သုံးရလွယ်ကူစေသည့် Link များ

ထိုင်းဝန်ကြီးချုပ် မြန်မာခရီးစဉ်အတွင်း ဆန္ဒခံယူပွဲ အတွေ့အကြုံ ဖလှယ်ဖို့ ကမ်းလှမ်းမည်


ထိုင်းဝန်ကြီးချုပ်အသစ် ဆမတ် ဆွန်ထရာဝေး
(Samak Sundaravej) ဟာ မနက်ဖြန်ဆိုရင်
မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ သူနဲ့
အတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုပဒွန် ပထမ
(Noppadon Pattama) လည်း ပါဝင်သွားမှာပါ။ ထိုင်းနိုင်ငံအနေနဲ့ နှစ်ဖက်ဆက်စပ်နေတဲ့ ကိစ္စရပ်
တွေအပြင် မြန်မာအစိုးရဘက်ကလက်ခံရင်
ထိုင်းရဲ့ဆန္ဒခံယူပွဲ အတွေ့အကြုံကို မျှဝေလိုတယ်
လို့ ဒီကနေ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုပဒွန်
ပထမနဲ့ ဗွီအိုအေမြန်မာပိုင်းတို့ သီးသန့်တွေ့ဆုံ
မေးမြန်းခန်းမှာ ပြောဆိုသွားပါတယ်။ အပြည့်အစုံကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရောက်
ဗွီအိုအေ၀ိုင်းတော်သား ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မစ္စတာဆမတ်ဟာ သူဝန်ကြီးချုပ်တာဝန်နဲ့ ပထမဆုံး မြန်မာနိုင်ငံကို သွားရောက်မှာပါ။
ခရီးစဉ်ဟာ တရက်ပဲကြာမှာဖြစ်ပေမယ့် မြို့တော်သစ် နေပြည်တော်နဲ့ ရန်ကုန်မြို့
နှစ်မြို့လုံးကို သွားရောက်မှာဖြစ်ပါတယ်။ ခရီးစဉ်အတွင်း မြန်မာအစိုးရနဲ့ဆွေးနွေးမယ့် အဓိကအကြောင်းအရာကတော့ စီးပွားရေးကိစ္စတွေနဲ့ ပတ်သက်တယ်လို့ ပြောရမှာပါ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုပဒွန် ပထမကတော့ သူတို့ဆွေးနွေးဖြစ်မယ့် အကြောင်း
အရာတွေကို ဗွီအိုအေကို အခုလိုပြောပါတယ်။

သူတို့အနေနဲ့ နှစ်ဖက်အပြန်အလှန်ပတ်သက်တဲ့ အကြောင်းရပ် အတော်များများကို ဆွေးနွေးသွားမှာပါ။ ဒီထဲမှာ စွမ်းအင်ကိစ္စ၊ လမ်းဖောက်လုပ်ရေးကိစ္စ၊ ဒုက္ခသည်တွေ
ကိစ္စ၊ နောက် ထိုင်းမှာရှိတဲ့ တရားမ၀င်မြန်မာအလုပ်သမားကိစ္စတွေ ပါဝင်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ နိုင်ငံတကာက စိုးရိမ်မှုဖြစ်နေတဲ့ ဒီမိုကရေစီ
လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့လည်း ထိုင်းနိုင်ငံအနေနဲ့ ပြောဖို့ဆိုဖို့ရှိမယ်လို့ ယူဆရပါ
တယ်။ ဒါပေမယ့် မြန်မာအစိုးရနဲ့ သိပ်ပြီးတော့ မျက်နှာနာရမယ့် အခြေအနေကိုတော့
ရင်ဆိုင်လိုတဲ့ပုံ မရှိပါဘူး။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အခုလိုပြောခဲ့ပါတယ်။

ဆန္ဒခံယူပွဲနဲ့ပတ်သက်လို့ သူတို့ရဲ့အတွေ့အကြုံတွေကို မျှဝေချင်ပါတယ်။ အခုလုပ်မယ့်
မြန်မာနိုင်ငံက ဆန္ဒခံယူပွဲကို အများက ယုံကြည်စိတ်ချမှုရှိတာ၊ နောက် အားလုံးပါဝင် ပတ်သက်ခွင့်ရှိတာ မြင်လိုပါတယ်။ တကယ်လို့သာ မြန်မာအစိုးရဘက်က လက်ခံမယ်
ဆိုရင် သူတို့အနေနဲ့ သူတို့အတွေ့အကြုံတွေ၊ အချက်အလက်တွေ၊ သတင်းတွေ မျှဝေ
လိုပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ကတော့ အခုလက်ရှိ နိုင်ငံတကာက၊ အထူးသဖြင့် ကုလသမဂ္ဂ ဆောင်ရွက်မှုတွေဟာ တစုံတရာ ရလဒ်ရှိနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက
ပြောပါတယ်။

အရင်တုန်းက ဘန်ကောက်လုပ်ငန်းစဉ်ဆိုပြီး သူတို့ ကြိုးပမ်းခဲ့ဖူးတာရှိပါတယ်။
မအောင်မြင်ဘူးလို့ ဆိုကောင်းဆိုနိုင်ပါတယ်။ ဒါပေမယ့် ပထမအကြိမ် မအောင်မြင်ရင်
လည်း နောက်ဆက်ပြီးကြိုးစားရမယ်လို့ မြင်ပါတယ်။ ဒါ့အပြင် သူတို့အနေနဲ့ ကုလ
သမဂ္ဂနဲ့လည်း လက်တွဲဆောင်ရွက်သွားမှာပါ။ မစ္စတာဂမ်ဘာရီ အခုဆောင်ရွက်နေ
တာတွေကို ထိုင်းနိုင်ငံက ထောက်ခံထားပါတယ်။ အခုခရီးစဉ်က မအောင်မြင်ဘူးလို့ ပြောလို့မရပါဘူး။ ဒါဟာ လုပ်ငန်းစဉ်ပါ၊ ဖြစ်ရပ်မဟုတ်ပါဘူး။ ဒါကြောင့် သူ မြန်မာ
နိုင်ငံကို ထပ်သွားကောင်းသွားနိုင်ပါတယ်။ အနည်းဆုံးတော့ သူ့အနေနဲ့ သက်ဆိုင်သူ
တွေနဲ့ တွေ့ဆုံဆွေးနွေးနေနိုင်ပါတယ်။

ထိုင်းနိုင်ငံဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်လည်း မကြာခင်ယူတော့မှာဆိုတော့
ဒီတာဝန်ကိုသုံးပြီး မြန်မာအရေးကိစ္စကို ကိုင်တွယ်သွားမယ်၊ ဘန်ကောက်လုပ်ငန်းစဉ်
ကို ပြန်အသက်သွင်းနိုင်ဖို့ စဉ်းစားထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့
ပါတယ်။

ထိုင်းနိုင်ငံဟာ အာဆီယံအလှည့်ကျတာဝန်ကို အခု ဇွန်လမှာ ယူမှာပါ။ မြန်မာနိုင်ငံကိစ္စ
နဲ့ပတ်သက်လို့ ပြောဆိုဖျောင်းဖျဖို့ သူတို့အနေနဲ့ အာဆီယံရဲ့ ဆောင်ရွက်နိုင်တာတွေကို အသုံးချသွားမှာပါ။ ဒါ့အပြင် ဘန်ကောက်လုပ်ငန်းစဉ်ဆိုတာကို ပြန်လုပ်နိုင်ဖို့ စဉ်းစား
သွားမှာပါ။ လက်ခံနိုင်စရာ ရလဒ်တွေထွက်လာဖို့ ဒီလုပ်ငန်းစဉ်ကို ရှေ့ဆက်နိုင်အောင် ဆောင်ရွက်မှာပါ။ ဒီအတွက် အာဆီယံနိုင်ငံတွေ တရုတ်၊ အိန္ဒိယ၊ ကုလသမဂ္ဂတို့နဲ့ တွဲဖက်ဆောင်ရွက်သွားမှာပါလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုပဒွန် ပထမက ဗွီအိုအေကို ပြောခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG