သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့ဆန္ဒခံယူမှုမတိုင်ခင် မြန်မာ စစ်အစိုးရ အကြောက်တရား ဖန်တီးလို့ အမေရိကန်ကပြော


၁၉၉၀ ခုနစ် ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် ဖေါ်ပြီးတော့ ပြည်သူ့လွှတ်တော် ခေါ်ယူပေးဖို့ ပျက်ကွက်တာ ဆိုပြီးတော့ မြန်မာ စစ်အစိုးရကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ပဲ တရားရုံးချုပ်မှာ တရားစွဲဆို ဦးတိုက် လျှောက်ထားခဲ့ပါတယ်။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ဦးသားညွန့်ဦး က ဆက်သွယ် မေးမြန်းတော့ ဦးဉာဏ်ဝင်းက အခုလို စပြောပါတယ်။

“ပြည်သူ့လွှတ်တော် ခေါ်ယူကျင်းပဖို့ တာဝန်ရှိတယ်၊ ဥပဒေအရလည်း တာဝန်ရှိတယ်၊ အဲဒီအစိုးရကို ကျနော်တို့ ဒီနေ့ နိုင်ငံတော် တရားရုံးချုပ်မှာ တရားစွဲလွှာ လုပ်ပြီးတော့ သွားတင်တယ်၊ အဖွဲ့ချုပ်က တရားလိုလုပ်ပြီးတော့ သွားတင်တယ်။ ကျနော်တို့ ၁၂ နာရီလောက် သွားပါတယ်၊ ဥက္ကဌကိုယ်တိုင် သွားပါတယ်၊ ကျနော်တို့ ရှေ့နေတွေလည်း သွားကြတယ်၊ သူတို့ ကျနော်တို့ရဲ့ အဆိုလွှာကို တရားရုံးချုပ်က ယူသွားပြီးတော့ ဘယ်လို တိုင်ပင်၊ ဘာလုပ်ကြလဲတော့ မသိဘူး၊ တစ်နာရီလောက် ကြာတဲ့အခါ ကျတော့ သူတို့ လက်မခံနိုင်ဘူးတဲ့၊ ကျနော်တို့လျှောက်လွှာကို၊ ကျနော်တို့ကတော့ ဥပဒေနဲ့အညီ ကြိုးစားတာပေါ့ဗျာ၊ လက်မခံဘူး၊ ခံတယ် ဆိုတာကတော့ ဥပဒေနဲ့အညီ သူတို့ ဘယ်လောက် တာဝန်ယူတဲ့အပေါ်မှာ တည်တာပေါ့နော်။"

ဘယ်ဥပဒေကြောင်းအရ၊ ဘယ်ဥပဒေအပေါ်မှာ အန်ကယ်တို့အနေနဲ့တင်တာလဲခင်ဗျ-

“ကျနော်တို့ လျှောက်တာက သီးခြား သက်သာခွင့် ဥပဒေပုဒ်မ (၅၅) အရ တာဝန်ဝတ္တရားရှိတဲ့ ပုဂ္ဂိုလ်၊ တာဝန်ဝတ္တရား မဆောင်ရွက်လို့ရှိရင် တရားရုံးက အတင်းအကျပ် အမိန့် ဒီကရီချပြီး ဆောင်ရွက်စေနိုင်တဲ့ အဲဒီပုဒ်မအရ ကျနော်တို့က စွဲဆိုတာဖြစ်ပါတယ်။"

အဓိကကတော့ ဘယ်အချက်လည်းခင်ဗျ၊ ဒီ ပြည်သူ့လွှတ်တော်ခေါ်မပေးတဲ့ ကိစ္စလား -

"အဲ ကျနော်တို့ ရွေးကောက်ပွဲ၊ ၈၉ ခုနှစ်ရွှေးကောက်ပွဲ ဥပဒေပုဒ်မ (၃) နဲ့ အမိန့်အမှတ် ၁/၉၀ အပုဒ် (၁၂) တို့အရ ပြည်သူ့ လွှတ်တော်ကို ခေါ်ယူ ကျင်းပပေးရမယ်၊ ခေါ်ယူ ကျင်းပပေးရမယ် လို့လည်း ၁/၉၀ မှာ ဝန်ခံထားတယ်၊ ဒါပေမယ့် ဒီနေ့ထိ မကျင်းပဘူး၊ မကျင်းပတဲ့ အပြင်ကို နောက်ထပ် ရွေးကောက်ပွဲ အတွက်လည်း ကြေငြာချက်တွေ ထုတ်နေတယ်၊ ဒါကြောင့် ဒီလို တရားမဝင်တဲ့ လုပ်ရပ်တွေကို ရပ်ဆိုင်းပြီးတော့ ဥပဒေအရ ပြည်သူ့ လွှတ်တော်ခေါ်ယူပေးဖို့ဆိုတာ ကျင်းပပေးဖို့အတွက် ကျနော်တို့ တရားစွဲဆိုတာ ဖြစ်ပါတယ်။"

အန်ကယ်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်အနေနဲ့ အရင် ရလဒ်အရ ပြည်သူ့လွှတ်တော် ခေါ်ယူပေးဖို့အတွက် အချိန်ပေါင်းများစွာ အကြိမ်ကြိမ် ခဏခဏ တောင်းဆိုခဲ့မှုတွေ ရှိခဲ့ပါတယ်၊ ဒါနဲ့ ပတ်သက်လို့ကော အစိုးရဘက်က တရားဝင် တုန့်ပြန် ဖြေရှင်းခဲ့ဖူးတာ ရှိခဲ့ဖူးလားခင်ဗျ -

"ကျနော်တို့ အရင်တောင်းဆိုခဲ့တာက ကြေငြာချက်ထုတ်ပြီး တောင်းဆိုတယ်၊ ဘယ်တုံးကမှ အစိုးရက မတုန့်ပြန်ခဲ့ဘူး၊ ဒီကိစ္စတင် မဟုတ်ဘူး၊ ဘယ်ဟာကိုမှ သူကမတုန့်ပြန်ဘူး၊ မသိချင်ယောင် ဆောင်နေတယ်၊ ဒါကြောင့် တရားဥပဒေနဲ့ အညီ တရားစွဲလို့ ရတယ်ဆိုတာ ကျနော်တို့လည်း တရားစွဲတာပဲ။"

တချက်ကလေ၊ အဲဒီ ရွေးကောက်ပွဲ လုပ်တုံးက အဲဒီအဖွဲ့ နာမည်က နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေး အဖွဲ့ (နဝတ) ပေါ့၊ အခုက နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး အဖွဲ့ (နအဖ) လို့ ပြောင်းလိုက်တဲ့ အခါမှာကျတော့ကော သူတို့မှာ တာဝန်ဝတ္တရား ရှိတယ်လို့ပြောလို့ရမလား -
“ကျနော်တို့ ဒီနာမည်နှစ်ခုက (နဝက) နေ (နအဖ) အဖြစ် နာမည်၊ အမည်ပြောင်းတဲ့ ဥပဒေရှိပါတယ်၊ ဒါကြောင့် (နဝတ) လုပ်ငန်းအားလုံးကို (နအဖ)က တာဝန်ရှိပါတယ်။"

အခု အန်ကယ်တို့ရဲ့ လျှောက်လွှာကို တရားရုံးချုပ်က ပယ်ချလိုက်တယ် ဆိုတော့ အန်ကယ်တို့ ဘာတွေဆက်လုပ်ဖို့ စဉ်းစားထားပါလဲခင်ဗျ -

"တရားရေးရာ ကိစ္စနဲ့ ပတ်သက်ပြီးတော့ သိသင့် သိထိုက်တဲ့ ပုဂ္ဂိုလ်တွေဆီကို ကျနော်တို့ အကြောင်းကြားဖို့တော့ ရှိပါတယ်၊ တရားရုံးကိစ္စကတော့ လျှေက်လွှာကိုတောင် လက်မခံတဲ့ အတွက် ကျနော်တို့မှာ ဒီ တရားရုံးကိစ္စက မရှိတော့ဘူးပေါ့၊ တရားရုံးချုပ် ဆိုတာလည်း အမြင့်ဆုံးပဲလေ၊ ဒီထက်မြင့်တဲ့ ရုံးလည်းမရှိဘူး၊ အဲဒီတော့ ဒီကနေ လက်မခံတဲ့အပေါ်မှာ တရားဥပဒေကို လေးစားလိုက်နာမှု မရှိဘူးလို့ဘဲ ကျနော်တို့မှတ်ချက်ပေးချက်ပါတယ်။"

လက်ရှိ တည်ဆဲ ဥပဒေကြာင်းအရ အန်ကယ်တို့ အခုလုပ်တဲ့လုပ်နည်းလုပ်ဟန်က ကိုက်ညီမှုရှိရဲ့ လားခင်ဗျ -

" သေသေချာချာကိုက်ညီတာပေါ့၊ သေသေချာချာ ကိုက်ညီတယ်၊ ကျနော်တို့ နိုင်ငံတော် တရားရုံးချုပ်မှာ ဥပဒေရှိပါတယ်၊ တရားစီရင်ရေး ဥပဒေ ၅(က) အရ ဒီလိုအမှုမျိုး မူလ အမှုတွေကို စီရင်ခွင့် ရှိတယ်၊ နောက် သီးခြားသက်သာခွင့် ဥပဒေ (၅၅) အရလည်း အဲဒီလို တာဝန်ဝတ္တရား မဆောင်ရွက်တာကို ဆောင်ရွက်နိုင်အောင် အမိန့် ချမှတ်နိုင်တယ်၊ ဒီဟာတွေ အကုန်အတိ အကျရှိပါတယ်၊ ကျနော်တို့ စွဲဆိုတာ တရားဥပဒေနဲ့ ညီညွတ်တယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။"

အခုအနေထားက အုပ်ချုပ်ရေးပိုင်းကကော ဝင်ရောက် စွက်ဖက်တယ်လို့ ပြောနိုင်ပါ့မလား ခင်ဗျ -

"တိတိကျကျတော့ ဘယ်လို စွက်ဖက်တယ်ဆိုတာ ကျနော်တို့ မပြောနိုင်ဘူး၊ သို့သော်လည်းပဲ သူတို့ အားလုံး တနေရာရာနဲ့ တိုင်ပင်ညှိနှိုင်းပြီး ကျနော်တို့ကို ပယ်တယ်လို့ကို ကျနော် ဒီလို နားလည်ထားတယ်။"

ဒါကတော့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာ စစ်အစိုးရကို ဒီကနေ့ပဲ တရားရုံးချုပ်မှာ တရားစွဲဆိုခွင့်ရဖို့ ကိစ္စနဲ့ပတ်သက်လို့ အဖွဲ့ချုပ်ရဲ့ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ၊ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ဟာ ပြီးခဲ့တဲ့ နောက်ဆုံး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အပြတ်သတ် အနိုင်ရခဲ့တဲ့ နိုင်ငံရေးပါတီလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၉၀ ပြည့်ရွေးကောက်ပွဲကို တရားဝင် ဦးစီးကျင်းပခဲ့တဲ့ အာဏာသိမ်း စစ်အစိုးရဟာ ဒီကနေ့အထိ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် ဖေါ်ပေးခြင်းမရှိဘဲ အခုဆို နောက်တကြိမ် ရွေးကောက်ပွဲကိုတောင် ကျင်းပဖို့ ပြင်ဆင်နေပြီလို့ ပြောရမှာပါခင်ဗျာ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG