သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီကွေဒေါက ကိုလံဘီယာကို သံအဆက်ဖြတ်


အီကွေဒေါနိုင်ငံထဲမှာရှိတဲ့ ကိုလံဘီယာသူပုန်
တွေကို ကိုလံဘီယာစစ်တပ်က ဝင်ပြီး တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၁၂ ယောက်
သေဆုံးခဲ့ရပါတယ်။ အီကွေဒေါနိုင်ငံက
ကိုလံဘီယာနဲ့ သံအဆက်အသွယ်အားလုံး ဖြတ်တောက်လိုက်ပါတယ်။ ဗွီအိုအေသတင်း
ထောက် ဘရိုင်ယန် ဝက်ဂ်နာ (Brian
Wagner) သတင်းပေးပို့ထားတာကို
ဦးဝင်းအောင်က တင်ပြပေးထားပါတယ်။

အီကွေဒေါသမ္မတ ရာဖေးရယ်လ် ကော်ရီယာ
(Rafael Correa) က သူ့အစိုးရသဘောထား
ကို တနင်္လာနေ့ညက မိန့်ခွန်းပြောကြားရင်း ရှင်းပြသွားပါတယ်။ ကိုလံဘီယာအစိုးရကို
တပ်တွေ နယ်စပ်ကျော်ပြီး ဝင်တိုက်ခိုင်းတာဟာ သစ္စာဖောက်ခံလိုက်ရတာပဲ၊ တကယ်
တော့ မိမိတို့ အီကွေဒေါက ကိုလံဘီယာအစိုးရနဲ့ သူတို့ရဲ့ ကိုလံဘီယာတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ (FARC) ပဋိပက္ခမှာ ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့တယ်၊ ကိုလံဘီယာ
အစိုးရနဲ့လည်း သွေးစည်းခဲ့တယ်လို့ ပြောသွားပါတယ်။ အခုတော့ ကိုလံဘီယာသမ္မတ
အယ်လ်ဗာရို ယူရီဘဲ (Alvaro Uribe) က သူတို့ရဲ့ဲပဋိပက္ခကို နယ်စပ်ဖြတ်ကျော်ပြီး
လုပ်လိုက်တယ်လို့ အီကွေဒေါသမ္မတ ကော်ရီယာက ရှင်းလင်းပြောသွားပါတယ်။

မိမိတို့ရဲ့ FARC သူပုန်တပ်တွေနဲ့တွေ့တယ်၊ ဒါပေမယ့် အဲဒီလို ကိုလံဘီယာ သူပုန်တပ်
တွေနဲ့ တွေ့ရတာဟာ သူတို့လက်ထဲမှာရှိတဲ့ ဓားစာခံတွေ လွတ်မြောက်ရေးအတွက်
သာဖြစ်တယ်လို့ အီကွေဒေါသမ္မတ ကော်ရီယာက စပိန်ဘာသာစကားနဲ့ အခုလို
ပြောကြားပါတယ်။

“အီကွေဒေါနိုင်ငံထဲမှာ FARC တို့ဖမ်းထားတဲ့ နိုင်ငံရေးသမား အင်းဂရစ်ဒ် ဘက်တန်
ကုတ် (Ingrid Betancourt) အပါအဝင် ဓားစာခံ ၁၂ ယောက် လွတ်ရေးအတွက်
ဆောင်ရွက်နေလို့ လွတ်လာဖို့ နီးလာတဲ့အချိန်မှာ ဘိုဂိုတာမှာရှိတဲ့ ကိုလံဘီယာ
အာဏာပိုင်တွေက စိတ်ပျက်လာတယ်” လို့ ရှင်းပြသွားတာပါ။

အီကွေဒေါသမ္မတ ကော်ရီယာက ကိုလံဘီယာမှာရှိတဲ့ သူ့ရဲ့သံအမတ်ကို ပြန်ခေါ်လိုက်
ပြီး အီကွေဒေါတပ်တွေကိုလည်း နယ်စပ်ကို စေလွှတ်လိုက်ပါပြီ။

ကိုလံဘီယာအစိုးရက အီကွေဒေါနိုင်ငံထဲကို ဝင်တိုက်တဲ့အတွက် ဝန်ချတောင်းပန်
လိုက်ပြီး ဆယ်စုနှစ်များစွာနဲ့ချီပြီး ကြာနေပြီဖြစ်တဲ့ FARC တပ်တွေနဲ့ ပဋိပက္ခဖြေရှင်း
ရေးမှာ ဒီလိုလုပ်ဖို့တော့ လိုအပ်တယ်လို့ ဆိုပါတယ်။ အဲဒီလိုဝင်တိုက်ရင်း ဖမ်းဆီးမိ
လိုက်တဲ့ စာရွက်စာတမ်းတွေထဲမှာ FARC သူပုန်များနဲ့ ဗင်နီဇွဲလားအစိုးရ၊ အီကွေဒေါ
အစိုးရတို့ အဆက်အသွယ်တွေ ရှိတယ်လို့လည်း ကိုလံဘီယာဘက်က ထောက်ပြပါ
တယ်။ အီကွေဒေါနိုင်ငံထဲကို ဝင်တိုက်ရင်း သေဆုံးသွားတဲ့ FARC သူပုန်ခေါင်းဆောင် ရာအိုရွိုင်းရက်စ် (Raul Reyes) ရဲ့ ကွန်ပျူတာထဲ ဗင်နီဇွဲလားသမ္မတ ဟူဂိုချားဗက်ဇ်
(Hugo Chavez) က ဒေါ်လာသန်း ၃၀၀ ပေးပုံ၊ ကိုကင်းမှောင်ခိုရောင်းပုံ၊ ယူရေနီယမ်
၅၀ ကီလိုဂရမ် ရောင်းချပုံများ တွေ့ရတယ်လို့ ကိုလံဘီယာရဲချုပ် အော်စ်ကာ နေရန်ဟို
(Oscar Naranjo) ကပြောပါတယ်။ ဗင်နီဇွဲလားကို အမေရိကန်ကဝင်တိုက်ရင် FARC
က ငွေကူမယ်လို့ ဆိုထားပုံကိုလည်း ကိုလံဘီယာရဲချုပ် နေရန်ဟိုက …
“သူတို့နှစ်ဖက် နီးကပ်သွားပြီ။ ဗင်နီဇွဲလားအစိုးရနဲ့ FARC တို့ စစ်ရေးမဟာမိတ်
လုပ်ထားတယ်” လို့ ပြောသွားတာပါ။

ဗင်နီဇွဲလားအစိုးရ တာဝန်ခံများက မဟုတ်မမှန်ကြောင်း ငြင်းဆိုလိုက်ပြီး မူးယစ်ဆေး
မှောင်ခိုဂိုဏ်းနဲ့ ကိုလံဘီယာအစိုးရ ထိပ်တန်းပုဂ္ဂိုလ်များ အဆက်အစပ်ရှိပုံ သတင်း ရထားတယ်လို့လည်း တုံ့ပြန်လိုက်ပါတယ်။

အမေရိကတိုက်နိုင်ငံများအဖွဲ့ချုပ် (OAS) အရေးပေါ်အစည်းအဝေး ဝါရှင်တန်မှာ
ခေါ်ဆိုထားပါပြီ။ တောင်အမေရိကတိုက်ခေါင်းဆောင်များကတော့ ဒီကိစ္စက ဒေသကို ထိခိုက်စေလိမ့်မယ်လို့ စိုးရိမ်နေကြပါတယ်။

XS
SM
MD
LG