သုံးရလွယ်ကူစေသည့် Link များ

အကြမ်းဖက် တိုက်ခိုက်ခံရအပြီး လုံခြုံရေးကို အစ္စရေး တင်းကြပ်


ဂျေရုဆလင်မှာရှိတဲ့ ဂျုးဘုရားကျောင်းမှာ ကြာသပတေးနေ့ညက တိုက်ခိုက်ခံရလို့ သေဆုံးသူ အစ္စရေး ၈ ယောက်အတွက် အသုဘ အခမ်းအနားကို မနေ့က ဘုရားကျောင်း၊ ဘာသာရေး အဆောက်အဦမှာ ကျင်းပကြပါတယ်။ ပါလက်စတိုင်း သေနတ်သမား တိုက်ခိုက်ခဲ့တဲ့ အာရတ်၊ ဂျေရုဆလင် အရှေ့ဘက်နေရာကို အစ္စရေး ရဲတွေက လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားပါတယ်။ ဗွီအိုအေ သတင်းထောက် Jim Teeple သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။

ကြာသပတေးနေ့ညက အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူတွေအတွက် မာကတ်ဇ် ဟာဗာ (Mercaz Harava) ဘာသာရေးကျောင်းမှာ ထောင်နဲ့ချီတဲ့ အစ္စရေးတွေ မနေ့က သောကြာနေ့မှာ စုရုံးပြီး အောင်းမေ့ဘွယ် အခမ်းအနား ကျင်းပခဲ့ကြပါတယ်။ အသတ်ခံခဲ့ရသူတွေအတွက် အသုဘအခမ်းအနားတွေကိုတော့ ဂျေရုဆလင် မြို့တော်မှာရှိတဲ့ သင်္ချိုင်းနယ်မြေတွေမှာ ကျင်းပခဲ့ကြပါတယ်။

ကြာသပတေးနေ့ညက တိုက်ခိုက်မှုဟာ အစ္စရေးအတွက် ၂ နှစ်အတွင်း အဆိုးဆုံး ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ မကြာသေးခင် နှစ်ပိုင်းတွေအတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ လျော့သွားပြီး လုံခြုံရေး သိပ်ပြီး မတင်းကြပ်တော့ဘဲ အေးအေးဆေးဆေး နေခဲ့ကြတဲ့ ဂျေရုဆလင်မှာ နေထိုင်ခဲ့တဲ့ သူတွေအတွက် ဒီတိုက်ခိုက်မှုက အံသြတုန်လှုပ်စရာ ဖြစ်ခဲ့ရပါတယ်။

မာကတ်ဇ် ဟာဗာ ဘာသာရေးကျောင်း ပူဆွေးဝမ်းနည်းမှုတွေနဲ့ အောင်းမေ့ဘွယ် အခမ်းအနား ကျင်းပနေတဲ့ တချိန်တည်းမှာပဲ လူတွေက ဒေါသနဲ့ တုန့်ပြန်ခဲ့တာတွေလည်း ရှိပါတယ်။ ဒီ ဘာသာရေးကျောင်းက အခြေချနေထိုင်တဲ့ ဂျုးတွေ အခိုင်အမာ အခြေဆိုက်လာတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပြီး အခြေချတဲ့ ခေါင်းဆောင်တွေ စာပေသင်ကြားတဲ့ စုဝေးရာနေရာ တစ်ခုလည်း ဖြစ်ပါတယ်။

ရုဘမ် (Reuben) ခေါ် မိသားစုနာမည်ကို မဖေါ်ပြတဲ့ ကျောင်းသားဟောင်း တစ်ယောက်က မနေ့က အောင်းမေ့ဘွယ် အခမ်းအနားကို လာခဲ့ကြသူ အများစုရဲ့ ခံစားချက်ကို အခုလို ပြောပါတယ်။

“ကျနော်တို့ မဟုတ်တာတွေ လျှောက်လုပ်နေပြီး တိုင်းပြည်အတွက် မထိရောက်တာတွေနဲ့ အချိန်ကုန်ရတော့မယ့် အချိန်မဟုတ်တော့ပါဘူး။ ကျနော်တို့က ဒီ အရှေ့အလယ်ပိုင်းဒေသ၊ ကျနော်တို့ ရောက်လာခဲ့တဲ့ အချိန်ကတည်းက တိုက်ခိုက်ခိုက်ဖို့ သစ္စာဆိုထားတဲ့ အကြမ်းဖက်သမားတွေ အပြည့်ရှိတဲ့နေရာမှာ နေခဲ့ရတာပါ။ သူတို့က ကျနော်တို့ရဲ့ မြေ၊ ရပ်တည်ခွင့်ကို အသိအမှတ်မပြုဘဲ သတ်ဖြတ်နေကြတာပါ။ ဒီတော့ ဒီအချိန်က ဆွေးနွေးနေရတော့မယ့် အချိန်မဟုတ်ပါဘူး။ သူတို့က ကျနော်တို့ကို သတ်ချင်တယ်ဆိုရင် ကျနော်တို့ကလည်း ပြန်သတ်ရပါလိမ့်မယ်။”

အစ္စရေး ၈ ယောက်ကို ကြာသပတေးနေ့က ပစ်သတ်ခဲ့သူဟာ အသက် ၂၅ နှစ်အရွယ် ပါလက်စတိုင်း လူမျိုးတစ်ယောက် ဖြစ်တယ်လို့ ရဲတွေက ထုတ်ဖော်ပြောဆိုပါတယ်။ ဂျေရုဆလင် အရှေ့ဘက် ဂျာဘဲလ် မူကာဘား (Jabel Mukaber) မှာ နေထိုင်တဲ့ အာလာ အာဘူ ဒီရင် (Ala Abu Dheim) ဆိုတဲ့ သူပါ။ သူဟာ ကားသမားတစ်ယောက် ဖြစ်တယ်လို့ ရဲတွေကပြောပါတယ်။ သူ့မိသားစုတွေကတော့ အဲဒီ အာလာ အာဘူ ဒီရင်ဟာ ဘယ်စစ်သွေးကြွအဖွဲ့ကမှ မဟုတ်ဘူးလို့ ပြောပါတယ်။ ဘာသာရေး လိုက်စားပြီး အေးအေးဆေးဆေး နေတတ်တဲ့သူ။ ဂါဇာမှာ ပါလက်စတိုင်း ၁၂၀ ကျော် မကြာသေးခင် ရက်ပိုင်းအတွင်းက အသတ်ခံရတာကို သိရပြီး သူအခုလို လက်တုန့်ပြန်ခဲ့တာလို့ ပြောပါတယ်။ အစ္စရေးတောင်ပိုင်းကို စစ်သွေးကြွတွေက ရော့ကက်ခ်တွေနဲ့ ပစ်တာကို လက်တုန့်ပြန်တဲ့အနေနဲ့ အစ္စရေးဘက်က ဂါဇာကမ်းမြှောင်ဒေသကို မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ ၀င်တိုက်ခဲ့ပါတယ်။

အစ္စရေး ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မစ်ခ်ကီ ရော့ဆန်ဖီးလ်ဒ် (Mickey Rosenfeld) က သေနတ်သမား အသုံးပြုခဲ့တဲ့ ကားကို ဘာသာရေးကျောင်းအနားမှာ ရှာတွေ့တယ်လို့ ပြောပါတယ်။ အခု ရဲတပ်ဖွဲ့စစ်ဆေးနေတာက ဒီသေနတ်သမားဟာ ကာလက်ရှီနော့ဗ် (Kalashnikov) ချေမှုန်းရေး အေကေ ဖိုတီဆဲဗင်း (AK-47) မောင်းပြန်သေနတ်နဲ့ ကျည်ကပ် ရှစ်ခု၊ ဒီလို ကျည်တွေ အမြောက်အများ ဘယ်လို ရခဲ့တယ်ဆိုတာကို စုံစမ်းနေတယ်လို့ ပြောပါတယ်။

“ဒီလို တိုက်ခိုက်တဲ့ လက်နက်တွေနဲ့ပတ်သက်လို့ တိတိကျကျ အမိန့်တစုံတရာ ရဖို့ ကျနော်တို့ ဆက်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။ သေနတ်သမားကို ကာလက်ရှီနော့ဗ် ချေမှုန်းရေး အေကေ ဖိုတီဆဲဗင်း (AK-47) မောင်းပြန် သေနတ်နဲ့ ကျည်ကပ် ၈ ခုကို သယ်လာပြီး ဂျေရုဆလင်ကို ဘယ်လို ရောက်လာခဲ့တာလဲ၊ ဒီကိစ္စက အခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးမှ လုပ်လို့ ရနိုင်တာမျိုးပါ။”

အစ္စရေးထိပ်တန်း ခေါင်းဆောင်တွေကတော့ သဘေားထား မတင်းမာတဲ့ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ် (Mahmoud Abbas) အစိုးရနဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို ရပ်ဆိုင်းဖို့ အစီအစဉ် မရှိဘူးလို့ မနေ့ကပြောပါတယ်။ သမ္မတ မာမွတ် အာဘတ်စ်က တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချ ထားပါတယ်။ ဒါပေမယ့်လည်း သမ္မတ မာမွတ် အာဘတ်စ်အနေနဲ့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းက ပါလက်စတိုင်း စစ်သွေးကြွတွေကို ပိုပြီး ထိမ်းချုပ်နိုင်အောင် လုပ်ကိုင်ဖို့လိုတယ်လို့ အစ္စရေး အရာရှိတွေက ပြောပါတယ်။ ကြာသပတေးနေ့က တိုက်ခိုက်ခဲ့တဲ့ သေနတ်သမားဟာ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းက ပါလက်စတိုင်းတွေရဲ့ အကူအညီ မပါဘဲနဲ့ ဒီတိုက်ခိုက်မှုကို ကျုးလွန်နိုင်မှာ မဟုတ်ဘူးလို့လည်း ပြောဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG