သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လူ့အခွင့်အရေး အစီရင်ခံစာ မြန်မာနိုင်ငံအခြေအနေ ဆိုးရွားနေဆဲ


အမေရိကန်နိုင်ငံခြားရေး ဌာနက ထုတ်ပြန်ခဲ့တဲ့ ၂၀၀၇ခုနှစ်လူ့အခွင့်အရေး အစီရင်ခံစာထဲမှာ ၂၀၀၆ခုနှစ် အစီရင်ခံစာထဲက လူ့အခွင့်အရေး ချိုးဖောက်တဲ့ နိုင်ငံတွေတော်တော်များများ ဆက်ပြီးပါဝင်နေပါတယ်။

အစိုးရမဟုတ်တဲ့ သတင်းဌာနတွေကို ပြည်သူတွေ လက်လှမ်းမမီနိုင်အောင် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာတွေ၊ အတိုက်အခံတွေကို ပြင်းပြင်ထန်ထန် ဖိနှိပ်ထားတာတွေကြောင့် တရုတ်ပြည်ဟာ နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုကို ခံနေရဆဲပါ။ ဒါပေမဲ့ အဆိုးဆုံး ၁၀နိုင်ငံစာရင်းထဲကတော့ တရုတ်နိုင်ငံကို လျော့ချလိုက်ပါပြီ။

ကမ္ဘာပေါ်မှာ အဆိုးဆုံး ဖိနှိပ်ချုပ်ချယ်တဲ့ နိုင်ငံအဖြစ်တော့ မြောက်ကိုရီးယားကို သတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံကိုတော့ အတိုက်အခံတွေကို ဆက်လက် နှိမ်နှင်းနေဆဲဖြစ်တယ်၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေအိမ်မှာ အကျယ်ချုပ်ချခံထားဆဲဖြစ်တယ်လို့ အစီရင်ခံစာကဆိုပါတယ်။

ကျူးဘားနိုင်ငံမှာ ကက်စထရိုရဲ့ ညီကို အာဏာလွဲပြောင်းမှုတွေ ဖြစ်ပေါ်ပေမယ့် ဒီမိုကရေစီပြောင်းလဲမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာတော့ တိုးတက်မှုမရှိပါဘူး။

လွတ်လပ်တဲ့ သတင်းဌာနတွေကို အတင်းအကျပ် တားဆီးပိတ်ပင်မှုတွေ၊ နိုင်ငံတော် အရေးပေါ် အက်ဥပဒေကို ထုတ်ပြန်ပြီး တရားရုံးချုပ်က တရားသူကြီးတွေကို ပြောင်းလဲဖယ်ရှားမှုတွေကြောင့် ပါကစ္စတန်အစိုးရကိုလည်း ဖော်ညွန်းထားပါတယ်။

အီရန်နိုင်ငံဟာ သဘောထားကွဲလွဲသူတွေကို ဖိနှိပ်ချုပ်ချယ် နေတယ်၊ ဘာသာရေးကို အခြေခံတဲ့ အုပ်ချုပ်သူအစိုးရကို စိန်ခေါ်သူမှန်သမျှ နိုင်ငံရေးလှုပ်ရှားခွင့်တွေ ပိတ်ပင်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဆူဒါန်အစိုးရဟာ ဒါဖောနဲ့ ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာ နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းတပ်တွေကို ဝင်ရောက်ဖို့ကို ကန့်ကွက်ဟန့်တားထားတယ်လို့ လည်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ်ကတော့ လူ့အခွင့်အရေးကြိုးပမ်းသူတွေရဲ့ သတ္တိကို လေးစားဂုဏ်ပြုကြောင်း ပြောဆိုပါတယ်။

ရပ်ရှားနိုင်ငံရဲ့ ရွေးကောက်ပွဲကိုင်တွယ်မှုတွေကိုလည်း မီမောင်းထိုးပြထားပါတယ်။ အတိုက်အခံ ပါတီကို မဲဆန္ဒပေးဖို့အတွက် ကြိုတင် စာရင်းသွင်းတာတွေ၊ စည်းရုံးလှုံ့ဆော်တာတွေ၊ သတင်း ဌာနတွေကို ချဉ်းကပ်တာတွေကို သမ္မတ ဗလာဒီမာ ပူတင်နဲ့ သူ့ရဲ့ အစိုးရအဖွဲ့က ပိတ်ပင် တားမြစ်တာတွေ ပြင်းပြင်းထန်ထန် ပြုလုပ်နေတယ်လို့ အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။

အစီရင်ခံစာထဲမှာ အီရက်နိုင်ငံကိုတော့ ခေါင်းဆောင်မှုပိုင်းတွေမှာ ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေ၊ ကာကွယ်စောင့်ရှောက်မှုတွေအတွက် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးဘူးလို့ဆိုပါတယ်။

ဒီအစီရင်ခံစာကို ဝန်ကြီး ရိုက်စ်နဲ့အတူ သူ့ရဲ့ လက်ထောက် ဂျွန်နသန် ဖာရာက တင်ပြသွားပါတယ်။

နှစ်စဉ် ကမ္ဘာပေါ်မှာရှိတဲ့ အမေရိကန် သံရုံးတွေက ပေးပို့တဲ့ သတင်းအချက်အလက်တွေကို ပူးပေါင်းပြီး အစီရင်ခံစာကို ထုတ်ပြန်တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG