သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဆန္ဒခံယူပွဲဥပဒေ အကျိုးမပြု


မြန်မာစစ်အစိုးရက မေလထဲကြရင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွေ ကျင်းပပြီး အခြေခံ
ဥပဒေ မူကြမ်းတရပ်ကို အတည်ပြုဖို့ စီစဉ်နေတာတွေဟာ နိုင်ငံရေး တိုးတက်ဖြစ်ထွန်း
မှုတွေအတွက် အထောက်အကူ မဖြစ်နိုင်ဘူး၊ တိုင်းပြည်မှာ လိုအပ်နေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကိုလည်း ထိခိုက်စေနိုင်တယ်ဆိုပြီး အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) က ထပ်မံသတိပေး ပြောဆိုလိုက်ပါ
တယ်။ မြန်မာစစ်အစိုးရက ဒီလို ဆန္ဒခံယူပွဲတွေ လုပ်ဖို့အတွက် ဥပဒေတရပ် ထုတ်ပြန် ကြေညာလိုက်အပြီး အခုလို ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ အကြောင်းစုံကို
ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရက အခြေခံဥပဒေမူကြမ်းတရပ်ကို အတည်ပြုဖို့ လူထုဆန္ဒခံယူပွဲတွေ
ကျင်းပဖို့ စီစဉ်နေတာဟာ တဖက်သတ် ဆောင်ရွက်ချက်ဖြစ်တယ်၊ အရင့်အရင်က
ပေးခဲ့တဲ့ ကတိကဝတ်တွေကိုတောင် အကောင်အထည် ဖော်ပေးနိုင်တာမျိုးတွေ မရှိ
တာကြောင့် အခုဆောင်ရွက်ချက်တွေဟာလည်း ယုံကြည်လက်ခံနိုင်ဖို့ ခက်ခဲနေတယ်
ဆိုပြီး အန်န်အယ်လ်ဒီက ပြောဆိုလိုက်တာပါ။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပမယ်လို့ အာဏာပိုင်တွေဘက်က ထုတ်ပြန်ကြေညာလိုက်ပြီးတဲ့နောက် အတိုက်အခံ
အန်န်အယ်လ်ဒီဘက်က ဆန့်ကျင်ကန့်ကွက်မှုတွေကလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လာနေတာပါ။ အခုလည်းပဲ အာဏာပိုင်တွေဘက်က ဆန္ဒခံယူပွဲနဲ့ ပတ်သက်
လို့ နောက်ဆက်တွဲ ဆောင်ရွက်မယ့် ကိစ္စတွေကို ထုတ်ပြန်ကြေညာခဲ့အပြီး
အန်န်အယ်လ်ဒီဘက်က အထူးကြေညာချက်တစောင် ထုတ်ပြန်ပြီး ကန့်ကွက်လိုက်တာ
ပါ။ ဥပဒေကြောင်းအရရော၊ အရင့်အရင်က ပျက်ကွက်ခဲ့တဲ့ ကတိတွေကြောင့်လည်း
အခုလို ကန့်ကွက်စရာ၊ မေးခွန်းထုတ်စရာတွေ ရှိနေရတာပါလို့ အန်န်အယ်လ်ဒီ အထူး
ပြန်ကြားရေး အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးသိန်းညွန့်က ဆိုပါတယ်။

“ကျနော်တို့ ပထမတည်ဆောက်ခဲ့တဲ့ အချက်နှစ်ချက်ရှိတယ်။ အရင်းခံ အဓိက
သော့ချက်ကျတဲ့ ပြဿနာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စပေါ့။ ဖွဲ့စည်းပုံအခြေခံ
ဥပဒေ ရေးဆွဲရမှာက ၁/၉၀၊ အပိုဒ် ၂၀ အရ လွှတ်တော်ကိုယ်စားလှယ်တွေက ရေးရ
မယ်။ အဲဒီမှာ အဓိကသော့ချက် ပြဿနာပဲ။ အဲဒီအဓိကသော့ချက်ပြဿနာကို
မဆောင်ရွက်ဘဲနဲ့ သူနဲ့ဆက်နွယ်တဲ့ ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်တို့ ဘာတို့ဖွဲ့တာ
တို့၊ အခြေခံဥပဒေတောင် အတည်မဖြစ်သေးဘဲနဲ့ ၂၀၁၀ ခုနှစ်မှာ ပါတီစုံရွေးကောက်
ပွဲ ကျင်းပမယ်တို့ဆိုတာ အားလုံး တိုင်းပြည်က သိတဲ့အတိုင်းပဲ ကတိကဝတ်ပြဿနာ၊ ဥပဒေပြဿနာတွေ မရှင်းလင်းဘဲနဲ့ အဲဒါတွေလုပ်မယ်ဆိုရင် အားလုံးက ဒီအချက်တွေ
ပေါ်မှာ မေးခွန်းထုတ်စရာ ဖြစ်မှာပဲ။”

ဒီလိုအခြေအနေမျိုးမှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက
တိုက်တွန်းတောင်းဆိုနေတဲ့အတိုင်း သက်ဆိုင်သူတွေပါဝင်ပြီး အများလက်ခံနိုင်မယ့်
အခြေအနေမျိုး ရှိဖို့လိုတယ်လို့ အန်န်အယ်လ်ဒီက ပြောဆိုလိုက်တာပါ။

“အများယုံကြည်လေးစား လက်ခံနိုင်တဲ့ ပတ်ဝန်းကျင် အခြေအနေတရပ်ကို ဖန်တီး
ပေးဖို့ လိုတာပေါ့။ အဲဒီလိုဖန်တီးပေးဖို့ဆိုရင်တော့ ကုလသမဂ္ဂကလည်း တောက်လျှောက်တိုက်တွန်းထားတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး
လုပ်ငန်းစဉ်မှာ သက်ဆိုင်သူအားလုံး ပါဝင်ခွင့်ရှိရမယ်ဆိုတဲ့အချက် အကောင်အထည်
ဖော်ဖို့ အရေးအကြီးဆုံးပါပဲ။ ကျနော်တို့အဖွဲ့ချုပ်က ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေး အခြေအနေအားလုံးကို မျက်ခြည်မပြတ် အကဲဖြတ်နေပါတယ်။ အဲဒီအကဲဖြတ်ပြီး လုပ်သင့်လုပ်ထိုက်တာကိုလည်း ကျနော်တို့ လုပ်သွားမှာပါပဲ။

“ဒါပေမယ့် ကျနော်တို့အဖွဲ့ချုပ်က ဒီနေ့အချိန်ထိ အမျိုးသားပြန်လည်သင့်မြတ်ရေးမူကို ယုံကြည်တယ်။ ကျနော်တို့တိုင်းပြည်မှာ အခုပေါ်ပေါက်လာတဲ့ ကိစ္စအားလုံးကို အများ
ပြည်သူ ယုံကြည်လက်ခံနိုင်တဲ့ အခြေအနေတခုဖြစ်လာဖို့၊ အများပြည်သူ သဘောတူ
တဲ့ အခြေခံဥပဒေတခု ပေါ်ပေါက်လာဖို့၊ ဒီအခြေခံဥပဒေကလည်း တရားနည်းလမ်း
တကျ ဖြစ်တယ်ဆိုတာကို ပြည်တွင်းပြည်ပ၊ နိုင်ငံတကာတရားဥပဒေအရရော၊ ပြည်တွင်းဥပဒေအရရော လက်ခံနိုင်ဖို့ဆိုရင် ပေါ်ပေါက်နေတဲ့ လောလောဆယ် ပြဿ
နာကိုတော့ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတဲ့နေရာမှာလည်း ဒါကို ဆောင်ရွက်မယ်ဆိုရင် ကျနော်တို့တိုင်းပြည်ရဲ့ အနာဂတ်ကံကြမ္မာ အင်မတန်ကောင်း
တာပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ ဒီအခြေခံဥပဒေပြဿနာဆိုတာ အာဏာပြဿနာ
မဟုတ်ဘူးဗျ။ ကျနော်တို့နိုင်ငံရဲ့ အနာဂတ်ကံကြမ္မာ ပြဿနာ။”

ဒီလို မြန်မာစစ်အစိုးရဘက်က ဆန္ဒခံယူပွဲတရပ်လုပ်ပြီး အခြေခံဥပဒေကို အတည်ပြု
နိုင်ဖို့ တက်သုတ်ရိုက် စီစဉ်နေချိန်မှာပဲ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကြားမှာ
ဒါကို ဆန့်ကျင်သပိတ်မှောက်ဖို့၊ ဒါမှမဟုတ်ရင်လည်း ဆန္ဒခံယူပွဲတွေအတွင်း မဲပေးရာ
မှာ ကန့်ကွက်မဲတွေထည့်ကြဖို့ စတဲ့ အကြံပေးတိုက်တွန်းမှုတွေကလည်း ထွက်ပေါ်နေ
တာပါ။ ဒီလိုသဘောထားတွေနဲ့ပတ်သက်လို့ အန်န်အယ်လ်ဒီရဲ့ ရပ်တည်ချက်ကရော …

“အဲဒီအသံတွေကို ကျနော်တို့လည်း ကြားပါတယ်၊ အလေးဂရုလည်း ပြုပါတယ်။ အခု ဆန္ဒခံယူပွဲဥပဒေမှာ ပါတဲ့အတိုင်းပေါ့၊ သူတို့ ဆန္ဒခံယူပွဲလုပ်မယ့်နေ့ကို ကြေညာတဲ့
ပတ်ဝန်းကျင်လောက်ရောက်လာရင် အခု ကျနော်တို့က မူပိုင်းဆိုင်ရာကိစ္စ ထုတ်ပြန်
ထားပြီးပြီ။ အဲဒီအချိန်ကျရင် ဒီမူပေါ်မှာ အခြေခံပြီးတော့ လုပ်ငန်းပိုင်းဆိုင်ရာ လုပ်သင့် လုပ်ထိုက်တာတွေကို လူထုနဲ့အတူ လုပ်စရာရှိတာ လုပ်ရမှာပေါ့။ အဲဒီအခါကျတော့
အခုသိချင်တဲ့ မေးခွန်းရဲ့အဖြေတွေ ထွက်လာမှာပါ။”
အန်န်အယ်လ်ဒီ အထူးပြန်ကြားရေး အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးသိန်းညွန့် ပြောပြသွားခဲ့
တာပါ။

မြန်မာစစ်အစိုးရက ဆန္ဒခံယူပွဲတွေလုပ်ပြီး အခြေခံဥပဒေကို အတည်ပြုဖို့၊ အဲဒီကမှ
နောက် ၂ နှစ်အကြာ ၂၀၁၀ ခုနှစ်ကြရင် ရွေးကောက်ပွဲအသစ်တွေ ကျင်းပပေးမယ်
ဆိုပြီး အခုလဆန်းပိုင်းက ကြေညာလိုက်တဲ့နောက် အတိုက်အခံ အန်န်အယ်လ်ဒီအပြင်
တိုင်းရင်းသား နိုင်ငံရေးအင်အားစု၊ လက်နက်ကိုင်အဖွဲ့အစည်းတချို့ကလည်း လက်မခံ ဆန့်ကျင်တဲ့သဘောထားတွေကို ထုတ်ပြန်ပြောဆိုခဲ့ကြပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG