သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေးနေ့ အကျဉ်းသားများ လွှတ်ပေးရေး လှုပ်ရှားမှုများ


ဒီနေ့ကျရောက်တဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေး
နေ့မှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ် မြောက်ရေးလှုပ်ရှားမှုကို ကမ္ဘာပေါ်က နိုင်ငံ
ငါးနိုင်ငံမှာ တရက်တည်း၊ တပြိုင်နက်တည်း ကျင်းပကြပါတယ်။ ထိုင်းနိုင်ငံမှာကျင်းပတဲ့
လှုပ်ရှားမှုအကြောင်းကို ဘန်ကောက်ရောက်
ဗွီအိုအေဝိုင်းတော်သား ကိုသားညွန့်ဦးက စုစည်းတင်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာလုပ်တဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုကို ဘန်ကောက်
မြို့က ခရစ်ယာန်ကျောင်းသားများရိပ်သာ (Student Christian Center) မှာ ပြုလုပ်ခဲ့ပါ
တယ်။ အဲဒီမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာဓာတ်ပုံတွေ၊
၁၉၈၈ ခုနှစ်အရေးအခင်းနဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာလတုန်းက စစ်တပ်က ဆန္ဒပြသူ
တွေကို အကြမ်းဖက် ပစ်ခတ်ထားတဲ့ ဓာတ်ပုံတွေကို ခင်းကျင်းပြသထားပါတယ်။

ဒါ့အပြင် မြန်မာ့နိုင်ငံရေး၊ နိုင်ငံရေးအကျဉ်းသားတွေ အရေးကိစ္စနဲ့ပတ်သက်လို့
ဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ကြပါတယ်။ ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်္ဂလန်၊
ကနေဒါ ငါးနိုင်ငံမှာ ဒီနေ့ မတ်လ ၁၃ ရက်နေ့ မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ လှုပ်ရှား
မှုကို တနေ့တည်း ပြုလုပ်ကြတာ ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
နဲ့ မြန်မာ့ဒီမိုကရေစီရေးအင်အားစု (အက်ဖ်ဒီဘီ) တို့က ပူးတွဲဆောင်ရွက်ခဲ့ကြတာ
ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုနဲ့ပတ်သက်ပြီး အေအေပီပီ အတွင်းရေးမှူး ကိုတိတ်နိုင်က
ဗွီအိုအေကို အခုလိုပြောထားပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှွတ်ပေးဖို့အတွက်၊ ပြန်လွတ်နိုင်အောင်
အတွက် တကမ္ဘာလုံးကနေ ဝိုင်းဝန်းဖိအားပေးဖို့ အဓိက ရည်ရွယ်ပါတယ်။ ကျနော်တို့
ကတော့ ဓာတ်ပုံပြပွဲတွေလုပ်မယ်။ ဒီနေ့ဆိုရင် ဓာတ်ပုံပေါင်း ၃၀၀ ကျော်ကို ပြသထား
ပါတယ်။ အဲဒါက အကျဉ်းထောင်တွေရဲ့ အခြေအနေ၊ အကျဉ်းထောင်ထဲမှာ ကျဆုံးသွား
တဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ပုံတွေ၊ လူသိများတဲ့သူတွေရဲ့ဓာတ်ပုံတွေ၊ သူတို့ရဲ့
Profile တချို့ကို ပြသထားပါတယ်။

“လက်မှတ်စုဆောင်းရေးကိုလည်း ကျနော်တို့ ဆက်လုပ်သွားမှာပါ။ လက်မှတ်စုဆောင်း
တာကတော့ ဒီနေ့ကနေပြီးတော့ ရှစ်လေးလုံး နှစ် ၂၀ ပြည့်၊ သြဂုတ်လ ၈ ရက်နေ့အထိ စုဆောင်းသွားမှာပါ။ အဲဒါက အွန်လိုင်းရော၊ အွန်ပေပါရော စုဆောင်းမှာဖြစ်ပါတယ်။
ကျနော်တို့ ရည်မှန်းထားတာတော့ လက်မှတ်ပေါင်း ရှစ်သိန်း ရှစ်သောင်း ရှစ်ထောင်
ရှစ်ရာ ရှစ်ဆယ့်ရှစ်ခု (၈၈၈၈၈၈) အထိရအောင် စုဆောင်းသွားပါမယ်။ ပြီးရင်
ဒီလက်မှတ်တွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအထိ ဆက်လက်သယ်ဆောင်သွား
ပြီး နိုင်ငံတကာကနေပြီး နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ပိုပြီး
ထိရောက်တဲ့၊ ပိုပြီးမြန်ဆန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ဖို့ ဆက်ပြီး တွန်းအားပေးသွားမှာပါ။”
အေအေပီပီ အတွင်းရေးမှူး ကိုတိတ်နိုင် ပြောသွားတာပါ။

ဘန်ကောက်မှာလုပ်တဲ့ ဒီနေ့ဆွေးနွေးပွဲမှာတော့ ထိုင်းလူ့အခွင့်အရေး ကော်မရှင်နာ
အမျိုးသမီး မစ္စဆူနီချိုင်ရော့ဒ် (Ms. Sunee Chairod)၊ ထိုင်းရှေ့နေများကောင်စီက
မစ္စတာ ဆူရာပွန် ခွန်ချမ်တုခ် (Mr. Surapong Kongchantuk)၊ နိုင်ငံတကာလွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဒါရိုက်တာ မစ္စတာ ဘွန်တန် တန်ဆူထက်ပ်
ဗီရာဗွန် (Mr. Boontan Tansuthep-veravong) နဲ့ အေအေပီပီရဲ့ တွဲဖက်အတွင်း
ရေးမှူး ကိုဘိုကြည်တို့က အဓိက ဆွေးနွေးပြောဆိုခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးအခြေအနေ၊ လူ့အခွင့်အရေး အခြေအနေနဲ့
ပတ်သက်ပြီး သူတို့ရဲ့ သဘောထားအမြင်တွေကို တင်ပြခဲ့ကြတာပါ။ အများစုကတော့ ထိုင်းဘာသာစကားနဲ့ ဆွေးနွေးပါတယ်။

ဆွေးနွေးပွဲကို မြန်မာ့ဒီမိုကရေစီရေး အားပေးလှုပ်ရှားသူ ထိုင်းနိုင်ငံသားတွေ၊ သတင်း
ထောက်တွေ၊ အခြားနိုင်ငံခြားသားတွေနဲ့ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာ့အရေးလှုပ်ရှား
သူ မြန်မာတွေ စုစုပေါင်း ၆၀ ဝန်းကျင်လောက် တက်ရောက်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG