သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရက် သမ္မတလောင်း ပြိုင်ဘက်နှစ်ဦး စကားစစ်ထိုး


အမေရိကန်သမ္မတ ရွေးကောက်ပွဲ ဒီမိုကရက်တစ်ပါတီရဲ့ ပဏာမရွေးကောက်ပွဲမှာ နောက်ဆုံး ကျန်နေတဲ့ ကိုယ်စားလှယ်လောင်း ၂ ယောက်ဖြစ်ကြတဲ့ အထက်လွှတ်တော်အမတ် Hillary Clinton နဲ့ Barak Obama တို့ဟာ အရေးပါတဲ့ ကိုယ်စားလှယ် များများရနိုင်မယ့် Texas နဲ့ Ohio ပြည်နယ်တွေမှာ ကျင်းပမယ့် အရေးပါတဲ့ ပဏာမ ရွေးကော်ပွဲမတိုင်ခင် အင်္ဂါနေ့ညက ရုပ်မြင်သံကြား အစီအစဉ်မှာ စကားရည်လုခဲ့ကြပါတယ်။ ဒီ စကားရည်လုပွဲကို Ohio ပြည်နယ်၊ Cleveland မြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး MSNBC ရုပ်မြင်သံကြားအစီအစဉ်ကနေ အသံလွင့်ခဲ့တာပါ။ ဒီအကြောင်း ဗီအိုအေ သတင်းထောက် Greg Flakus, Texas ပြည်နယ် San Antonio မြို့ကနေ သတင်းပေးပို့ထားတာကို ဦးဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ကိုယ်စားလှယ်လောင်းနှစ်ယောက်ဟာ ကျန်းမာရေး အာမခံချက် ရရှိစေမှုနဲ့ လွတ်လပ်တဲ့ ကုန်သွယ်မှု ကိစ္စတွေအပေါ် အစပိုင်းမှာ သဘောထား ကွဲပြားခဲ့ကြပေမယ့် နောက်ပိုင်း နှစ်ယောက်စလုံးရဲ့ အဖြေတွေက ကွဲပြားမှု သိပ်ရှိတာ မတွေ့ရပါဘူး။ ကိုယ်စားလှယ်လောင်း နှစ်ယောက်ကြား အညင်းအခုန် ဖြစ်စေတဲ့ အဓိက အကြောင်းအရာကတော့ ဘယ်ဘက်က တဖက်ကို မတရား လုပ်ဆောင်ခဲ့သလဲ ဆိုတဲ့ မေးခွန်းပါဘဲ။

အိုဘားမား ဖက်က Ohio ပြည်နယ်က မဲပေးသူတွေကို ဖြန့်ဝေခဲ့တဲ့ ရွေးကောက်ပွဲ စည်းရုံးရေး ဆိုင်ရာ လက်ကမ်း စာစောင်တွေမှာ သူမရဲ့ ရပ်တည်ချက်နဲ့ပတ်သက်ပြီး အဓိပ္ပါယ် ကောက်လွဲမှားအောင် လုပ်ဆောင်ခဲ့တယ်လို့ Ms. Clinton က စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

“ကျမအနေနဲ့ စိတ်မချမ်းသာစရာအချက်အဖြစ် တွေ့ရှိခဲ့တာကတော့ Ohio ပြည်နယ် တလွှား အထက်လွှတ်တော်အမတ် အိုဘားမား ဖြန့်ဝေခဲ့တဲ့အထဲမှာ ကျန်းမာရေး အာမခံကုမ္ပဏီတွေ၊ Republican တွေက ဒီအစီအစဉ်ကို ရေးခဲ့သယောင်ယောင် လုပ်ထားတဲ့ ကိစ္စပါ။”

Ms. Clinton က သူမရဲ့ ကျန်းမာရေး အာမခံချက်ရရေး အစီအစဉ်က အမေရိကန်နိုင်ငံသား အားလုံးအတွက်ဖြစ်ပြီး အိုဘားမားရဲ့ စီမံကိန်းက သန်းနဲ့ချီတဲ့ပြည်တွေ ကျန်းမာရေး အာခံချက်ရမဲ့ အခွင့်အလမ်းက ဆုံးရှုံးကြလိမ့်မယ်လို့ ပြောပါတယ်။

အိုဘားမားကတော့ သူတို့နှစ်ယောက် စီမံကိန်းတွေရဲ့ ကွဲပြားချက်က သူ့စီမံကိန်းက လူတွေ ကျန်းမာရေး အာမခံ ဝယ်ယူဖို့ အတင်းအဓမ္မ လုပ်ဆောင်မှာမဟုတ်ဘူး၊ ဒါပေမယ့် ဒီအထဲမှာ အားလုံး ပါဝင်ဖို့ အခွင့်အလမ်းရှိမယ့် စီမံကိန်းမျိုးဖြစ်တယ်လို့ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တဲ့ကိစ္စကိုလည်း သူက ငြင်းပယ်ခဲ့ပါတယ်။

“အထက်လွှတ်တော်အမတ် Clinton က သူ့ရဲ့ ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးမှုတွေမှာ အီးမေးလ်၊ မိုဘိုင်းလ် ဖုန်းနဲ့ခေါ်တာ၊ စာရွက်တွေ လိုက်ကပ်တာ၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေမှာ ကျနော်တို့ကို အပြုသဘောမဆောင်တဲ့ မဲဆွယ် စည်းရုံးမှုတွေ လုပ်ခဲ့ပေမယ့် ကျနော်တို့က ဒါဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုရဲ့ သဘာဝအရ လုပ်ဆောင်ကြတာပဲဆိုပြီး ကျနော်တို့ဖက်က ညည်းငြူခဲ့ခြင်း မရှိပါဘူး။”

Ms. Clinton ကတော့ သူ့ရဲ့ပြိုင်ဖက်က သူမလို အတွေ့အကြုံ ပြည့်ပြည့်စုံစုံမရှိသေးတာကြောင့် တိုင်းပြည်ရဲ့ စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ အဆင့်သင့် ဖြစ်မဖြစ် ဆိုတဲ့အပေါ် လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း မေးခွန်း ထုတ်ခဲ့ပါတယ်။ အရင် စကားရည်လုပွဲတွေမှာ အိုဘားမားက ပါကစ္စတန်ကို ဗုံးကြဲမယ်လို့ ပြောဆိုခဲ့တာကိစ္စ၊ ကြိုတင် ကန့်သတ်ချက်တွေမရှိပဲ ကမ္ဘာတလွားက အာဏာရှင်တွေနဲ့ တွေ့ဆုံမယ်လို့ ပြောဆိုတဲ့ကိစ္စတွေကို ဒီ စကားရည်လုပွဲမှာ Ms. Clinton က ထပ်မံ ပြောဆိုခဲ့ပါတယ်။

အိုဘားကတော့ သမ္မတ တယောက်အနေနဲ့ ပါကစ္စတန်ကို သူဗုံးကြဲမယ်လို့ ပြောခဲ့တာဟာ အဲဒီ နိုင်ငံထဲမှာ အကြမ်းဖက်သမားတွေ ပုန်းအောင်းနေတယ်လို့ ထောက်လှမ်းရေးသတင်းရပြီး အဲဒီအပေါ် ပါကစ္စတန်ဖက်က လုပ်ဆောင်မှုမရှိရင်၊ ဒါမှမဟုတ် မလုပ်ဆောင်နိုင်ရင် ဆိုတဲ့အခါကျမှ ဗုံးကြဲမှာလို့ ပြောဆိုခဲ့တဲ့ကြောင်း ပြန်လည် ချေပခဲ့ပါတယ်။

ဒီ စကားရည်လုပွဲမှာ ဘယ်သူကမှ တဖက်ကို သိသိသာသာ အသာစီး ရလိုက်တယ် ဆိုတာ မရှိခဲ့ပေမယ့် Texas, Ohio, Vermont နဲ့ Rhode Island ပြည်နယ်တွေမှာ လာမယ့် မတ်လ ၄ ရက်နေ့မှာ ကျင်းပမယ့် ပါတီတွင်း ပဏာမ ရွေးချယ်ပွဲတွေမတိုင်ခင် သူတို့ရဲ့ ရပ်တည်ချက် အသီးသီးကို မဲပေးမယ့်သူတွေရှေ့မှာ ပိုမို ကျယ်ကျယ်ပြန့်ပြန့် တင်ပြခွင့် ရခဲ့ကြပါတယ်။

Texas ပြည်နယ်က ခရိုင်တချို့မှာ အစောပိုင်း ကြိုတင် မဲပေးမှုတွေ စတင်နေပြီဖြစ်ပြီး ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေထက် မဲပေးသူဦးရေ ပိုများလာတဲ့အကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ Ms. Clinton ဟာ Texas ပြည်နယ်ထဲက တောင်အမေရိကန်တိုက်နွယ်ဖွား Hispanic တွေ၊ အမျိုးသမီးတွေနဲ့ အလုပ်သမားတွေရဲ့ မဲရဖို့ အစွမ်းကုန် စည်းရုံးရေး ဆင်းခဲ့ပေမယ့် အိုဘားမားကို လူမဲတွေနဲ့ လူငယ် မဲပေးသူတွေ စိတ်အား တက်ကြွစွာ ထောက်ခံ အားပေးနေကြပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်အထိ Ohio နဲ့ Texas ပြည်နယ် နှစ်ခုစလုံးမှာ Ms. Clinton က အသာစီး ရနေခဲ့ပေမယ့် အခု Ohio ပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ လူထု စစ်တမ်းကောက်ယူမှုတွေမှာ အိုဘားမားက Ms. Clinton နဲ့ တန်းတူ ဖြစ်လာနေပြီလို့ ဆိုပါတယ်။ အထက်လွှတ်တော်အမတ် Ms. Clinton ရဲ့ ခင်ပွန်းဖြစ်သူ သမ္မတဟောင်း Bill Clinton ကလည်း Texas ပြည်နယ်မှာ အကြီးအကျယ် မဲဆွယ်စည်းရုံးခဲ့ပြီး ဒီ ရွေးကေက်ပွဲမှာ သူမ ဆက်လက် တည်ရှိနေဖို့ အတွက် ဒီပြည်နယ်ကြီး နှစ်ခုစလုံးမှာ Ms. Clinton အနိုင်ရဖို့လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG