သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် စစ်အစိုးရမလိုက်နာ


မြန်မာစစ်အစိုးရဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်
ချက်တွေကို မလေးစားတဲ့အပြင် နိုင်ငံရေးလှုပ်ရှားသူတွေကို ဆက်လက်ဖမ်းဆီးတာ
တွေ လုပ်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးကိုယ်စားလှယ်
က ဝေဖန် ထောက်ပြလိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နေ
ဦးသားညွန့်ဦးက ဆက်သွယ် စုံစမ်းမေးမြန်းပြီး တင်ပြထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ၇ ကြိမ်မြောက်ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး
ကောင်စီညီလာခံကိုတင်သွင်းတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး
ကိုယ်စားလှယ် ပါမောက္ခ ပေါ်လို ဆာဂျီယို ပင်ညဲရိုးရဲ့ အစီရင်ခံစာထဲမှာတော့ ပြီးခဲ့တဲ့
နိုဝင်ဘာလ သူ မြန်မာနိုင်ငံက ပြန်လာပြီးကတည်းကဆိုရင် အဖမ်းအဆီးတွေ ဆက်ဖြစ်
နေတုန်းပဲလို့ ဆိုထားပါတယ်။ နိုဝင်ဘာနဲ့ ဖေဖော်ဝါရီလအတွင်းမှာတင် လူ ၇၀ နီးပါး ဖမ်းဆီးခံရတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် စက်တင်ဘာလှုပ်ရှားမှုအပြီး
ပျောက်ဆုံးနေတဲ့ လူစာရင်း ၇၅ ယောက် ကိစ္စအတွက်နဲ့ ဖမ်းဆီး ထားခံရတဲ့ လူ ၇၀၀
ကျော် စာရင်းနဲ့ပတ်သက်လို့ အစိုးရဘက်က ဘာမှ တိတိပပ ရှင်းလင်းချက်မရဘူးလို့
ဆိုပါတယ်။ မစ္စတာပင်ညဲရိုးကို မြန်မာနိုင်ငံကို ထပ်မံ သွားရောက်နိုင်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရော သူကိုယ်တိုင်ပါ မြန်မာအစိုးရကို တိုက်ရိုက် ဆက်သွယ်
တောင်းဆိုခဲ့ပေမယ့် ဘာမှ ရလဒ် မထွက်လာတဲ့အပေါ် ဝမ်းနည်းမိတယ်လို့လည်း မစ္စတာပင်ညဲရိုးက အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

“လှုပ်ရှားမှုတွေကို နှိမ်နင်းပြီးကတည်းက အစိုးရအနေနဲ့ ဖမ်းဆီးထောင်ချ အပြစ်ပေး
တာတွေ ဆက်ပြီး လုပ်နေတယ်ဆိုတာကို ဒီအစီရင်ခံစာထဲမှာ အဓိက အခြေခံထားပါ
တယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်
တောင်းဆို အကြံပြုထားတွေထဲက တခုကိုမှ စစ်အစိုးရက လေးစား ဆောင်ရွက်တာမျိုး
မရှိပါဘူး။” လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်
မစ္စတာပင်ညဲရိုးက ဗွီအိုအေကို သူ အခုတင်တဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ ပြောခဲ့ပါ
တယ်။

ဒါ့အပြင် အခုအစီရင်ခံစာဟာ သူရဲ့ နောက်ဆုံးမြန်မာနိုင်ငံခရီးစဉ်နောက်ပိုင်း ပြီးခဲ့တဲ့
ဒီဇင်ဘာလကနေ အခု မတ်လအထိ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု
တွေကို မှတ်တမ်းတင်ထားတဲ့ နောက်ဆက်တွဲအစီရင်ခံစာလည်းဖြစ်တယ်လို့ ပြောပါ
တယ်။

ဖမ်းဆီးမှုတွေ၊ နောက် အကျဉ်းထောင်ထဲက အခြေအနေတွေ၊ နောက် တရားစီရင်မှု
တွေနဲ့ပတ်သက်လို့ အသေးစိတ်ဖော်ပြတဲ့ နောက်ဆက်တွဲ အစီရင်ခံစာ ဖြစ်ပါတယ်လို့
ပြောပါတယ်။

အခု မစ္စတာပင်ညဲရိုးပြောခဲ့သလိုပဲ အဖမ်းအဆီးတွေ မြန်မာနိုင်ငံတွင်းဆက်ဖြစ်နေတဲ့
အထဲမှာ အခု ဒီတပတ်အတွင်းမှာကို အနည်းဆုံး နိုင်ငံရေးလှုပ်ရှားသူ ၁၀ ဦးလောက် အဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်
က ပြောခွင့်ရကျောင်းသူ မနှင်းပွင့်ဝေက သူတို့သိထားသမျှကို အခုလို ပြောပြခဲ့ပါတယ်။

“ပထမဆုံးတယောက်အနေနဲ့ ကိုသက်ပိုင်ကို ပြောရပါမယ်။ သူက အသက် ၂၀၊ စီးပွား
တက္ကသိုလ် ကျောင်းသားတယောက်ပါ။ သာကေတမှာ နေပါတယ်။ ဗကသ
ကျောင်းသားခေါင်းဆောင် ကိုလင်းထက်နိုင်ရဲ့အမေ ဒေါ်ကြည်ကြည်မြင့်နဲ့ သူ့သူငယ်
ချင်း မသွယ်သွယ်အောင်၊ ကိုစည်သူကျော်ဝင်း၊ မနန္ဒာနေဝင်း သူတို့ ငါးယောက်ကို
မတ်လ ငါးရက်နေ့ နေ့လယ်ပိုင်းမှာ နေအိမ်မှာ လာပြီး ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ရပ်ကွက်ထဲမှာ ပြောဆိုနေတာကို ကြားရတာကတော့ ဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး ဝေဖန်
ပြောဆိုလို့ ဖမ်းဆီးသွားတယ်လို့ ကြားရပါ်တယ်။ ကျန်တဲ့ လေးယောက်ကိုတော့ ညနေ
ပိုင်းမှာ ပြန်လွှတ်လိုက်ပြီးတော့ ကိုသက်ပိုင်စိုးကိုတော့ သာကေတရဲစခန်းမှာ ဖမ်းဆီး ချုပ်နှောင်ထားတယ်လို့ ကြားရပါတယ်။ နောက်တခုက ဒေါပုံက ကိုအုန်းကျော်၊ လှိုင်က
ကိုသန်းဇော်၊ အင်းစိန်က ကိုဇော်မင်းတို့ လူငယ်သုံးယောက်ကို မတ်လ ၆ ရက်နေ့ ကြာသပတေးနေ့မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ လမ်းမှာဖမ်းဆီးခံရ
တယ်လို့ သိရပါတယ်။ နောက်ပြီး ကိုအောင်အောင်(ခေါ်) ကိုထက်၊ ကိုအောင်ကျော်ဦး
တို့ ကျောင်းသားလူငယ်နှစ်ယောက်ကိုတော့ မတ်လ ၆ ရက်နေ့ အိမ်မှာနဲ့ လမ်းမှာ
ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။ သူတို့နှစ်ယောက်ကို ဘယ်မှာထားသလဲဆိုတာက
တော့ သေချာ မသိသေးပါဘူး။”

အာဏာပိုင်တွေကနေပြီး အခုလို ကျောင်းသားလူငယ်တွေကို ဖမ်းဆီးတာတွေ လုပ်
လာတာတွေဟာ၊ နောက်ပိုင်းလှုပ်ရှားမှုတွေအတွက် ထိခိုက်မှုမဖြစ်နိုင်ဘူးလား။

“မဖြစ်နိုင်ပါဘူးရှင့်။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့အနေနဲ့က ဆက်ပြီးတော့ လုပ်
သွားမှာပါ။ ဖမ်းဟယ် ဆီးဟယ် လုပ်နေပြီးတော့ အခု ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေဟာ အတည်ဖြစ်သွားရင် ဒီထက်ပိုဆိုးလာမှာပါ။ လူတွေကို မတရားဖမ်းဆီးခြိမ်းခြောက်ပြီး၊ ထောင်ချပြီးတော့ အဓ္ဓမ အတည်ပြုတော့မယ့် ဖွဲ့စည်းအုပ်ချုုပ်ပုံအခြေခံဥပဒေဟာ
ဘယ်နည်းနဲ့မှ ပြည်သူတွေကို ကောင်းကျိုးပြုမှာ မဟုတ်ပါဘူး။ ကျမတို့က အခြားအခြား
သော ကျောင်းသားလူငယ်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တွေ၊ မဟာမိတ်
လူငယ်တွေ၊ အဖွဲ့အစည်းတွေအားလုံး ပူးပေါင်းပြီးတော့ အကြမ်းမဖက် ငြိမ်းချမ်းသော လှုပ်ရှားမှုတွေကနေတဆင့် ဆန္ဒဖော်ထုတ်သွားမှာပါ။”

ဗကသများအဖွဲ့ချုပ်က ကျောင်းသူ မနှင်းပွင့်ဝေဖြစ်ပါတယ်။ အခုနောက်ပိုင်း ဖမ်းဆီးမှု
တွေနဲ့ပတ်သက်လို့တော့ စစ်အစိုးရဖက်က တစုံတရာပြောဆိုတာမရှိသလို သူတို့ကို ဖမ်းဆီးထားတယ်ဆိုတဲ့ ရဲစခန်းတွေကို ဆက်သွယ်တော့လည်း တုန့်ပြန်ချက်မရပါဘူး။
ဒါပေမယ့် အခုလို ဒီရက်ပိုင်းအတွင်း အဖမ်းအဆီးတွေ ပိုစိတ်လာသလိုပဲ အစိုးရ
ဆန့်ကျင်ရေး စာရွက်စာတမ်း ပိုစတာ ဖြန့်တာတွေ၊ ဗီဒီယိုစီဒီ ဖြန့်တာတွေဟာလည်း
အခုရက်ပိုင်းအတွင်း ပိုများလာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG