သုံးရလွယ်ကူစေသည့် Link များ

ထိုင်းနိုင်ငံရဲ့ ပြည်သူ့ဆန္ဒခံယူပွဲ မြန်မာအတုယူသင့်


မြန်မာ့နိုင်ငံရေးမှာ ထိုင်းနိုင်ငံက ပိုမို ပတ်သက်ပါဝင် လုပ်ဆောင်ပေးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ် အတည်ပြုရေးအတွက် မေလမှာ ကျင်းပမယ်လို့ မြန်မာစစ်အစိုးရက ကြေညာခဲ့တဲ့ ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ ကျင်းပရာမှာလည်း ထိုင်းနိုင်ငံရဲ့ အတွေ့အကြုံကို မျှဝေပေးလိုတယ်လို့ စင်္ကာပူမှာ ဒီသီတင်းပတ်အတွင်း ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ထိုင်း နိုင်ငံခြားရေးဝန်ကြီး အသစ် နုတ်ပဒွန် ပဒ်တမာ (Noppadon Pattama) က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဒီပြောကြားချက် နဲ့ပတ်သက်လို့ တုံ့ပြန်ချက်တချို့ကို ဒေါ်လှလှသန်းက စုစည်း တင်ပြထားပါတယ်။

PPP ပါတီ ခေါ် ပြည်သူ့အင်အားပါတီ ဦးဆောင်တဲ့ ၀န်ကြီးချုပ် စမတ် စွန်ဒရာဝေ (Samak Sundaravaj) ရဲ့ ၆ ပါတီ ညွှန့်ပေါင်းအစိုးရ တက်လာခါစကတော့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးသစ် နုတ်ပဒွန် ပဒ်တမာ ကနေ မြန်မာနိုင်ငံအရေးဟာ ပြည်တွင်းရေး ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံအနေနဲ့ ၀င်ရောက်စွက်ဖက်ခြင်း မပြုဘူးဆိုတဲ့ အာဆီယံအသင်းကြီးရဲ့ ယေဘုယျ စွဲကိုင်ထားတဲ့ ပေါ်လစီကို ကျင့်သုံးဖို့ရှိတယ်လို့ သတင်းထောက်တွေကို အစပိုင်းက ရာထားပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် စင်္ကာပူမှာ မကြာသေးမှီက ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မှာတော့ မြန်မာနိုင်ငံရေးမှာ ထိုင်းနိုင်ငံက ပိုမို ပါဝင်ဆောင်ရွက်ပေးမယ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် မူကြမ်း အတည်ပြုနိုင်ရေးအတွက် မေလကျင်းပဖို့ရှိတဲ့ ပြည်လုံးကျွတ် လူထု ဆန္ဒခံယူပွဲမှာလည်း ထိုင်းငံကနေ မကြာသေးမှီနှစ်များက ကျင်းပခဲ့တဲ့ အတွေ့အကြုံတွေကို မျှဝေဖလှယ် လိုတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါကို Forum-Asia အဖွဲ့က ပြောခွင့်ရပုဂ္ဂိုလ် ဆူနွိုင်း ပါဆော့ က ကြိုဆိုလိုက်ပါတယ်။ ဒါပေမယ့်လို့ သူကတော့ ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲနဲ့ သက္ကရာဇ် ၂၀၀၇ ခုနှစ် ရွေးကောက်ပွဲဟာ အာဏာသိမ်း စစ်အစိုးရလက်အောက်မှာ ကျင်းပခဲ့တာဖြစ်ပေမယ့် စစ်တပ်အနေနဲ့ မဲဆန္ဒရှင်တွေကို ခြိမ်းခြောက်တာ၊ ရွေးကောက်ပွဲ ကျင်းပရေးကော်မတီတွေကို ကြိုးကိုင်တာ မရှိတဲ့အတွက် ထိုင်းမဲဆန္ဒရှင်တွေအနေနဲ့ သူတို့ရဲ့ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖေါ်ခွင့် ရခဲ့တယ်လို့ ဆိုပါတယ်၊ ဒါပေမယ့်လို့ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကတော့ ထိုင်းနိုင်ငံနဲ့ မတူဘူးလို့ သူကထောက်ပြပါတယ်။

“မြန်မာနိုင်ငံမှာ စစ်အစိုးရအနေနဲ့ ဒီမိုကရေစီ လိုလားတဲ့ အုပ်စုတွေရဲ့ ပါဝင်မှုကို ကန့်သတ် ချုပ်ချယ်တာ တွေ့ရပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်မှာ တောင်မှ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရွေးကောက်ပွဲမှာ မပါဝင်ဘူးလို့ အဓိပ္ပါယ်ရောက်တဲ့ ကန့်သတ်ချက်တွေ ပါဝင်တာ တွေ့ရပါတယ်။ ဒါ့အပြင် မြန်မာစစ်အစိုးရက ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကို အင်အားဖြည့်ထားတာ တွေ့ရပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း လူထုစည်းဝေးပွဲကြီးတွေ ပြုလုပ်ပြီး ထောက်ခံ အတည်ပြုဖို့ ဦးတည်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာလူထုကိုယ်တိုင် တကယ်တမ်း ဆန္ဒမပါဘဲ စစ်အစိုးရက လက်သပ်မွေးထားတဲ့ အုပ်စုတွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုဖို့ ရည်ရွယ်တာဖြစ်ပါတယ်။” - လို့ မစ္စတာ ဆူနွိုင်းက ထောက်ပြပါတယ်။

ဒါကြောင့်လည်း ထိုင်းအစိုးရအနေနဲ့ တကယ် ထိရောက်စွာ အကူအညီ ပေးလိုရင် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ ကျင်းပနည်းထက် ပြည်သူတွေ ဘယ်လို လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်ခွင့် ရကြတယ် ဆိုတဲ့ အတွေ့အကြုံကို မြန်မာနိုင်ငံသားတွေကို မျှဝေပေးဖို့ လိုတယ်လို့ သူက ထောက်ပြပါတယ်။

“ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အကူညီပေးရာမှာ မြန်မာစစ်အစိုးရကို ဦးစားပေးမယ့်အစား မဲဆန္ဒရှင်တွေ ဖြစ်တဲ့ မြန်မာနိုင်ငံသားတွေကို အကူအညီ ပေးသင့်ပါတယ်။ ၁၈ လကြာခဲ့တဲ့ ထိုင်း စစ်အာဏာသိမ်း အစိုးရရဲ့ ခြိမ်းခြောက်မှု အန္တရာယ်ကင်းစွာနဲ့ ထိုင်းလူထုဟာ ကိုယ့်စိတ်ကြိုက် PPP ပါတီ ဦးဆောင်တဲ့ အစိုးရကို ဘယ်ပုံဘယ်နည်း ရွေးချယ်ခဲ့ကြသလဲ၊ အလားတူ အဖြေမျိုး ထွက်နိုင်အောင် ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို ဘယ်လို အကူအညီ ပေးနိုင်မလဲ၊ မြန်မာ စစ်ဗိုလ်ချုပ်တွေနဲ့ တွေ့ဆုံပြီး ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲ ကျင်းပပုံ၊ ကျင်းပနည်းတွေကို အကူအညီ ပေးမယ်ဆိုရင် ဘာမှ ထိရောက်မှာ မဟုတ်ပါဘူး၊ ရွေးကောက်ပွဲက အစကတည်းက ဆင်ထားပြီး ဖြစ်တာမို့ ဒီလိုဆင်ထားတဲ့ နိုင်ငံရေး ကစားကွက်ကို လူထုက ဘယ်လို ပြောင်းအောင် ထိုင်းနိုင်ငံက အကူအညီပေးနိုင်မလဲ ဆိုတာကို စဉ်းစားပေးသင့်ပါတယ်။” - လို့ မစ္စတာ ဆူနွိုင်းက ပြောသွားတာဖြစ်ပါတယ်။

ထိုင်းအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ကိုဝင်းမင်းကတော့ ထိုင်းငံက ကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အပေါ် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ ကျင်းပတဲ့ အတွေ့အကြုံဟာလည်း မြန်မာနိုင်ငံအတွက် အကျိုးပြုနိုင်တယ်လို့ အခုလို ရှင်းပြပါတယ်။

“ထိုင်းနိုင်ငံအနေနဲ့ အကူအညီ ပေးနိုင်တာက ထိုင်းနိုင်ငံရဲ့ ပြီးခဲ့တဲ့ လူထုဆန္ဒခံယူပွဲရဲ့ အတွေ့အကြုံပေါ့၊ ဒါဟာ ထိုင်းနိုင်ငံမှာ ပထမဦးဆုံး လုပ်ခဲ့တဲ့ လူထုဆန္ဒခံယူပွဲလည်း ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အတည်ပြုဖို့နဲ့ ပတ်သက်ပြီးတော့ပေါ့နော်၊ အရင်တုန်းက ဆိုရင်တော့ ထိုင်းနိုင်ငံက ပါလီမန်ကနေပဲ ဖွဲ့စည်းပုံကို အတည်ပြုလေ့ရှိတာကို၊ ဆိုတော့ ထိုင်းနိုင်ငံရဲ့ အတွေ့အကြုံက ကောင်းသွားတာတွေ ရှိပါတယ်။ ပထမဆုံးက ဖွဲ့စည်းပုံကို လူထုဆန္ဒခံယူပွဲ မလုပ်ခင်ပေါ့နော်၊ သူက ဆွေးနွေးခွင့်တွေ တစုံတရာ ပေးခဲ့ပါတယ်။ အဲဒီတော့ ဒီဖွဲ့စည်းပုံနဲ့ပတ်သက်ပြီးတော့ ကြိုက်တဲ့သူရော၊ မကြိုက်တဲ့သူရော တနိုင်ငံလုံးကိုလွှင့်တဲ့ တီဗွီတွေ၊ ရေဒီယိုတွေ၊ သတင်းစာတွေမှာ သူတို့ ငြင်းခုံပွဲတွေ သူတို့ လုပ်ပါတယ်။ ဒီဖွဲ့စည်းပုံကို လေ့လာနိုင်ဖို့ ဆိုပြီးတော့ သူတို့က အိမ်တိုင်းကို တစ်အိမ်ကို ဖွဲ့စည်းပုံနဲ့ ပတ်သက်သက်တဲ့စာအုပ် တစ်အုပ်ပေါ့နော်၊ အဲဒါကို သူတို့ ဖြန့်ဝေပေးခဲ့ပါတယ်။ အဲဒါအပြင် သတင်းစာတွေထဲကနေလည်း အချပ်ပိုအနေနဲ့ သူတို့ ထည့်ပေးတယ်။ အင်္ဂလိပ် သတင်းစာတွေမှာလည်း အရေးကြီးတဲ့အချက်တွေကို ဖွဲ့စည်းပုံနဲ့ပတ်သက်တာတွေကို ထည့်ပေးတဲ့အခါကျတော့ လူတိုင်းက အားလုံး လေ့လာခွင့် ရှိတဲ့အခါကျတော့ လူတိုင်းက ခုနကလိုမျိုး ဆွေးနွေးပွဲတွေ ရှိတဲ့အတွက် ဖွဲ့စည်းပုံအပေါ်မှာ ကောင်းကောင်း နားလည်ပြီးတော့ ကြိုက်တယ်၊ မကြိုက်ဘူး သူတို့ မဲပေးနိုင်ခွင့် ရှိခဲ့တာပေါ့လေ။

“နောက်တစ်ခုကလည်း မဲရုံတွေ တည်ဆောက်တဲ့ ပုံစံပေါ့၊ ထိုင်းနိုင်ငံမှာဆိုရင်လည်း လျှို့ဝှက်မဲ ဖြစ်အောင် ဖန်တီးပေးပါတယ်။ ဆိုလိုတာက အဖြူပုံး၊ အမဲပုံး သူတို့မှာ မရှိဘူး။ တိုက်ရိုက် ပုံးတစ်ပုံးတည်းကိုပဲ စာရွက်ထဲမှာကိုက ထောက်ခံတာနဲ့ မထောက်ခံတာကိုပဲ သူက ရေးယုံပဲပေါ့နော်။ ပုံးတစ်ပုံးတည်းကိုပဲ သွားပြီးတော့ ဖြည့်တဲ့အတွက် စာရွက်ကိုလည်း ထောက်ခံတယ် မထောက်ခံဘူး ရေးတဲ့နေရာမှာ လူမမြင်တဲ့ နေရာမှာ ရေးရတဲ့အတွက် ကိုယ် ဘာမဲပေးလိုက်တယ်ဆိုတာ မသိတော့ဘဲနဲ့ လျှို့ဝှက်မဲ ဖြစ်သွားတာပေါ့။ အဲဒီအခါကျတော့ လူတွေက လွတ်လွတ်လပ်လပ်နဲ့ အကြောက်တရားမရှိဘဲနဲ့ စိုးရိမ်မှုမရှိဘဲနဲ့ မဲပေးခွင့် ရှိခဲ့တယ်။ ဒါကြောင့် ဒါက လွတ်လပ်တယ်၊ တရားမျှတတယ်လို့ ပြောလို့ရတာပေါ့နော်။ နောက်တစ်ခုကတော့ ဒီ မဲရုံ စောင့်ရှောက်မှု ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အနေနဲ့က လူရိုသေရှင်ရိုသေ ပုဂ္ဂိုလ်တွေပေါ့နော်။ မဲရုံတွေမှာ စောင့်ဖို့အတွက် လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ ဒီ ဖွဲ့စည်းအုပ်ချုပ်ပုံကို အတည်မပြုပေးခဲ့လို့ရှိရင် ထိုင်းနိုင်ငံမှာလုပ်ခဲ့တာက အရင်တုန်းက ရှိခဲ့တဲ့ ဖွဲ့စည်းပုံကို ပြန်သုံးမယ်ဆိုတဲ့နည်း ရှိခဲ့တာ ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံမှာက ဒီဖွဲ့စည်းပုံကို ဆန့်ကျင်မဲ ပေးခဲ့လို့ရှိရင်ပေါ့နော်၊ ဘယ်လို ဆက်လုပ်မယ်ဆိုတဲ့ အစီအစဉ်မရှိတာကို တွေ့ရပါတယ်။ အဲတော့ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် ထိုင်းနိုင်ငံအနေနဲ့က မြန်မာနိုင်ငံကို သူတို့ အတွေ့အကြုံတွေကို ရှင်းပြအကူအညီပေးလို့ ရပါတယ်။”

ထိုင်းအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ကိုဝင်းမင်းရဲ့ အမြင် ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG