သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာအကဲခတ်အဖွဲ့ လက်ခံရေး မြန်မာစစ်အစိုးရ ပြန်စဉ်းစားပေးဖို့ ဖိလစ်ပိုင် သမ္မတ တိုက်တွန်း


မေလမှာ စစ်အစိုးရက ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဖွဲ့စည်းပုံသစ် ပြည်သူ့ဆန္ဒခံယူပွဲမှာ လွတ်လပ်တဲ့ အကဲခတ်သမားများ လေ့လာခွင့်ပြုပါဆိုတဲ့ ကုလသမဂ္ဂရဲ့ အဆိုပြု ကမ်းလှမ်း ချက်ကို စစ်အစိုးရက လက်မခံ ပယ်ချလိုက်တဲ့အတွက် ဖိလစ်ပိုင်နိုင်ငံက ပြစ်တင်ဝေဖန်လိုက်ပါတယ်။

နိုင်ငံခြားအကဲခတ်သမားများ လာရောက် လေ့လာခြင်း ဟာ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက် တာ မဟုတ်ဘူး။ လူတွေ ဆန္ဒမဲပေးပုံ မှန်ကန်တယ်၊ သိက္ခာ ရှိတယ် ဆိုတာကိုတောင် ကမ္ဘာကို ပြနိုင်သေးတယ်လို့ ဖိလစ်ပိုင် သမ္မတ ဂလိုရီယာ အာရိုယို က ဒီကနေ့ ကြေညာချက် တရပ် ထုတ်ပြန်လိုက်ပါတယ်။ ပြည်သူဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်အဖွဲ့ဝင် ဦးသောင်းညွန့်က အချုပ်အခြာ အာဏာပိုင်ဆိုင်တဲ့ နိုင်ငံအတွင်း ဆန္ဒခံယူပွဲ ပြုလုပ်ခြင်း ဖြစ်တယ်လို့ ပြောခဲ့လို့ ဖိလစ်ပိုင် သမ္မတကအခုလို တုန့်ပြန်ဝေဖန်လိုက်တာပါ။

မြန်မာပြည်မှာ စစ်အစိုးရနဲ့ အတိုက်ခံတို့ အကြား ရင်ကြားစေ့ရေး ကြိုးပမ်းဖို့ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီက နှောင့်နှေး ကြန့်ကြာမှုရှိလင့်ကစား၊ မြန်မာပြည်မှာဆက်နေပြီးတော့ ဒီနေ့ စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဝန်ကြီး ဦးစိုးသာ၊ ကျန်းမာရေး
ဝန်ကြီး ဒေါက်တာကျော်မြင့်၊ ပြည်သူ့ဝန်ထမ်း ရွေးချယ်ရေး ဥက္ကဌ ဒေါက်တာ သန်းညွန့်၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးကျော်သူတို့ နှင့် တွေ့ဆုံကြောင်း ကုလသမဂ္ဂ ပြန်ကြားရေးဌာနက ဆိုပေမယ်လို့ ဘာတွေ အသေးစိတ် ဆွေးနွေးကြလဲဆိုတာကိုတော့ မသိရပါဘူး။

မနေ့တုန်းကလဲ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီတွေ့ဆုံခဲ့တဲ့ အထဲမှာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ NLD အလုပ်အမှုဆောင်အဖွဲ့ နဲ့ သီးခြားတွေ့ဆုံတာတွေလည်း ပါဝင်ပါတယ်။

XS
SM
MD
LG