သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ဆဲ


ကိုလမ်ဘီယာနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေဟာ ကမ္ဘာပေါ်က ဘိန်းထွက်အများဆုံး နိုင်ငံတွေအဖြစ် ဆက်ပြီး ကျန်နေသေးတဲ့အကြောင်း အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဗန်နီဇွဲလားနဲ့ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ထိရောက်အောင် ဆောင်ရွက်ဘို့ ပျက်ကွက်တယ်လို့လည်း အပြစ်ဖို့ထားပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ ဒေးဗစ် ဂူလတ်စ် (David Gollust) က အခုလို သတင်းပေးပို့ထားပါတယ်။

အမေရိကန် ကွန်ဂရက်စ်လွှတ်တော်ရဲ့ တာဝန်ပေးချက်အရ အပိုင်းနှစ်ပိုင်းခွဲပြီး ထုတ်ဝေထားတဲ့ အစီရင်ခံစာထူကြီးထဲမှာ လက်တင်အမေရိက၊ အာရှနဲ့ အာဖရိကတွေက နိုင်ငံ ၂၀ ကို မူးယစ်ဆေး
ဝါး ထုတ်လုပ်တဲ့နိုင်ငံတွေဒါမှမဟုတ် မူးယစ်ဆေးဝါး ကုန်ကူးမှုတွေမှာ တဆင့်ဖြတ်သန်းသွားတဲ့ နိုင်ငံတွေအဖြစ် ဖေါ်ပြထားပါတယ်။

ဒါပေမယ့်လည်း အဲဒီအထဲက နိုင်ငံအတော်များများကို သူတို့ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကြိုးပမ်းချက်တွေအတွက် အစီရင်ခံစာက ချီးကျုးဂုဏ်ပြုထားပါတယ်။ ကိုလမ်ဘီယာနဲ့ အာဖဂန်နိုင်ငံတွေကို သိသိသာသာ ချီးကျုးထားပါတယ်။ ဗန်နီဇွဲလားနဲ့ မြန်မာနိုင်ငံကိုတော့ နိုင်ငံတကာကို ကတိကဝတ်တွေပေးထားတဲ့အတိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို လိုက်နာဆောင်ရွက်ဘို့ ပျက်ကွက်နေတယ်လို့ ဖေါ်ပြထားပါတယ်။

အစီရင်ခံစာနဲ့ပတ်သက်လို့ မိတ်ဆက် ရှင်းလင်းပြောဆိုရာမှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ဒေးဗစ် ဂျွန်ဆင် (David Johnson) က အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့ ကုတ်ကင်း မူးယစ်ဆေးတွေရဲ့ ၉၀ ရာခိုင်နုံးဟာ ကိုလမ်ဘီယာက ထွက်တာလို့ ပြောပါတယ်။ ကိုလမ်ဘီယာ အစိုးရအနေနဲ့ တိုင်းပြည်ရဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်လာတဲ့ မူးယစ်ဆေးရောင်းဝယ်တဲ့ အကြမ်းဖက်သူတွေကို နှိမ်နှင်းရာမှာ သိသိသာသာ တိုးတက်မှုတွေကိုတော့ တွေ့ရတယ်လို့ ချီးကျုးပြောဆိုပါတယ်။

အလားတူပဲ မက်ခ်ဆီကိုနိုင်ငံ သမ္မတ ဖီလစ်ပ် ကယ်လ်ဒါရွန် (Felipe Calderon) ရဲ့ အစိုးရရက ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ မက်ခ်ဆီကို နယ်ခြား နှစ်ဘက်စလုံးမှာ ရောင်းဝယ်နေတဲ့ မက်ခ်ဆီကို မူးယစ်ဆေးဂိုဏ်းတွေကို နှိမ်နှင်းနိုင်ခဲ့တယ်လို့ ဒေးဗစ်ဂျွန်က ချီးကျုးပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ပူးပေါင်းဆောင်ရွက်ချင်တယ်ဆိုတာကို ပြတ်ပြတ်သားသား ထုတ်ဖေါ်ပြသခဲ့တဲ့ ကျနော်တို့နဲ့ လက်တွဲဆောင်ရွက်သူတွေ ရှိနေပါတယ်။ သမ္မတ ကယ်လ်ဒါရွန်ဟာ သူ့နိုင်ငံထဲမှာ အုပ်စုဖွဲ့ ကျုးလွန်နေတဲ့ မူးယစ်ဆေး ရာဇဝတ်မှုတွေကို နှိမ်နှင်းရေးမှာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေချပြီး တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ မက်ခ်ဆီကိုအစိုးရနဲ့ ကျနော်တို့ လက်တွဲ အလုပ်လုပ်ချင်ပါတယ်။ ကျနော်တို့ အတူတူဆောင်ရွက်မယ်ဆိုရင် တိုးတက်အောင် လုပ်နိုင်မှာမို့ပါ။ ကျနော်တို့အပေါ်မှာရော သူတို့အပေါ်မှာပါ ခြိမ်းခြောက်နေတဲ့ အန္တရယ်တွေကို တိုက်ဖျက်နိုင်မှာပါ။

အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့ တောင်အမေရိကတိုက်က ကုတ်ကင်း မူးယစ်ဆေး အားလုံးနီးပါးဟာ မက်ခ်ဆီကိုနဲ့ အမေရိက အလယ်ပိုင်းကို ဖြတ်ပြီး ဝင်လာတာလို့လည်း ဒေးဗစ် ဂျွန်ဆင်က ပြောပါတယ်။

နောက်ထပ် မူးယစ်ဆေး သယ်တဲ့ လမ်းကြောင်းသစ်တစ်ခုအနေနဲ့ ဗန်နီဇွဲလားနိုင်ငံကို ဖြတ်ပြီး တင်ပို့တဲ့ ကုတ်ကင်းတွေဟာ အနောက် အာဖရိကကို တဆင့်ဖြတ်ပြီး ဥရောပဈေးကွက်ထဲကို ရောက်သွားတယ်လို့ ပြောပါတယ်။

ဗန်နီဇွဲလား သမ္မတ ဟူဂို ချာဗတ်ဇ် (Hugo Chavez) ဟာ မူးယစ်ဆေးဝါး ကုန်ကူးသူတွေနဲ့ ပေါင်းနေတယ်ဆိုတဲ့ စွတ်စွဲချက်မျိုးကိုတော့ မစ္စတာ ဒေးဗစ်ဂျွန်ဆင်က စွတ်စွဲပြောဆိုဘို့ ငြင်းဆိုပါတယ်။ ဒါပေမယ့် ဗန်နီဇွဲလား အစိုးရဟာ အမေရိကန်ပြည်ထောင်စုနဲ့ ပူးပေါင်းဆောင်ရွက်ဘို့ ပျက်ကွက်နေတယ်လို့ ပြောပါတယ်။

ဗန်နီဇွဲလားကနေ အမေရိကန်ပြည်ထောင်စု၊ ကနေဒါစတဲ့ မြောက်နဲ့ မြောက်အမေရိကကို တင်ပို့တဲ့ မူးယစ်ဆေးကုန်ကူးမှုတွေ၊ နောက် ဥရောပဘက်ကို တင်ပို့တာတွေ အပါအဝင် ကုန်ကူးမှုတွေကို ကျနော်တို့ လေ့လာကြည့်တဲ့အခါ အဲဒီနိုင်ငံတွေဘက်က အရေးယူဆောင်ရွက်တဲ့ ထူးထူးခြားခြား တိုးတက်မှု ကျနော်တို့ ဘာမှ မတွေ့ပါဘူး။ ကာရေဘီယံကျွန်းစုတွေအတွင်းက နိုင်ငံတွေနဲ့ ပတ်သက်လို့ ကျနော်တို့အထူးပဲ စိုးရိမ်ပါတယ်။ ဒီနိုင်ငံတွေဟာ တဆင့်ခံ ဖြတ်သန်းတဲ့ အဓိကကျတဲ့ နေရာတွေဖြစ်နေပြီး ကျနော်တို့လည်း အခက်အခဲတွေ ကြုံရပါတယ်။

ဗန်နီဇွဲလားနဲ့ မြန်မာနိုင်ငံတွေကို မူးယစ်ဆေး တိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်တဲ့နိုင်ငံတွေလို့ အစီရင်ခံစာက ဖေါ်ပြပြီး အဲဒီနိုင်ငံတွေကို ပေးတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အကူအညီတွေဖြတ်တောက်ခံရနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဗန်နီဇွဲလား နိုင်ငံမှာ လူထုအဓိက လူ့အဖွဲ့အစည်းတွေ၊ အစီရင်ခံစာရဲ့ အသုံးအနုံးအရ အကြပ်အတည်းတွေကြားမှာ ရပ်တည်ရတဲ့ ဒီမိုကရက်တစ် အဖွဲ့အစည်းတွေကို ကူညီထောက်ပံ့ရေးအတွက် ငွေဆက်လက် ထောက်ပံ့ပေးဖို့တော့ အမေရိကန်သမ္မတ ဘုရှ်က ခွင့်ပြုပြီး ကင်းလွတ်ခွင့်ပြုလိုက်ပါတယ်။

မြန်မာနိုင်ငံကိုတော့ အမေရိကန်ပြည်ထောင်စုက တိုက်ရိုက် အကူအညီပေးတာတွေ မရှိပါဘူး။ မြန်မာနိုင်ငံကို အာရှရဲ့ အမ်ဖာတမင်း စိတ်ကြွဆေးပြား အများဆုံး ထွက်တဲ့နိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံအတွင်းက တရားမဝင် မူးယစ်ဆေးဝါး ကုန်ကူးမှုတွေကို တိုက်ဖျက်ရေးမှတ်တမ်းတွေဟာ ရှေ့နောက်မညီဘူးလို့လည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG