သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂမ်ဘာရီနဲ့ဒေါ်အောင်ဆန်းစုကြည် ထပ်တွေ့တာအရေးကြီးတယ်လို့ အန်အယ်လ်ဒီ သုံးသပ်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စား
လှယ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီရဲ့ အခု
တခေါက် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့
ဒီနေ့ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံမှုကို ထူးခြားတဲ့အကြောင်းအချက်
ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(အန်န်အယ်လ်ဒီ) က ပြောဆိုလိုက်ပြီး ပြီးခဲ့တဲ့
၁၈ နှစ်ထက် ထူးခြားမှုတွေရှိလာတယ်လို့ ပြောပါ
တယ်။ အန်န်အယ်လ်ဒီ သတင်းနဲ့ပြန်ကြားရေးအဖွဲ့
က ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးမြန်းပြီး
မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းရေးအတွက် မြန်မာနိုင်ငံကို ရောက်ရှိနေ
တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီဟာ မြန်မာ့ဒီမို
ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့မှာ ထပ်မံတွေ့ဆုံခဲ့တာကြောင့်
သူမရဲ့ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒါဟာ အရေးကြီးတဲ့အကြောင်းအချက်
ဖြစ်နိုင်တယ်လို့ ပြောဆိုပါတယ်။

“ဆွေးနွေးစရာအချက်တခု ရှိနေမှာပေါ့။ အဲဒီဆွေးနွေးစရာအချက်က အရေးလည်း ကြီးလိမ့်မယ်လို့ထင်တယ်။ အန်ကယ်တို့က အချက်အလက်ကိုမသိတော့ တခြားတော့ ပြောစရာမရှိဘူး။ အရေးကြီးတဲ့အချက်အလက်တခု ဖြစ်နိုင်တယ်လို့ပဲ တွက်ထား
တယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောသွားတာဖြစ်ပါ
တယ်။

အန်န်အယ်လ်ဒီဘက်ကနေ အရေးကြီးတဲ့အကြောင်းအချက်လို့ ပြောနေပေမယ့် မြန်မာ စစ်အစိုးရဘက်ကတော့ ပြီးခဲ့တဲ့တကြိမ်တုန်းက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့စာကို ကုလသမဂ္ဂကိုယ်စားလှယ်က ကြေညာထုတ်ပြန်လိုက်
တဲ့အတွက် နှစ်ဦးနှစ်ဖက် ယုံကြည်မှုတည်ဆောက်ရေးကို ထိခိုက်တယ်၊ တိုင်းရင်း
သားတွေ စိတ်အနှောင့်အယှက် ဖြစ်ရတယ်ဆိုပြီး မစ္စတာဂမ်ဘာရီကို ဝေဖန်ခဲ့ပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂက တောင်းဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရအကြား အချိန်အကန့်အသတ်ရှိတဲ့ ဆွေးနွေးပွဲတရပ်ပေါ်ပေါက်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး၊ အခြေခံဥပဒေရေးဆွဲရေး လုပ်ငန်းစဉ်မှာ သဘောထားအားလုံး ပါဝင်နိုင်ရေး စတဲ့ အချက်တွေအားလုံးကိုလည်း ပယ်ချထား
တာကို တွေ့ရပါတယ်။ အဲတော့ ဒီအချက်အလက်တွေကိုကြည့်မယ်ဆိုရင် ဆွေးနွေးပွဲ
ကြီးက ထူးခြားလာနိုင်ပါဦးမလား။

“ဘာမှဆွေးနွေးစရာမရှိတော့ဘူးဆိုတဲ့သဘောမျိုး ပြန်ကြားရေးဌာနက ပြောလိုက်
တယ်။ အခုတော့ အဲလိုမဟုတ်ဘူး။ ဒေါ်စုနဲ့တင် နှစ်ကြိမ်မဟုတ်ဘူး၊ ပြန်ကြားရေး
ဝန်ကြီးနဲ့လည်း ဘယ်နှစ်ကြိမ်လည်းတော့ မသိဘူး၊ ထပ်တွေ့နေတယ်လို့ကြားတယ်။
အဲဒါကြောင့် အပြန်အလှန် ဆွေးနွေးစရာကိစ္စက ရှိနေပြီဆိုတဲ့သဘောပါပဲ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန်ကြေညာချက်နဲ့ပတ်သက်ပြီး အခုလို မစ္စတာ
ဂမ်ဘာရီကို တရားဝင်ဝေဖန်တဲ့အပေါ်မှာရော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ဘယ်လိုထင်ပါသလဲ။

“အပြစ်ပြောချင်လို့သာပြောတာပါ။ ရိုးရိုးရှင်းရှင်းလေးပဲ။ ဒေါ်အောင်ဆန်းစုကြည်မှာ မီဒီယာလည်းမရှိဘူး၊ သတင်းဌာနလည်းမရှိဘူး၊ ရေဒီယိုလည်းမရှိဘူး။ အဲတော့ နိုင်ငံရေးခေါင်းဆောင်တယောက်အနေနဲ့ သတင်းထုတ်ပြန်သင့်တာကို ထုတ်ပြန်တာ
ပဲ။ တဖက်မှာက ရေဒီယိုရော၊ သတင်းစာကလည်း နှစ်စောင်၊ အကုန်လုံးကိုလည်း ထိန်းချုပ်ထားတယ်။ ဒီအခြေအနေကိုယှဉ်ကြည့်ရင် ဒီလိုအပြစ်ပြောတာတောင်
လွန်လှပြီလို့ အဲဒီလိုပဲ ပြောချင်တယ်။”

အန်န်အယ်လ်ဒီအနေနဲ့ အခုလို မစ္စတာဂမ်ဘာရီနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှု
ကနေ ဘာတွေဖြစ်လာမယ်လို့ မျှော်လင့်ထားပါသလဲ။

“ကျနော်တို့ဖြစ်စေချင်တဲ့ဆန္ဒကတော့ ဒိုင်ယာလော့ဂ်ပဲ အဓိကကတော့။ အပြန်အလှန် တိုင်းပြည်အကျိုး၊ ပြည်သူလူထုအကျိုး ဆွေးနွေးကြတာ အန်ကယ်တို့ရဲ့ အဓိကလိုချင်
တဲ့အချက်ပါပဲ။”

ကုလသမဂ္ဂရဲ့ကိုယ်စားလှယ်တွေ မြန်မာပြည်ကို အကြိမ်ပေါင်းများစွာ လာရောက်ခဲ့ဖူး
ပါတယ်။ ဒီတခေါက်မှာရော ဘယ်လိုဖြစ်ထွန်းတိုးတက်မှုတွေ ရှိလာနိုင်မလဲ။

“ပြန်သွားပြီး Report ထွက်လာမှပဲ ပြောလို့ရမယ်။ အခု ဒီတခေါက်မှာ ဘာတွေ ဆောင်ရွက်နေလဲဆိုတာ အန်ကယ်တို့ သိမှမသိသေးဘဲ။”

ကုလသမဂ္ဂကိုယ်စားလှယ်တွေဟာ ၁၉၈၈ နောက်ပိုင်းကစပြီး မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းတိုးတက်ရေးအတွက်ဆိုပြီး မြန်မာပြည်ကို လာလိုက်သွားလိုက်နဲ့ အစီရင်ခံစာ တင်ခဲ့ရတာလည်း အခုဆိုရင် နှစ်ပေါင်း ၂၀ နီးပါးရှိပါပြီ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး
ဖြစ်စဉ်တွေဟာ ကုလသမဂ္ဂကိုယ်စားလှယ်တွေ လာခဲ့တဲ့အတွက် အပြောင်းအလဲတွေ
ရော ဖြစ်ပေါ်ခဲ့ပါသလား။

“ထူးခြားမှုကတော့ ရှိတာပေါ့။ ဘာလို့ထူးခြားမှုရှိလဲဆိုတော့ ဒိုင်ယာလော့ဂ်လုပ်ပါ့မယ်
လို့ ကြေညာချက်ထုတ်တယ်။ Liaison Officer ခန့်တယ်။ ဒါတွေက ထူးခြားမှုတွေပေါ့။
ပုံမှန်အားဖြင့် ဒီလိုလုပ်မယ်လို့ ၁၈ နှစ်လုံးလုံး မပြောခဲ့တာလေ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမြင်သဘောထားတွေကို ပြောခွင့်ရပုဂ္ဂိုလ်
ဦးဉာဏ်ဝင်း ပြောသွားတာဖြစ်ပါတယ်။

မစ္စတာဂမ်ဘာရီကတော့ မြန်မာနိုင်ငံကို လေးကြိမ်လာရောက်ခဲ့ဖူးပါတယ်။ မစ္စတာ
ဂမ်ဘာရီနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် ထုတ်ပြန်မှုတွေ
တော့ မရှိသေးပါဘူး။ အခုအချိန်အထိ စစ်အစိုးရဘက်က မစ္စတာဂမ်ဘာရီရဲ့ ပြောဆို
ချက်တွေကို ပယ်ချနေပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ပါတီကိုတော့ ဝေဖန်
တိုက်ခိုက်နေမှုတွေ ပုံမှန်ဆက်လုပ်နေဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG