သုံးရလွယ်ကူစေသည့် Link များ

ကင်ညာအာဏာခွဲဝေရေး အစိုးရနဲ့ အတိုက်အခံ သဘောတူပြီ


ကင်ညာနိုင်ငံမှာ ဒီဇင်ဘာလ ရွေးကောက်ပွဲ
နောက်ပိုင်း စတင်ဖြစ်ပွားခဲ့တဲ့ ပဋ္ဋိပက္ခတွေ အဆုံးသတ်ရေးကို ရည်ရွယ်တဲ့ အာဏာခွဲဝေ
ရေး သဘောတူညီချက်တရပ်ကို အစိုးရနဲ့ အတိုက်အခံခေါင်းဆောင်တွေ လက်မှတ် ရေးထိုးလိုက်ကြပါပြီ။ ကုလသမဂ္ဂ အတွင်း
ရေးမှူးဟောင်း ကိုဖီအန်နန်နဲ့ အာဖရိက
သမဂ္ဂ ဥက္ကဋ္ဌ ဂျာကာယာ ကီဝိတီတို့ ကြားဝင်
စေ့စပ်ပြီး တရက်အကြာမှာ ဒီလိုသဘောတူ
ညီမှု ရရှိခဲ့ကြတာဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် စကော့တ် ဘော့ဘ်
(Scott Bobb) နိုင်ရိုဘီမြို့ကပေးပို့တဲ့ သတင်း
လွှာကို ဦးကျော်ဇံသာက တင်ပြပေးထား
ပါတယ်။

ဒီသဘောတူညီချက်ကို ကင်ညာသမ္မတ မွိုင်ကီဘာကီ (Mawi Kabaki) နဲ့ အတိုက်အခံ
ခေါင်းဆောင် ရွိုင်လာအိုဒင်းဂါး (Raila Odinga) တို့ဟာ နိုင်ငံတကာသံတမန်တွေ၊
ကင်ညာအစိုးရနဲ့ အတိုက်အခံကိုယ်စားလှယ်တွေ ရှေ့မှောက်မှာ လက်မှတ်ရေးထိုး
ကြတာဖြစ်ပါတယ်။

နှစ်ဖက်ခေါင်းဆောင်တွေဟာ ၅ နာရီကြာ အကြိတ်အနယ် ဆွေးနွေးပြီးတဲ့နောက်
အစိုးရဖွဲ့စည်းမှု ပုံစံသစ်ကို သဘောတူညီခဲ့ကြတာဖြစ်တယ်လို့ စေ့စပ်ရေးမှူးချုပ်
ကိုဖီအန်နန်က ဆိုပါတယ်။

“အစိုးရနဲ့ အတိုက်အခံတို့ဟာ နိုင်ငံရေးအကျပ်အတည်းကို ဘယ်လိုကျော်လွှားမယ်
ဆိုတဲ့ အစီအစဉ်အမှတ် ၃ ကို ဒီညနေပိုင်းမှာပဲ အပြီးသတ် သဘောတူညီလိုက်ကြပြီ
ဆိုတဲ့အကြောင်း ကင်ညာပြည်သူတွေကို ပြောကြားနိုင်ပြီဖြစ်တဲ့အတွက် ကျနော်
ဝမ်းမြောက်ပါတယ်။”

ဝန်ကြီးချုပ်နဲ့ ဒုတိယ၀န်ကြီးချုပ်နှစ်ဦး ခန့်ထားရေးကိစ္စကို နှစ်ဖက်သဘောတူညီခဲ့ကြ
တာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ်ဟာ ၀န်ကြီးတွေကို ကြီးကြပ်ရမှာဖြစ်ပါတယ်။ အဲဒီဝန်ကြီး
ချုပ်ကို ပါလီမန်မှာ အင်အားအကြီးဆုံးပါတီ ဒါမှမဟုတ် ညွန့်ပေါင်းအဖွဲ့က ရွေးချယ်ကြ
ရမှာဖြစ်ပြီး အမျိုးသားလွှတ်တော်ရဲ့ မဲအများစုနဲ့သာ ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။
ဒီဝန်ကြီးချုပ်ရာထူးကို အတိုက်အခံခေါင်းဆောင် မစ္စတာအိုဒင်းဂါး ရရှိမယ့်အလား
အလာ ရှိနေပါတယ်။

ဝန်ကြီးရာထူးတွေကိုလည်း ပါလီမန်မှာ အင်အားအနည်းအများအလိုက် ပါတီတွေက
ခွဲဝေကြရမှာ ဖြစ်ပါတယ်။ ပြီးတော့ အတိုက်အခံတို့ရဲ့ အဓိက တောင်းဆိုချက်တရပ်
အရ ဒီသဘောတူညီချက်ကို အပြောင်းအလဲလုပ်မယ်ဆိုရင် ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ကြရမှာဖြစ်ပါတယ်။

မစ္စတာကီဘာကီနဲ့ မစ္စတာအိုဒင်းဂါး နှစ်ယောက်လုံးက ဒီသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ကတိပြုကြပါတယ်။ ပြီးတော့ ကင်ညာပြည်သူတွေ ညီညွတ်
ကြဖို့လည်း ဆော်သြကြပါတယ်။

မစ္စတာကိုဖီအန်နန်က သူတို့နှစ်ဦးလုံးကို နိုင်ငံကောင်းကျိုးအတွက် ပူးပေါင်းနိုင်ကြ
တယ်လို့ ချီးကျူးပြီး ကင်ညာပြည်သူတွေကိုလည်း အခုလိုမှာကြားပါတယ်။

“ဒီနိုင်ငံ ဆက်လက်ရပ်တည်နိုင်ရေးအတွက် အပေးအယူလုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီသဘောတူညီချက်ကို ထောက်ခံကြပါ။ ဒါဟာ ကင်ညာနိုင်ငံ ညီညွတ်ရေးအတွက် သိပ်အရေးကြီးပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အခြေခံအုတ်မြစ်
ဖြစ်ပါတယ်။ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် ပထမအဆင့်ဖြစ်ပါတယ်။”

ပါလီမန်ကို နောက်အပတ် ကြာသပတေးနေ့ စတင်ကျင်းပပြီး လိုအပ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းကြပါလိမ့်မယ်။ လာမယ့်သောကြာနေ့မှာ ကျန်တဲ့ ရေရှည်ကိစ္စတွေကို ဆက်လက်ညှိနှိုင်းမယ်လို့ ကိုဖီအန်နန်က ဆိုပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ လယ်ယာ
မြေဝေခြမ်းရေး စတဲ့ကိစ္စမျိုး ဖြစ်ပါတယ်။

ဒီကင်ညာပြဿနာ ပြေလည်ရေးအတွက် ၅ ပတ်နီးပါး ညှိနှိုင်းခဲ့ရပါတယ်။ သမ္မတ
ရွေးကောက်ပွဲမှာ မစ္စတာကီဘာကီက အနိုင်ရတယ်လို့ ကြေညာတာကို အတိုက်အခံတို့ ကန့်ကွက်ရာက ပဋ္ဋိပက္ခ စတင်ခဲ့ပြီး လူပေါင်းထောင်ကျော် သေဆုံးခဲ့ကြရပါတယ်။ ထောင်ပေါင်းများစွာလည်း အိုးအိမ်စွန့်ပစ်ပြီး ထွက်ပြေးခဲ့ကြရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG