သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင် ရုရှားကုမ္ပဏီ ရွှေစမ်းသပ်မှုအပေါ် ဒေသခံများ သံသယရှိ


မြန်မာနိုင်ငံက ရွှေနဲ့ ဆက်စပ် သတ္တုတွေ ရှာဖွေခွင့်တစ်ရပ်ကို ရုရှားကုမ္ပဏီတစ်ခုက ရရှိသွားပါတယ်။ ရုရှားနိုင်ငံက Victorious Glory International နဲ့ ဘူူမိဗေဒ လေ့လာရေးနဲ့ ဓာတ်သတ္တု ရှာဖွေရေး ဦးစီးဌာနတို့ဟာ ပြီးခဲ့တဲ့ သောကြာနေ့က သဘောတူ လက်မှတ် ရေးထိုးခဲ့ကြကြောင်း စနေနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ အကြောင်းစုံကို ဦးတင်မောင်သန်းက တင်ပြထားပါတယ်။

ရုရှားကုမ္ပဏီက ရွှေ ရှာဖွေမယ့်ဒေသဟာ ကချင်ပြည်နယ် ဖားကန့် နဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်း မြို့ကြား ဥရုမြစ်ကြောင်း တလျှောက် ဖြစ်ပါတယ်။

အစိုးရသတင်းတွေမှာ ရုရှား ကုမ္ပဏီက ရွှေ နဲ့ အခြား ဆက်စပ်သတ္တုတွေ ရှာဖွေဖို့ ဖြစ်တယ်လို့ ဆိုပေမယ့် ဒေသခံ ကချင်ပြည်သူတွေကတော့ ရုရှား ကုမ္ပဏီ က ယူရေနီယံ ရှာဖွေမှာဖြစ်ကြောင်း ပြောဆိုနေကြတယ်လို့ ကချင် ပို့စ် အယ်ဒီတာ ဦးနော်ဆိုင်းက အခုလို ပြောပြပါတယ်။

“ဒီကုမ္ပဏီက ရွှေရှာဖို့အတွက် Gold Mining အတွက်ကို ကန်ထရိုက် တရားဝင် ရထားတယ်။ ကျနော်တို့ ရထားတဲ့ Information အရ ဆိုလို့ရှိရင် ဒီကုမ္ပဏီက လာရှာတာကတော့ ယူရေနီယံပါ။”

မြန်မာနိုင်ငံမှာ နျူကလီးယား သုတေသန ဌာနတစ်ရပ် တည်ဆောက်ဖို့ သဘောတူညီချက်ကို ယမန်နှစ် မေလက ရုရှားနိုင်ငံရဲ့ Atomic Energy Agency ဖြစ်တဲ့ Rosatom က ကြေညာလိုက်တဲ့ အခါ နိုင်ငံတကာက ဂရုစိုက်စရာ ဖြစ်သွားခဲ့ပါတယ်။ အဆိုပါ အစီအစဉ်အရ၊ ယူရေနီယံ အသုံးပြုမယ့် ၁၀ မဂ္ဂါဝပ် နျူကလီးယား ဓာတ်အားပေး စက်ရုံတစ်ရုံကိုလည်း စစ်အစိုးရက တည်ဆောက်မှာ ဖြစ်ပါတယ်။

အခြား ဒေသခံ ကုမ္ပဏီတွေနဲ့ တရုတ်ကုမ္ပဏီတွေကပါ ရွှေရှာနေကြတဲ့အတွက် အဆိုပါဒေသမှာ
ပတ်ဝန်းကျင် ပျက်စီးမယ့်အရေး စိုးရိမ်နေရကြောင်းကိုလည်း ဦးနော်ဆိုင်း က အခုလို ဆက်လက် ပြောဆိုပါတယ်။

“ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း၊ ဧရာဝတီမြစ်ရိုးတောက်လျှောက် အကုန်လုံး ဒါကတော့ ပျက်ဆီးနေကြတာပဲ၊ ရွှေတူးလို့။ ဒီ ရုရှားကုမ္ပဏီမှ မဟုတ်ဘူး။ တရုတ်ကုမ္ပဏီတွေရော။”

ဖားကန့် ဒေသကို ကမ္ဘာမှာ ကျောက်စိမ်းဒေသ အဖြစ် သိရှိကြပြီ၊ ဟုမ္မလင်း ဒေသကိုတော့ ရွှေထွက်တဲ့ဒေသအဖြစ် သိကြပါတယ်။ ဖေဖော်ဝါရီ လဆန်းပိုင်းက ရွှေတစ်အောင်စ ဈေးဟာ အမေရိကန် ဒေါ်လာ ၉၃၆ ဒေါ်လာ ခွဲ အထိ စံချိန်တင် တက်သွားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ သယံဇာတ ပေါများတဲ့နိုင်ငံ ဖြစ်ပြီး၊ ကမ္ဘာ့ ပတ္တမြားဈေးကွက် က ပတ္တမြား ၉၀ ရာနှုန်း ဟာ မြန်မာနိုင်ငံက ထွက်တာဖြစ်ပါတယ်။ စစ်အစိုးရဟာ ကျောက်မျက်ရတနာတွေကို ရောင်းချခြင်းအားဖြင့် နိုင်ငံခြား ဝင်ငွေ ရရှိနေခဲ့ပါတယ်။

အနောက်နိုင်ငံတွေက စီးပွါးရေး ပိတ်ဆို့ အရေးယူနေတဲ့ အချိန်မှာ ရုရှား၊ တရုတ်၊ အိန္ဒိယ နဲ့ အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံတွေက မြန်မာနိုင်ငံမှ သဘာ၀ ဓာတ်ငွေ့၊ သစ် နဲ့ ကျောက်မျက်ရတနာ သတ္တုပစ္စည်းတွေ ရရှိအောင် ပြိုင်ဆိုင် ကြိုးပမ်းနေကြတာပါ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံ အပေါ် ပို ပြင်းပြင်းထန်ထန် အရေးယူဖို့ ကြိုးစားတာတွေကို ရုရှား နဲ့ တရုတ က ဗီတိုအာဏာသုံး ပယ်ချခဲ့ကြပါတယ်။ တရုတ် နဲ့ ရုရှား ဟာ မြန်မာစစ်အစိုးရ အတွက် လက်နက်ရောင်းနေတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။

စက်တင်ဘာလ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ကြမ်းကြမ်းတမ်းတမ်း နှိမ်နင်း ပြီး နှစ်ပတ်အကြာမှာ ဝေဟင်ပစ် ဒုံးကျည် ကာကွယ်ရေး စံနစ် ကို ဝယ်ယူဖို့ မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ဟာ ရုရှားနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် မှာ ရုရှားက မြန်မာနိုင်ငံကို MIG တိုက်လေယာဉ် ၁၀ စင်း ရောင်းချခဲ့ပါတယ်။

ရုရှားကော၊ တရုတ်နိုင်ငံ ကပါ စစ်အစိုးရ နဲ့ စွမ်းအင်ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့ စိတ်ဝင်စား နေကြပါတယ်။ နှစ်နိုင်ငံလုံးက သဘာဝဓာတ်ငွေ့ နဲ့ ရေနံ စမ်းသပ်ရှာဖွေခွင့် ရရှိထားကြပါတယ်။

ယခု စာချုပ် ချုပ်ဆိုလိုက်တဲ့ Victorious Glory International ကုမ္ပဏီ ကို ရုရှား ကုမ္ပဏီအဖြစ် မီဒီယာတွေက ဖော်ပြကြပေမယ့် အဆိုပါ ကုမ္ပဏီရဲ့ နောက်မှာ ဆွီဒင် နဲ့ ဆွီဇာလန် ရင်းနှီး မြှုပ်နှံသူတွေ ပါဝင်ပိုင်ဆိုင်တဲ့ Benton International ကုမ္ပဏီ ရှိနေပါတယ်။ ဒီ ကုမ္ပဏီကို ရုရှားကုမ္ပဏီ နဲ့ ဆွီဇာလန် ကုမ္ပဏီ တို့က ဖက်စပ် ပိုင်ဆိုင်ကြတာပါ။ Benton International ကုမ္ပဏီ က စင်္ကာပူနိုင်ငံမှာ Chandwin Projects Pte Ltd. တစ်ခု ထူထောင်ထားခဲ့ပြီး၊ အခု စာချုပ် ချုပ်ဆိုလိုက်တဲ့ Victorious Glory International ကုမ္ပဏီ ရဲ့ အစုရှယ်ယာ ၈၀ ရာနှုန်းကို ပိုင်ဆိုင်ပါတယ်။

Chandwin ကို တည်ထောင်တဲ့ မစ္စတာ Krivoshey Pavel ဟာ စိန် နဲ့ ရွှေဖြူ ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ အတွေ့အကြုံ ရင့်တဲ့ ရုရှားလူမျိုး အင်ဂျင်နီယာ ဖြစ်ပြီး၊ Victorious Glory International ရဲ့ ဥက္ကဌ တာဝန်ကိုလည်း ယူထားပါတယ်။ ဆွီဒင် နဲ့ ဆွီဇာလန် က ရင်းနှီးမြှုပ်နှံ သူတွေဟာ မစ္စတာ Krivoshey Pavel အပေါ် ယုံကြည်မှု ခိုင်ခိုင်မာမာ ရှိကြတယ်လို့ အဆိုပါ ကုမ္ပဏီ ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG