငံရေးပါတီတွေနဲ့ ကိုဆိုဗိုမှာနေထိုင်နေတဲ့ ဆပ် လူမျိုး ၁၅၀,၀၀၀ လောက်ကိုလည်း အေးအေးဆေးဆေးနဲ့ ဆက်လက် နေထိုင်သွားဖို့ တိုက်တွန်းသွားပါတယ်။

“ဒီနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ဟာ ဆားဘီးယားနိုင်ငံ ပိုင်နက်ပေါ်က နေတိုးစစ်တပ် ထိန်းချုပ်ထားတဲ့နယ်မြေပေါ်မှာ ကိုဆိုဗိုနိုင်ငံ အတုအယောင်ကို ကြေညာခြင်း ဖြစ်တယ်။” - လို့ ဆားဘီးယား ဝန်ကြီးချုပ် ဗောဂျိဆလပ် ကော့စ်တူနီကာ (Vojislav Kostunica) က ကြေညာသွားတာဖြစ်ပါတယ်။

ကိုဆိုဗို လွတ်လပ်ရေး ကြေညာပြီး အကြမ်းဖက်မှု သတင်းတချို့ပေါ်ထွက်ခဲ့ပေမယ့် သိသိသာသာ ပျက်ဆီးနစ်နာမှုတွေတော့ မကြားခဲ့ရပါဘူး။ ကိုဆိုဗိုမှာ ဆပ် တို့ အင်အားကောင်းတဲ့ မစ်ထရိုဗစ်ဆာ မြို့က ဥရောပသမဂ္ဂ ရုံးနဲ့ ကုလသမဂ္ဂရုံးတို့ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဒေါသ ထွက်နေတဲ့ ဆပ်တို့ဟာ ဘဲလ်ဂရိတ် မြို့တော်က အမေရိကန်သံရုံးကိုလည်း ခဲတွေနဲ့ ပစ်ဖောက် ခဲ့ကြပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီတို့ကတော့ ကိုဆိုဗို လွတ်လပ်ရေးကို ချက်ချင်း အသိအမှတ်ပြုလိမ့်မယ်လို့ ယူဆရပါတယ်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲက ကိုဆိုဗိုနဲ့ ဘော်လ်ကန်ဒေသ တစ်ခုလုံး တည်ငြိမ်ရေးဟာ သိပ်အရေးကြီးတဲ့အတွက် လူတိုင်း အေးဆေးတည်ငြိမ်စွာ ပြုမှုကြဖို့ တိုက်တွန်း သွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG