သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲပေးကြဖို့ ဒီမိုကရေစီနဲ့ တိုင်းရင်းသားအင်အားစုတွေက တိုက်တွန်း


မြန်မာစစ်အစိုးရရဲ့ ဖွဲ့စည်းပုံဆိုင်ရာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဟာ လက်ခံနိုင်စရာမရှိ
ပေမယ့်လို့ ဒီပွဲမှာ ပြည်သူတွေအနေနဲ့ ဆန္ဒမဲပေးပြီး စစ်အစိုးရဖွဲ့စည်းပုံကို ကန့်ကွက်
ကြဖို့လိုမယ်လို့ ပြည်ပရောက် အဖွဲ့အစည်းတွေက တညီတညွတ်တည်း သဘောထား ထုတ်ပြန်လိုက်ကြပါပြီ။ ဘယ်လိုအကြောင်းနဲ့ အခုလို ဆန္ဒမဲပေးဖို့ တိုက်တွန်းခဲ့ကြ
တာလဲ၊ အခုဆန္ဒခံယူပွဲကရော တကယ်တမ်း လွတ်လပ်မျှတမယ်လို့ ယူဆရပါသလား၊
ပြည်ပရောက် အတိုက်အခံခေါင်းဆောင်တွေကို စုံစမ်းမေးမြန်းပြီး ကိုသားညွန့်ဦးက စုစည်းတင်ပြထားပါတယ်။

တကယ်တမ်းကတော့ ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား
အင်အားစုတွေ အားလုံးက ဒီ စစ်အစိုးရရဲ့ ဆန္ဒခံယူပွဲဟာ သူတို့အရင်ကိုင်စွဲထားတဲ့
၉၀ ရွေးကောက်ပွဲရလဒ်၊ နောက် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးမူ စတာတွေနဲ့ ဖီလာ ဆန့်ကျင်ဘက်ဖြစ်နေတော့ စစ်အစိုးရရဲ့ အခု နိုင်ငံရေးလမ်းပြမြေပုံ အဆင့်အားလုံးကို
မူအရ လက်မခံဘူး၊ ဆန့်ကျင်တယ်ဆိုတာကို သူတို့အရင်ကတည်းက မကြာခဏ သဘောထားထုတ်ပြန်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုတော့ ဒီဆန္ဒခံယူပွဲကို လူထုဆန္ဒ
သဘောထားတွေ ထုတ်ဖော်ပြီး ဆန္ဒပြကြဖို့ဆိုတဲ့သဘောကို အခု သူတို့အားလုံး သဘောထားထုတ်ပြန်လာကြပါတယ်။ အရင်ဆုံးတော့ ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများကောင်စီ (အီးအန်န်စီ) အထွေထွေအတွင်းရေးမှူး ဒေါက်တာ
ဆလိုင်းလျှံမုန်းရဲ့အမြင်ကို မေးကြည့်ပါတယ်။

“ဆန္ဒခံယူပွဲလုပ်နေတဲ့ process တခုလုံးက ကျနော်တု့ိအနေနဲ့ လက်မခံနိုင်ဘူး။
ပြီးတော့ ဆန္ဒခံယူပွဲ ဖြစ်ပေါ်လာရင်လည်း ပြည်သူလူထုတရပ်လုံးအနေနဲ့ အသိတရား
ရှိရှိ လက်မခံသင့်ဘူးလို့ ကျနော်တို့အနေနဲ့ တိုက်တွန်းချင်ပါတယ်။ နအဖစစ်အစိုးရ
အနေနဲ့ ကျနော်တို့ဘက်က လက်မခံဘူးလို့ တဖက်သတ် ကန့်ကွက်မှုပေးတာမျိုး
မလိုချင်ဘူးဆိုရင် အခု အချိန်ရှိသေးတယ်။ သူတို့တင်ပြထားတဲ့ ဖွဲ့စည်းပုံအခြေခံ
ဥပဒေကို နအဖစစ်အစိုးရရဲ့ အဆိုပြုချက်တခုအနေနဲ့ ကျနော်တို့လက်ခံပြီး ကျနော်တို့
ဒီမှာ ဒီမိုကရေစီအင်အားစုနဲ့ တိုင်းရင်းသားလူမျိုးအားလုံး ပူးပေါင်းရေးဆွဲထားတဲ့
ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းဆိုတာ မကြာခင်ကမှ အတည်ပြုထားတာ
ရှိပါတယ်။ အဲဒါကို ကျနော်တို့တင်ပြမယ်။

“ဒီနှစ်ခုကို ညှိနှိုင်းပြီး အဖြေရှာမယ်ဆိုရင် အကောင်းဆုံးဖြစ်တယ်။ ဒါပေမယ့် နအဖ
စစ်အစိုးရက သုံးပွင့်ဆိုင်ကိုလည်း လက်မခံဘူး၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနှစ်ခုကို ညှိနှိုင်းတဲ့အလုပ်ကိုလည်း မလုပ်ချင်ဘူးဆိုရင် ကျနော်တို့မှာ တခြားရွေးစရာ
နည်းလမ်းမရှိဘူး။ ပြည်သူလူထုတရပ်လုံးကို နအဖစစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ
မူကြမ်းကို ဆန္ဒခံယူပွဲမှာပယ်ချဖို့ ကျနော်တို့ တိုက်တွန်းသွားမှာပဲဖြစ်ပါတယ်။”

စစ်အစိုးရက အခု ဆန္ဒခံယူပွဲနဲ့ပတ်သက်လို့ ဥပဒေထုတ်လိုက်ပါတယ်။ ဒီဥပဒေနဲ့
ပတ်သက်လို့ရော ဘာများပြောချင်လဲခင်ဗျ။

“သူတို့ဥပဒေရဲ့ ရည်ရွယ်ချက်ကိုပဲ ဖတ်လိုက်ပါ။ သူတို့ရေးဆွဲလိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေကို အတည်ပြုနိုင်ဖို့အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ကျင်းပမယ့် ကော်မတီ
ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ပြည်သူလူထုရဲ့ဆန္ဒမှန်ကို ဖော်ထုတ်ဖို့မဟုတ်ဘဲနဲ့ သူတို့ရေးဆွဲလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို တကယ့်ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်သွားအောင် အတည်ပြုခိုင်းတဲ့၊ အတင်းအဓမ္မ လုပ်ခိုင်းတဲ့ပုံစံမျိုး ဖြစ်နေပါတယ်။
အဲဒီအတွက် တခုလုံးကိုကြည့်လိုက်ရင် ပုဒ်မတွေ ဘယ်လောက်ပဲများများ အနှစ်သာရ
ကတော့ သူတု့ိရေးဆွဲလိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအဓမ္မ အတည်ပြုခိုင်း
တဲ့ ကော်မရှင်ရဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။”

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ ဝန်ကြီးတဦးဖြစ်တဲ့ ဒေါက်တာ စန်းအောင်ကရော ဒီဆန္ဒခံယူပွဲမှာ လူထုကို ပါဝင်မဲပေးဖို့ တိုက်တွန်းတာ ဘယ်လို အယူအဆမျိုးကြောင့်လဲခင်ဗျ။

“အခုအချိန်မှာတော့ နအဖအနေနဲ့ အတင်းပဲ ဘယ်သူပဲကြိုက်ကြိုက်၊ မကြိုက်ကြိုက် လုပ်သွားမယ့်အနေအထားမျိုး ဖြစ်လာနိုင်တယ်။ ဒီလိုဖြစ်လာမယ်ဆိုရင်တော့ ပြည်သူ
တွေအနေနဲ့ ပါဝင်ပြီးလုပ်နိုင်တဲ့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးကတော့ ဆန္ဒခံယူပွဲ
မှာ ဆန့်ကျင်မဲပေးဖို့ပဲဖြစ်တယ်။ ဒါကိုလည်း အတိအလင်း ပြည်သူတွေကို တိုက်တွန်း
ထားပါတယ်။”

ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေတင် ဒီသဘော ထားမဟုတ်ပါဘူး။ ဗမာပြည်ကွန်မြူနစ်ပါတီကလည်း သူတို့ရဲ့ အမြင်သဘောထားကို အခုလိုပြောပါတယ်။

“နအဖက သူတို့ရဲ့ referendum နဲ့ပတ်သက်ပြီး နည်းနည်းလေးပိုပြီးတော့ အသေးစိတ်
တွေ ဖော်ပြလာပြီလို့ ကျနော်တို့ ပြောလို့ရတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ သူတို့ရဲ့ ဥပဒေရေးအရပဲဖြစ်စေ၊ လုပ်နည်းလုပ်ထုံးအရဖြစ်စေ သူတို့တင်ပြတဲ့ အသေးစိတ်တွေ
ထဲမှာ လိုက်ပြီးတော့ နစ်မနေဘဲနဲ့ မူအရကိုပဲ ဒါကြီးက လက်မခံနိုင်တဲ့ဟာဆိုတော့
တိတိကျကျ၊ ပိုင်းပိုင်းဖြတ်ဖြတ်လုပ်ပြီးတော့ တတိုင်းပြည်လုံးနဲ့ လှုပ်ရှားကြမယ့်အချိန်
ရောက်နေပြီ။

“ကျနော်တို့က သူတို့ရဲ့ referendum ကို ဘယ်လိုကန့်ကွက်မလဲ၊ ကန့်ကွက်မဲ ဘယ်လို
ပေးမလဲ၊ အဲဒါကိုပဲ ပြည်သူလူထုအတွင်းမှာ ပြတ်ပြတ်သားသား ချပြသင့်တယ်လို့
ထင်တယ်။ ကျနော်တို့က ဒီလိုနည်းနဲ့ ဖွတ်မြီးနဲ့ ဖွတ်ကိုပြန်ချည်တယ်ဆိုတဲ့ဟာမျိုး၊
သူတို့လုပ်တဲ့ referendum နဲ့ သူတို့ကို ပြန်ပြီး ချည်တုပ်တဲ့ဟာမျိုး လုပ်ရမှာဖြစ်တယ်။ ကန့်ကွက်မဲပေးမယ်ဆိုတဲ့ တခုတည်းကိုပဲ အားလုံးက တသံတည်းထွက်ရင်
ကောင်းမယ်ထင်တယ်။ အချိန်က မကျန်တော့ဘူး။”
ဗမာပြည်ကွန်မြူနစ်ပါတီက ပြောခွင့်ရသူ ရဲဘော်ဖိုးသံချောင်း ပြောခဲ့တာပါ။

ဒီလို အခုလာမယ့် ဆန္ဒခံယူပွဲမှာ လူထုကို မဲထည့်စေပြီး လူထုဆန္ဒသဘောထားကို
ဖော်ထုတ်ကြဖို့ တိုက်တွန်းတယ်ဆိုတော့ ဒီဆန္ဒခံယူပွဲက တကယ်တမ်း လွတ်လွတ်
လပ်လပ် မဲပေးနိုင်ပါ့မလားဆိုတာ အမေးဖြစ်လာပါတယ်။ ဒေါက်တာစန်းအောင်ရဲ့
အမြင် ဘယ်လိုရှိပါသလဲ။

“ဘယ်လိုမှကို တရားမျှတပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲ ဖြစ်လာနိုင်တဲ့ အခြေအနေ
မရှိဘူး။ ဒါကြောင့် ကျနော်တို့အနေနဲ့ ထောက်ပြချင်တာက တကယ်တမ်းဖြစ်လာမယ့်
ဆန္ဒခံယူပွဲဟာ နိုင်ငံတကာ အဆင့်အတန်းနဲ့အညီ တရားမျှတပြီး လွတ်လပ်ဖို့လိုတယ်၊ မကြာသေးခင်ကပဲ သခင်သိန်းဖေတို့အနေနဲ့ အဲဒါအတွက် ကြေညာချက်ထုတ်ပြီး တောင်းထားတာရှိပါတယ်။ အဲဒီမှာလည်း အချက်အလက်တွေပါတယ်။ ဒီအချက် အလက်တွေနဲ့ပတ်သက်ပြီး ကျနော်တို့ကတော့ သင့်တော်တယ်လို့မြင်တယ်။ အဲဒီ
ထက်လည်း ပိုပြီးတော့လိုမယ်။ မတရားတဲ့အမိန့်အာဏာတွေ ဖယ်ပေးဖို့လိုမယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့လိုမယ်။ နိုင်ငံရေးပါတီတွေ လွတ်လပ်ခွင့်
ပေးဖို့လိုမယ်။ မဲပေးမှာနဲ့ပတ်သက်ပြီး ဥပဒေ တိတိကျကျ၊ ပြည်ပမှာရောက်နေတဲ့
အလုပ်သမားတွေ ဘယ်လိုမဲပေးမှာလဲဆိုတာ တိတိကျကျ ဆက်လုပ်ဖို့လိုမယ်။
နောက်တခုက မဲစစ်ဆေးမယ့်လူတွေ၊ ကြီးကြပ်မယ့်လူတွေ၊ အဲဒါကလည်း နိုင်ငံတကာ
ကရော၊ ပြည်တွင်းမှာရော လွတ်လွတ်လပ်လပ်နဲ့ မဲပေးတဲ့အခြေအနေကို စစ်ဆေး
ကြည့်ရှုနိုင်တဲ့ အခွင့်အရေးတွေ ပေးဖို့လိုတယ်။”

စစ်အစိုးရက လက်ရှိထုတ်ပြန်ထားတဲ့ ဆန္ဒခံယူပွဲဆိုင်ရာ ဥပဒေအတိုင်းဆိုရင်တော့ ပြည်တွင်းပြည်ပက လွတ်လပ်တဲ့စောင့်ကြည့်မှုတွေကို ခွင့်ပြုထားတာ မတွေ့ရပါဘူး။
ဒါ့အပြင် ဆန္ဒခံယူပွဲကို ပျက်ပြားအောင်လုပ်ရင် ထောင် ၃ နှစ်အထိ ချမယ်ဆိုတဲ့ကိစ္စ၊ အမျိုးသားညီလာခံကို နှောင့်ယှက်ဝေဖန်တဲ့ဥပဒေ ၅/၉၆ ကလည်း အတည်ဖြစ်နေ သေးတာတွေရှိတော့ အခုလာမယ့် ဆန္ဒခံယူပွဲအတွက် လွတ်လပ်မျှတဖို့ အနှောင့်
အယှက်တွေ ဖြစ်စေတယ်လို့ ယူဆကြပါတယ်။

အခု ဒီဆန္ဒခံယူပွဲကို မေလအတွင်းလုပ်မယ်ဆိုပေမယ့်လည်း သုံးလပဲကျန်တော့တဲ့
အချိန်အထိ ရက်အတိအကျကို မကြေညာသေးတာကြောင့် အများစုကတော့ ဆန္ဒ ခံယူပွဲနဲ့ပတ်သက်လို့ သံသယတွေ ဖြစ်နေကြတယ်လို့ ဆိုရမှာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG